ဟားခါးတက္ကသိုလ်ဖွင့်လှစ်သော်လည်း ကျောင်းသူ/သားများ တက်ရောက်သူမရှိ

ဟားခါးတက္ကသိုလ်ဖွင့်လှစ်သော်လည်း ကျောင်းသူ/သားများ တက်ရောက်သူမရှိ

အာဏာသိမ်းစစ်ကောင်စီက မေလ ၅ ရက်နေ့ကစ၍ တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ချင်းပြည်နယ်၊ ဟားခါးတက္ကသိုလ်တွင် ယနေ့အချိန်အထိ ကျောင်းလာတက်ရောက်သည့် ကျောင်းသူ/သားများမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာလျန်ဇာခုပ် “ကျောင်းသားတွေ ရောက်/မရောက်က သင်တန်းရေးရာကိုပဲ တာဝန်ပေးထားတာ၊ မနေ့ကအထိတော့ ရောက်လာတဲ့သူမရှိသေးဘူး၊ တချို့က ကျောင်းထဲလာပြီးမှ ကျောင်းမတက်တာ အဲ့လိုမျိုးတော့ရှိတယ်။ ကျောင်းဆရာ/မတွေတော့ ရောက်နေပြီ၊ စာသင်မယ်ဆိုရင် ရတယ်၊ စာသင်ဖို့တော့ မေဂျာလိုက်တော့ရှိတယ်” ဟု ပြောသည်။

ဟားခါးတက္ကသိုလ်တွင် မဟာတန်း၊ နောက်ဆုံးနှစ်အတန်းများနှင့် ဂုဏ်ထူးတန်း ဒုတိယနှစ်များအတွက် ဖွင့်ပေးခဲ့ပြီး မေဂျာအလိုက် တက်ရောက်ကြမည့် ကျောင်းသူ/သား ၁၁၂ ဦးရှိသည်ဟု သိရသော်လည်း ယနေ့ချိန်ထိ တစ်ဦးတစ်ယောက်မှ တက်ရောက်ခြင်း မရှိကြခြင်းဖြစ်သည်။

ဟားခါးမြို့မှ တက္ကသိုလ်ကျောင်းသူတစ်ဦးက “ဆရာ/မတွေ အကုန်လုံးကလည်း CDM အကုန်လုပ်ကြတယ်၊ မှန်မှန်ကန်ကန်နဲ့ ရွေးချယ်ထားတဲ့ အစိုးရမဟုတ်ပဲနဲ့ ဒီတိုင်း အာဏာသိမ်းပြီးတော့ တက်လာတဲ့အစိုးရလက်အောက်မှာ ကျောင်းသားတွေတော်တော်များများကလည်း အသက်ပေးရတယ်၊ အသက်ဆုံးရှုံးရတဲ့ကြားထဲမှာ ကျွန်မတို့အနေနဲ့ ကျွန်မတို့ရွေးချယ်ထားတဲ့ အစိုးရလည်းမဟုတ်ဘူး၊ အတင်းအဓမ္မယူထားတဲ့ အစိုးရရဲ့ လက်အောက်၊ သွေးစွန်းထားတဲ့သူတို့ရဲ့ လက်အောက်မှာ ပညာမသင်ချင်လို့ မတက်တာပါ” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်တို့မှ ပါရဂူဘွဲ့ကြိုတန်း၊ မဟာတန်းနှင့် နောက်ဆုံးနှစ်အတန်း၊ နည်းပညာ၊ အသက်မွေးပညာ၊ စက်မှုလက်မှုသိပ္ပံကျောင်းတို့မှ နောက်ဆုံးနှစ်အတန်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း နောက်ဆုံးနှစ်အတန်းများကို မေလ ၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတဝန်းလုံးရှိ တက္ကသိုလ်ကျောင်းသားအများစုသည်လည်း စစ်ကောင်စီလက်အောက်တွင် ကျောင်းပြန်မတက်နိုင်ဟုဆိုကာ ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားလျှက်ရှိသည့်အပြင် ကျောင်းဆရာ/ဆရာမအများစုသည်လည်း CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသည်ဟု သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...