မြန်မာက ဆီးရီးယားလိုဖြစ်နိုင်လား

မြန်မာက ဆီးရီးယားလိုဖြစ်နိုင်လား
 Caption-ဆီးရီးယားစစ်ပွဲအတွင်းက မြို့ပျက်ကြီး( Internet)
Caption-ဆီးရီးယားစစ်ပွဲအတွင်းက မြို့ပျက်ကြီး( Internet)

ချစ်မင်းထွန်း

(April 19, 2021)

မြန်မာနိုင်ငံဟာ လက်ရှိ နိုင်ငံရေး အကြပ်အတည်းကို မဖြေရှင်းနိုင်ရင် ဆီးရီးယားလို ဖြစ်မှာ စိုးရိမ်ရတယ်လို့ ကုလ သမဂ္ဂက အရာရှိတစ်ဦးက မှတ်ချက်ပြုလိုက်တဲ့အခါမှာ မြန်မာနိုင်ငံသားတွေကြားမှာ မေးခွန်းထုတ်မှု တွေ ရှိလာသလို ဆွေးနွေးငြင်းခုံတာတွေလည်း ဖြစ်လာပါတယ်။

အမှန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ နိုင်ငံသားတွေကြားက အခြေအနေတွေကို နိုင်ငံတကာက သေသေချာချာ နားလည်မယ်ဆိုရင် အထက်ပါ မှတ်ချက်ကို ပေးမှာမဟုတ်ပါဘူး။ နားမလည်တဲ့အတွက် ပေး တယ်လို့ပဲ မြင်ပါတယ်။

သေချာတာကတော့ မြန်မာနိုင်ငံဟာ ဆီးရီးယားလို ဖြစ်စရာ မရှိပါဘူး၊ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်ဆို နိုင်ငံရေး အခြေအနေ၊ နိုင်ငံတွင်း စစ်ရေး အခြေအနေ၊ ပြည်ပနိုင်ငံတွေရဲ့ ပါဝင်နိုင်မှု အခြေအနေ၊ နိုင်ငံတွင်း နိုင်ငံသား တွေရဲ့ စိတ်အရင်းခံ အခြေအနေ စတဲ့ အခြေအနေတွေက အရမ်း ကွဲပြားခြားနား လွန်းနေလို့ပဲ ဖြစ်ပါတယ်။

ဆီးရီးယား စစ်ပွဲ

******************

၂၀၁၁ ခုနှစ်၊ မတ်လမှာ စတင်ခဲ့တဲ့ ဆီးရီးယားနိုင်ငံတွင်းက စစ်ပွဲဟာ ဆီးရီးယားအစိုးရ အာဆတ်ရဲ့စစ်တပ်နဲ့ ဆီးရီးယားပြည်သူတွေရဲ့ လွတ်မြောက်ရေးတပ်ဖွဲ့ကြားက တိုက်ပွဲထက် ဂျီဟတ်စစ်ပွဲကို ဆင်နွှဲနေတဲ့ ISIS နဲ့ ဖြစ်တဲ့ တိုက်ပွဲပါ။

ISIS ဟာ ဆီးရီးယားနိုင်ငံရဲ့အရှေ့ပိုင်း ဒေသတစ်ခွင်ကို သိမ်းပိုက်ခဲ့ပြီး အစ္စလာမ်မစ်နိုင်ငံအဖြစ် ကြေညာပြီး တော့ ဂျီဟတ်စစ်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံတလွှားက ISIS ထောက်ခံသူတွေ ဆီးရီးယားကို လာ ရောက်ပြီးတော့ ISIS ဘက်ကနေ တိုက်ခိုက်ပေးခဲ့တာပါ။

ဆိုတော့ ဂျီဟတ် စစ်ပွဲကို ဆင်နွှဲနေတဲ့ ISIS ကို ကမ္ဘာက လက်မခံပါဘူး၊ ဒါနဲ့ အမေရိကန်တပ်ဖွဲ့၊ ဆော်ဒီ ညွန့်ပေါင်း တပ်ဖွဲ့၊ ရုရှား၊ တူရကီ၊ အီရန် စတဲ့ နိုင်ငံတကာ စစ်တပ်တွေနဲ့ ဆီးရီးယားဒေသတွင်း ကာဒ့်တပ်ဖွဲ့ တွေပါ ပါဝင် တိုက်ခိုက်လာခဲ့ကြတာပါ။

အဲလို တိုက်ခိုက်တဲ့အခါမှာမှ ဆီးရီးယားနိုင်ငံဟာ မြို့ပျက်ကြီးတွေ ဖြစ်လာပြီး လူပေါင်း ၄ သိန်းဝန်းကျင် သေဆုံးခဲ့သလို လူပေါင်း ၆ သန်း နေရပ်စွန့်ခွာ ဒုက္ခသည်တွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း ၅ သန်းခွဲက တော့ ပြည်ပနိုင်ငံတွေဘက်ကို ထွက်ခွာသွားကြတဲ့ နေရပ်စွန့်ခွာဒုက္ခသည်တွေ ဖြစ်ခဲ့ကြပါတယ်။

ISIS နဲ့ ဆီးရီးယားနိုင်ငံထဲက စစ်ပွဲ

**********************************

ISIS ဟာ သာမန် စစ်တပ်ကို ပိုင်ဆိုင်ထားတာမဟုတ်ပါဘူး၊ သူ့မှာ လေကြောင်းရန် ကာကွယ်ရေး ခရုဒုံးတွေ၊ ဟောင်ဝပ်ဇာ အမြောက်တွေ၊ သံဂျပ်ကာ ကားတွေ၊ အမြောက်တပ်တွေ၊ နည်းပညာသမားတွေ၊ အသေခံ ဗုံး ခွဲ သမားတွေ စတာတွေကို ပိုင်ဆိုင်ထားသလို လူအင်အားနဲ့ ငွေအင်အားကလည်း ကမ္ဘာနိုင်ငံအသီးသီးက လာရောက်ကြသလို တချို့နိုင်ငံတွေက ထောက်ပံ့ပေးတာတွေလည်း ရှိလို တောင့်တင်းပါတယ်။

ဒီလို တောင့်တင်းတဲ့ ISIS အဖွဲ့ဟာ ဆီးရီယားနိုင်ငံထဲမှာ အခြေကုပ် စခန်းယူပြီးတော့ ဆီးရီးယားနိုင်ငံရဲ့ နယ်မြေတွေကို သိမ်းပိုက်ရင် ဂျီဟတ်စစ်ပွဲကို ဆင်နွှဲခဲ့တာပါ၊ အဲနောက်မှာတော့ အစ္စလာမ်မစ် နိုင်ငံဆိုပြီးတော့ ထူထောင်ခဲ့ပါတယ်။ ဒါကြောင့် ဂျီဟတ်စစ်ကို ဆင်နွှဲနေတဲ့ ISIS ကို တိုက်ခိုက်ဖို့အတွက် ဆီးရီးယားနိုင်ငံက ပြင်ဆင်ပါတယ် ဒေသတွင်း နိုင်ငံရေးအရလည်း ဆီးရီးယားပြည်သူတွေက အာဆတ်ကို မထောက်ခံတဲ့အတွက် ရုရှားကို ကျောထောက်နောက်ခံယူပြီးတော့ ISIS ကို တိုက်ခိုက်ပါတယ်။

ပြီးတော့ ကာဒ့်လူမျိုး ကာဒ့်သူပုန်တပ်ဖွဲ့ကိုလည်း တိုက်ခိုက်ပါတယ်။ ကာဒ့်လူမျိုး ကာဒ့်သူပုန် တပ်ဖွဲ့ကတော့ ISIS ကိုတိုက်ခိုက်ပေးတဲ့အတွက် အမေရိကန်နဲ့ညွန့်ပေါင်း တပ်ဖွဲ့တွေရဲ့ ထောက်ခံမှုကို ရပါတယ်။ အမေရိကန်တပ်တွေက လေကြောင်းကနေ ပစ်ပေးပြီးတော့ ကာဒ့်သူပုန်တပ်ဖွဲ့ဝင်တွေက မြေပြင်ကနေ ထိုးစစ်ဆင် တိုက်ခိုက် ပေးရပါတယ်။

ဆီးရီးယားနိုင်ငံက အီရတ်နဲ့လည်း အိမ်နီးချင်းနိုင်ငံဖြစ်တယ်၊ နောက်တစ်ခုက ဆော်ဒီကို ရေနံတင်ပို့တဲ့ လမ်း ကြောင်းကလည်း အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတော့ ဆော်ဒီညွန့်ပေါင်းတပ်ကလည်း ISIS ကို တိုက်ခိုက် ခဲ့ပါတယ်။ ဒါကြောင့် ISIS ရဲ့ ဆီးရီးယားနိုင်ငံအတွင်းမှာ ဆင်နွှဲတဲ့ ဂျီဟတ်စစ်ပွဲမှာ ISIS က ကာဒ့်သူပုန်၊ အမေရိကန်၊ ဆော်ဒီညွန့်ပေါင်းတပ်၊ ရုရှားထောက်ခံမှုနဲ့ဆီးရီးယားစစ်တပ်တို့နဲ့ တိုက်ခိုက်ခဲ့ရပါတယ်။

အီရန်နိုင်ငံကလည်း ဆီးရီးယားနိုင်ငံရဲ့ အာဆတ် အစိုးရကို ထောက်ခံပေးထားပြီး ဆီးရီးယားစစ်ပွဲအတွင်းမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပါတယ်။ ဘာကြောင့်ဆို ကာဒ့်တပ်ဖွဲ့ရဲ့ ကာဒ့် လူမျိုးများ လွတ်မြောက်ရေး ကြိုးပမ်းနေမှုကို ထိန်းချုပ်နိုင်ဖို့အတွက်နဲ့ တခြားသော နိုင်ငံရေး-စစ်ရေး အကျိုး အမြတ်တွေကြောင့်ပဲ ဖြစ်ပါ တယ်။

ဆီးရီးယားစစ်ပွဲမှာ တူရကီ ပါဝင်လာမှု

***************************************

အထက်မှာ တင်ပြခဲ့တာကတော့ ဆီးရီးယားနိုင်ငံထဲမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲနဲ့ ဘယ်အစုအဖွဲ့တွေ တိုက်ခိုက်ကြတာလဲ ဆိုတာပါပဲ၊ အဲဒီနောက်မှာ ဆီးရီးယားနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံဟာလည်း ဆီးရီးယားနိုင်ငံကို ဝင်ရောက်လာပြီးတော့ စစ်ပွဲ ဆင်နွှဲတာတွေလည်း ရှိလာပါတယ်။

တူရကီစစ်တပ်က ဆီးရီးယားနိုင်ငံထဲ ဝင်လာပြီး စစ်ပွဲဆင်နွှဲတာကတော့ တခြားအဖွဲ့ကိုမဟုတ်ပါဘူး၊ ကာဒ့် လူမျိုး ကာဒ့်တပ်ဖွဲ့(သူပုန်ပေါ့ သူတို့အပြော)ကိုပဲ ဖြစ်ပါတယ်။ ဘာကြောင့်ဆို ကာဒ့်လူမျိုးတွေဟာ အီရတ်၊ အီရန်၊ တူရကီ၊ ဆီးရီးယား စတဲ့ နိုင်ငံ ၄ နိုင်ငံမှာ လူဦးရေ သန်း ၄၀ ဝန်းကျင် နေထိုင်ကြပြီး စတုရန်း ကီလိုမီတာ (၅)သိန်းကျော် နယ်မြေ တစ်ဆက်တည်းဖြစ်နေတာကြောင့် ကာကစ္စတန်နိုင်ငံအဖြစ် ထူထောင်ဖို့ ကြိုးပမ်းနေခြင်းကြောင့် ဖြစ်တယ်။

တူရကီရဲ့ အာဒိုဂန်အစိုးရကတော့ တူရကီနိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသမှာ ကာဒ့်နိုင်ငံထူထောင်ရေး ကြိုးပမ်း နေတဲ့ တူရကီနိုင်ငံအတွင်းက ကာဒ့်အလုပ်သမားပါတီ(PKK)နဲ့ ဆီးရီးယားနိုင်ငံအတွင်းက ISIS ကို တိုက်ခိုက် နေတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး(SDF)ခေါ် ကာဒ့်တပ်ဖွဲ့ကြား ချိတ်ဆက်မှုရှိတယ်လို့ ယုံကြည်ပြီ အမေရိကန်စစ်တပ် ၂၀၁၅ ခုနှစ်၊ မတ်လမှာ ဆီးရီးယားနိုင်ငံအတွင်းက ဆုတ်ခွာခဲ့တဲ့အချိန်ကို အခွင့်ရေး ယူပြီးတော့ ဆီးရီးယားနိုင်ငံထဲကို ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် တူရကီနိုင်ငံက ဆီးရီးယားနိုင်ငံရဲ့စစ်ပွဲထဲကို ပါဝင်လာတာဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေကတော့ အီရတ်၊ အီရန်၊ တူရကီ၊ ဂျော်ဒန်၊ လက်ဘနွန်တို့ပဲ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံဘာကွာခြားလဲ

*******************************************

ဆီးရီးယားနိုင်ငံမှာ ဖြစ်တဲ့ စစ်ပွဲဟာ သာမန် နိုင်ငံရေးအရ သဘောထား ကွဲလွဲပြီး ပေါ်ပေါက်လာတဲ့ စစ်ပွဲမဟုတ် ဘဲ ဆီးရီးယားနိုင်ငံထဲမှာ စစ်အခြေစိုက် စခန်းတွေကို ခြေကုပ်ယူတည်ဆောက်ပြီး ဂျီဟတ်စစ်ပွဲကို ဆင်နွှဲတဲ့ ISIS နဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက စစ်တပ်တွေ ဝင်ပါလာပြီး ဆီးရီးယားနိုင်ငံက ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ၁၀ ကြာ စစ်ပွဲကြောင့် ပြာပုံဘဝ ရောက်သွားခြင်း ဖြစ်ပါတယ်။

လူပေါင်း ၃၇၀၀၀၀ သေဆုံး (၄ သိန်းဝန်းကျင်ပေါ့)၊ ၆ သန်းဝန်းကျင် ဒေသတွင်း နေရပ်စွန့်ခွာ ဒုက္ခသည်များ ဖြစ်လာကာ ၅ သန်းခွဲကတော့ ပြည်ပထွက်ခွာ ဒုက္ခသည်တွေဖြစ်ခဲ့ရပြီး နိုင်ငံက ကျဆုံးနိုင်ငံ (Failed State) ဖြစ်သွားခဲ့တာပါ။

အခု မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့အတွက် ဖြစ်ပေါ် လာနေတဲ့ ပြည်တွင်း အဓိကရုဏ်းတွေကြောင့် လူသေဆုံးမှုတွေ ၇၀၀ ကျော်လာပါတယ်။ ဒီလို လူသေဆုံးမှု တွေ မြင့်တက်လာနေတာကြောင့် မြန်မာနိုင်ငံသားတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး အကြမ်းမဖက် နည်းလမ်းကနေ ခုခံကာကွယ်နိုင်တဲ့ လက်နက်ကိုင် ပြန်လည် တိုက်ခိုက်ရေး လမ်းကြောင်းဘက်ကို ဦးတည် လာနေတာပါ။

ဒါကို မြန်မာနိုင်ငံဟာ ဆီးရီးယားနိုင်ငံလို ဖြစ်လာမှာ စိုးရိမ်ကြောင်းနဲ့ ကျဆုံးနိုင်ငံ (Failed State) ဖြစ်သွားမှာ စိုးရိမ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောလာကြတာဟာ မှန်ကန်တဲ့ သုံးသပ်ချက်တော့ ဖြစ်မှာမဟုတ် ပါဘူး။

နိုင်ငံတကာက စိုးရိမ်သလို မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံ(Failed State)နဲ့ ဆီးရီးယားနိုင်ငံလို ဖြစ်လာနိုင်စရာ မရှိ ပါဘူးလို့ အထက်မှာ အစောဆုံး တင်ပြခဲ့တဲ့ အခြေအနေ (၄) ချက်အရ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

စစ်ရေးအရ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ISIS မရှိပါဘူး၊ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ့် အကြမ်းဖက် လက်နက် ကိုင်အဖွဲ့ မရှိပါဘူး၊ နိုင်ငံ ၄ နိုင်ငံက လူမျိုးစု တစ်စုတည်းကို စုစည်းပြီး ကာကစ္စတန်နိုင်ငံထူထောင်ချင်တဲ့ လူမျိုးစု လက်နက်ကိုင်မျိုးလည်း မရှိပါဘူး။

မြန်မာပြည်မှာရှိတာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေတဲ့ လူမျိုးစု လက်နက်ကိုင်တွေပဲ ရှိသလို နွေဦးတော်လှန်ရေးဆိုပြီး ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းလိုတဲ့ အခုမှ လက်နက်ကိုင် တော်လှန် ရေး ဆင်နွှဲဖို့ကြိုးပမ်းနေတဲ့ လူထုပဲ ရှိပါသေးတယ်။

နိုင်ငံရေး အယူဝါဒအရလည်း တစ်စုတစ်စည်းတည်းကို မတည်ဆောက်နိုင်ဘဲ ကွဲပြား ခြားနားမှုပေါင်းများစွာနဲ့ ဖြစ်နေတဲ့ နိုင်ငံရေး အင်အားစုများသာ ဖြစ်နေပါတယ်။ နိုင်ငံအတွင်းက နိုင်ငံသူ/သားတွေရဲ့ စိတ်အရင်းခံ ကလည်း အကြမ်းမဖက်ဝါဒနဲ့ လက်နက်ကိုင် ခုခံတော်လှန်ရေး စစ်ကို ဆင်နွှဲရေးဆိုတဲ့ အပေါ်မှာ ဝိဝါဒ ကွဲပြားမှု တွေ ဖြစ်နေသေးသလို နိုင်ငံကို ပြာပုံဖြစ်သွားမှာကိုလည်း စိတ်အရင်းခံမှာ မလိုလားကြပါဘူး။

ပြည်ပနိုင်ငံတွေရဲ့ အခြေအနေကို လေ့လာကြည့်ရင်လည်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေဟာ တရုတ်၊ အိန္ဒိယ၊ ဘာင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအိုတို့ဖြစ်ပြီး ဒီနိုင်ငံတွေ အားလုံးဟာ စစ်ပွဲကို အပြည့်အဝ အလိုရှိတဲ့နိုင်ငံ တွေ မဟုတ်သလို ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး မူဝါဒတွေ(အပြည့်အဝတော့ လိုက်နာမှုမရှိပါဘူး)တွေကို ကိုင်ဆွဲထားကြတာဖြစ်ပါတယ်။

ဒီအခြေအနေတွေကတော့ ဆီးရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ကွာခြားချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ဆီးရီးယားနိုင်ငံလို ဖြစ်ဖို့ ဝေးပါတယ်။ ဖြစ်နိုင်ခြေကတော့ ကိုလံဘီယာနိုင်ငံမျိုးတော့ ဖြစ်သွား နိုင်ပါတယ်။ ဘာကြောင့်ဆို တိုင်းပြည်က မတည်မငြိမ်ဖြစ်နေပြီး စစ်တပ်ကို မုန်းတီးပြီး လက်နက်ကိုင် ခုခံတော် လှန်ရေးဘက်ကို အားသာနေတဲ့ အခြေအနေမျိုးကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းလာလို့ပဲ ဖြစ်ပါတယ်။

ကိုလံဘီယာနိုင်ငံမှာ ဖာ့စ်သူပုန်(FACR)တပ်ဖွဲ့နဲ့ ကိုလံဘီယာစစ်တပ်ကြား ပြည်တွင်းစစ်ဖြစ်ပွားပြီး တိုင်းပြည် မတည်မငြိမ်ဖြစ်ကာ တရားဥပဒေစိုးမိုးမှု အားနည်းလာတဲ့အခါမှာ တရားမဝင် လုပ်ငန်းတွေဖြစ်တဲ့ မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ လက်နက်မှောင်ခိုရောင်းဝယ်မှုတွေ ကြီးထွားလာပြီး လူတွေ လမ်းပေါ် မှာ (သို့မဟုတ်) နေအိမ် အတွင်းမှာ (သို့မဟုတ်) စားသောက်ဆိုင်တွေမှာ ပစ်သတ်ခံရတာမျိုးတွေ ဖြစ်လာပြီး နိုင်ငံတော်နှင့် ပြည်သူပိုင် ပစ္စည်းတွေ ဖျက်စီးခံရတာ၊ အစိုးရရုံးတွေနဲ့ အဆောက်အဦးတွေ ဖျက်စီးခံရတာ၊ ကြေးစား လူမိုက်တွေ ပိုလာတာမျိုးတွေနဲ့ နိုင်ငံဟာ မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဟိုနေရာ ဗုံးပေါက်ကွဲတာ၊ ဒီနေရာ ဗုံးပေါက်ကွဲတာတွေဖြစ်လာခဲ့သလို ဒုစရိုက် လုပ်ငန်းတွေ ပေါများ လာပါတယ်။

မြန်မာနိုင်ငံမှာလည်း လက်ရှိ နိုင်ငံရေး အကြပ်အတည်းအရ မဖြေရှင်းနိုင်သေးခင်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ပေါများလာနိုင်ပါတယ်။ ဒီလို ပေါများလာတာနဲ့အမျှ လူတွေဟာ ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာပြီ ကိုလံဘီယာနိုင်ငံမျိုး ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံတကာက မြင်တဲ့ ဆီးရီးယားနိုင်ငံလိုမျိုးတော့ ဖြစ်မှာမဟုတ်ပါ ဘူး ကိုလံဘီယာနိုင်ငံမျိုး ဖြစ်ဖို့ကသာ ပိုမိုနီးစပ်ပါတယ်။

ဒါပေမယ့်လည်း မူးယစ်ဆေးဝါးနဲ့ လက်နက် ဝင်ရောက်မှုကို တားဆီးနိုင်မယ်ဆိုရင် ကိုလံဘီယာ လိုမျိုးလည်း ဖြစ်ဖို့နည်းပါးနိုင်ပါတယ်။

ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများ

*****************************************

မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေက လူထု မထင်မှတ်လောက်အောင်ကို များပြားလှပါ တယ်။

စစ်တပ်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်(BGF)၊ အစိုးရကို တော်လှန်နေတဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ် စတဲ့ မတူညီတဲ့ လက်နက်ကိုင် အုပ်စုတွေ အားလုံးကို ရေတွက်လိုက်မယ်ဆိုရင် မြန်မာ နိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၅၀၂၃ ဖွဲ့ရှိတယ်လို့ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က သုတေသနလုပ်ထားတဲ့ စာတမ်းတွေအရ ဆိုထားပါတယ်။

အဲထဲမှာမှ စစ်တပ်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်(BGF)တွေကို နှုတ်လိုက်မယ်ဆိုရင်တော့ အဲလောက်မရှိပါဘူး။

အစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကိုပဲ ပြောပါဆိုရင်တော့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA- မိုင်းလား အဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုတပ်တော်(AA)၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ် မတော်(MNDAA-ကိုးကန့်အဖွဲ့)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)တို့ ဖြစ်သည်။

ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားဒီမိုကရေစီတပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF) တို့ဖြစ်သည်။

ဒီနောက်မှာတော့ ရှမ်းနီအမျိုးသားများတပ်တော်(SNA)၊ ဇိုမီးအမျိုးသားများအစည်းအရုံး(ZRO/ZRA)၊ ကူကီး အမျိုးသားအစည်းအရုံး(KNO/KNA) တို့လည်း ရှိကြပါသေးတယ်။

မြန်မာနိုင်ငံက လက်နက်ကိုင်တွေနဲ့ စစ်တပ်ကြား အခြေအနေ

*************************************************************

မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကတော့ အထက်မှာ ဖော်ပြထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေနဲ့ မယူရသေးတဲ့ အဖွဲ့တွေ၊ ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့တွေဆိုပြီးတော့လည်း ကွဲပြားနေပါသေးတယ်။

UWSA၊ NDAA၊ SSPP၊ KNU၊ KNU/KNLA-PC၊ DKBA၊ RCSS၊ CNF၊ ABSDF၊ PNLO၊ NMSP၊ ALP၊ NSCN-K ၊ KNPP စတဲ့ ၁၄ ဖွဲ့ကတော့ ပြည်နယ်အဆင့် (သို့မဟုတ်) ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ရေးထိုးထားကြတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။

KIA၊ TNLA၊ AA MNDAA တို့ကတော့ Bilateral ရေးထိုးနိုင်ရေး ဆွေးနွေးနေဆဲ အဖွဲ့တွေဖြစ်ပြီးတော့ SNA၊ ZRO၊ KNO၊ ANC(ANC ကိုအရင်က အစိုးရက ခေါ်ခဲ့ပေမယ့် နောက်ပိုင်း ကမ်းလှမ်းမှုမလုပ်တော့ဘူး) တို့ ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းနေဆဲ အဖွဲ့တွေဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြားမှာမှ RCSS၊ KNU၊ KNU/KNLA-PC၊ DKBA၊ PNLO၊ CNF၊ ABSDF၊ LDU၊ NMSP၊ ALP တို့ကတော့ တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကို ဖွဲ့စည်းပြီးတော့ လက်ရှိ မြန်မာ့နိုင်ငံရေးကို ဆောင်ရွက်နေကြပါတယ်။

UWSA၊ NDAA၊ SSPP၊ KIA၊ TNLA၊ AA၊ MNDAA တို့ကတော့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(FPNCC)ကို စုဖွဲ့ထားပြီးတော့ NCA ထိုးနိုင်ရေး ဆွေးနွေးနေကြပါတယ်။ FPNCC အဖွဲ့ ဟာ နိုင်ငံရေး မဟာမိတ်ဖြစ်ပြီး စစ်ရေးမဟာမိတ် မဟုတ်ပါ။ ဒီ FPNCC ထဲကမှ KIA၊ TNLA၊ AA၊ MNDAA တို့ ကတော့ စစ်ရေး-နိုင်ငံရေး မဟာမိတ် ဖွဲ့ထားပြီးတော့ စစ်တပ်ကို ခုခံတော်လှန်နေကြတာ ဖြစ်ပါတယ်။

အဲထဲမှာမှ SNA၊ ZRO၊ KNO၊ KNPP၊ NSCN-K၊ ANC တို့ကတော့ သူတို့ ကိုယ်တိုင် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ရေး ကြိုးပမ်းနေကြပါတယ်၊ KNPP ကတော့ နိုင်ငံရေးအရ မြောက်ပိုင်းအဖွဲ့ (FPNCC)နဲ့ တောင်ပိုင်းအဖွဲ့(PPST)တို့နဲ့ ဆက်ဆံမှု ရှိပေမယ့် NSCN-K ကတော့ သီးခြားနေပါတယ်။ SNA ကလည်း သီးခြား ရပ်တည်နေပြီးတော့ စစ်တပ်နဲ့ တိုက်ခိုက် မကြာခဏ ဖြစ်ပွားလေ့ရှိနေပါတယ်။ ZRO နဲ့ KNO တို့ကတော့ ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှာ အဖွဲ့ဝင် အဖြစ် ပါဝင်ဖို့ လျှောက်ထားခဲ့ဖူးပါသေးတယ် (ဒါပေမယ့် UNFC က လက်မခံထားပါဘူး)။

စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်နေတာ ဘယ်အဖွဲ့တွေလဲ

************************************************

လက်ရှိမှာတော့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာကတော့ KNU၊ KIA တို့နဲ့ ပြင်းပြင်းထန်ထန် ဖြစ်နေပြီးတော့ ညီနောင် မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ AA၊ TNLA၊ MNDAA တို့နဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး မိုးကုတ်မြို့နယ် အတွင်းမှာတော့ အနည်းငယ် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာလည်း SNA နဲ့ တိုက်ပွဲ အနည်းအငယ် ရှိပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်ထဲမှာ RCSS နှင့် စစ်တပ်ကြား လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း- ကျောက်မဲ/ သီပေါ/ လားရှိုး/ ကွတ်ခိုင်/ မူဆယ်/ နမ္မတူဘက်မှာ RCSS နှင့် TNLA-SSPP ပူးပေါင်းတပ်ဖွဲ့နဲ့ လည်းကောင်း တိုက်ပွဲ တွေ ဖြစ်နေကြပါတယ်။

ဆိုတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ တိုက်ပွဲ အခြေအနေတွေကို သေချာ လေ့လာကြည့်ရင် စစ်တပ်နဲ့ မြန်မာ နိုင်ငံမှာ ရှိနေတဲ့ လက်နက်ကိုင်တွေ အားလုံးနဲ့ကြား ဖြစ်နေတာမဟုတ်ဘဲ လက်နက်ကိုင် ၃-၄ ဖွဲ့နဲ့ စစ်တပ် ကြားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။

ဒီအခြေအနေကလည်း နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပါပြီ မိုးရာသီ ဝင်ဖို့နီးလာရင် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ တိုက်ပွဲတွေ သာ ဖြစ်ပါတယ်။ အထူးသဖြင့် KIA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲကတော့ စစ်တပ်က အာဏာသိမ်းမှုကြောင့် လူထုက စစ်တပ်ကို မကြိုက်ဘဲ ဆန့်ကျင်တော်လှန်ရေး လုပ်နေစဉ် ရှေ့တန်းစစ်မြေပြင်ကို အာရုံမစိုက်နိုင်တဲ့ ကာလ အတွင်း ယခင်က သူ(KIA)ဆုံးရှုံးထားတဲ့ နယ်မြေ (စခန်း တွေ)တွေကို ပြန်လည် တိုက်ခိုက် သိမ်းယူနေခြင်း တာ ဖြစ်ပါတယ်။

KNU နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ ယခင်ကတည်းက KNU တပ်မဟာ (၅) နဲ့ စစ်တပ်ကြားမှာ တိုက်ပွဲတွေ က ဖြစ်နေပြီသားပါ။ သို့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် CDM လုပ်သူတွေကို ခိုလုံခွင့်ပေးတာ တွေ၊ CRPH ကို ကြိုဆို ထောက်ခံတာတွေ၊ စစ်တပ် စခန်းတွေကို သိမ်းပိုက်လာတာတွေ စတဲ့ အခြေအနေတွေ ကြောင့် တိုက်ပွဲတွေက ပြင်းထန်လာခဲ့ပါတယ်။

AA၊ TNLA၊ MNDAA တို့နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ ပြင်းထန်လှတဲ့ မြို့သိမ်း တိုက်ပွဲမျိုးတွေ မဟုတ်ဘဲ အနည်းငယ် တိုက်ပွဲတွေသာ ဖြစ်ပါတယ်။ဒီသုံးဖွဲ့ဟာလည်း UWSA နဲ့ တရုတ် သြဇာအောက်ကနေ လွတ်ကင်း တဲ့ အဖွဲ့တွေ မဟုတ်တဲ့အတွက်ကြောင့် သူတို့မှာ တိုက်ပွဲ အကန့်အသတ်တွေ ရှိနေမှာပါ။

ဒါကြောင့် လက်ရှိ အခြေအနေမှာ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံဟာ ဆီးရီးယားလို ဖြစ်သွား မယ်ဆိုတဲ့ သုံးသပ်ချက်တွေဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့ အစည်းတွေနဲ့ စစ်တပ်ကြားက တိုက်ပွဲ အခြေအနေတွေကို လေ့လာကြည့်ရင် ဖြစ်လာစရာ မရှိတာ တွေ့နိုင်ပါတယ်။

တကယ် တိုက်ပွဲ ပြင်းထန် လာနိုင်တာ တစ်ခုကတော့ အခု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှာ ပါတဲ့ ဦးရည်မွန် ဝန်ကြီးတာဝန်ယူထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းဖို့ ကြိုးပမ်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDA) တကယ် ထူထောင်နိုင်ခဲ့ရင်ပေါ့။

မဟုတ်ရင်တော့ ထူးထူးခြားခြား ဖြစ်လာနိုင်ခြေက တော်တော်နည်းပြီး ကိုလံဘီယာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ပေါလာပြီး ဟိုနား လူတွေ သတ်ခံရ၊ ဒီနား လူတွေသတ်ခံရ၊ ဟိုနေရာက လူနေအိမ် အဆောက် အဦးတွေ ဖျက်စီးခံလိုက်ရ၊ ဒီနေရာက လူနေအိမ် အဆောက်အဦးတွေ ဖျက်စီးခံလိုက်ရ၊ ဟိုနေရာက အစိုးရ ရုံးတွေ ဖျက်စီးခံလိုက်ရ၊ ဒီနေရာက အစိုးရရုံးတွေ ဖျက်စီးခံလိုက်ရ၊ ဟိုနေရာက အမျိုးသမီးတွေ အနိုင်ကျင့်ခံ လိုက်ရ၊ ဒီနေရာက အမျိုးသမီးတွေ အနိုင်ကျင့်ခံလိုက်ရ ဆိုတာမျိုးတွေသာ များလာနိုင်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDA)နဲ့ စစ်တပ်ကြား အားပြိုင်မှု

****************************************************************

နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသူတွေကတော့ ယခင်က မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို စုစည်းပြီးတော့ ဖက်ဒရယ်တပ်မတော် ဖွဲ့ပြီး စစ်တပ်ကို ပြန်တိုက်မယ်လို့ ရည်မှန်းခဲ့ကြပေ မယ့် တကယ့် လက်တွေ့မှာ မလွယ်ဘူးဆိုတာ သိလာတော့ လမ်းကြောင်း တစ်ခုကို ပြောင်းလဲ ဖော်ဆောင် လာတာ တွေ့ရပါတယ်။

အဲဒီ လမ်းကြောင်းကတော့ CRPH က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ဆောင်မယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDA)ပဲ ဖြစ်ပါတယ်။ အဲဒါကလည်း ပြော တော့သာ လွယ်ကူတာ လက်တွေ့ ဖွဲ့စည်းဖို့ကတော့ တော်တော် ခက်ခဲပါတယ်။

ဘာကြောင့်ဆို လူ၊ လက်နက်၊ ငွေ၊ နယ်မြေ စတဲ့ အခြေခံ အချက်တွေ လိုအပ်ပါတယ်။ စစ်တပ်ကို မုန်းနေတဲ့အတွက် လူနဲ့ ငွေကတော့ NUG အတွက် ရှာဖွေဖို့ အခက်အခဲ မရှိနိုင်ပါဘူး၊ ဒါပေမယ့် လက်နက်ကတော့ နည်းနည်း ခက်နိုင်သလို NUG အစိုးရ ရုံးထိုင်မယ့် နေရာနဲ့ စစ်တပ်ကို လေ့ကျင့်မယ့် နေရာအတွက် ထိန်းချုပ်နယ်မြေရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

မိတ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ် နယ်မြေတွေမှာ ယာယီ ရုံးထိုင်ပြီး PDA တပ်သားတွေကို မိတ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းတွေဆီမှာ လေ့ကျင့် သင်ကြားခိုင်းမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေ မယ့် တရားဝင်မှုအရဆိုရင်တော့ ဒါတွေက မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။

အကယ်၍ NUG အစိုးရက PDA ကို လက်တွေ့ အကောင်အထည်ဖော်လာနိုင်ရင်တော့ လက်ရှိ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထက် မြို့သိမ်း တိုက်ပွဲတွေ ဖြစ်လာနိုင် ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ ဘာဖြစ်မယ်ဆိုတာကတော့ ဘယ်သူမှ မပြောနိုင်ပါဘူး၊ စစ်တပ်ကလည်း နည်းလမ်းပေါင်းစုံနဲ့ တားဆီးမှုတွေ လုပ်မှာပဲ။

သေချာတာ တစ်ခု ကတော့ အထက်မှာ ပြောခဲ့ပြီးသား ဖြစ်သလို ဘယ်လောက် မြို့သိမ်း တိုက်ပွဲတွေပဲ ဖြစ်လာပါစေ ဆီးရီးယား နိုင်ငံလိုမျိုးဖြစ်စေ၊ ကျဆုံးနိုင်ငံ (Failed State)လိုမျိုးဖြစ်စေ ဖြစ်မှာတော့ မဟုတ်ပါ ဘူး။

သမိုင်းကို ပြန်ကြည့်ခြင်း

***************************

အခု မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုက ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်စဉ်ဟာ ပထမဆုံး မဟုတ်ဘူး ဆိုတာ မြန်မာနိုင်ငံသူ/သား အများစု သိရှိကြပါတယ်။ဒါကြောင့်လည်း အတိတ်သမိုင်း ဖြစ်စဉ်က အာဏာသိမ်း မှု အခြေအနေတွေနဲ့ မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေး သမိုင်းတွေကို ပြန်လည် လေ့လာကြည်သင့်ပါတယ်။

အခု နိုင်ငံတကာက ပြောနေတဲ့ ဆီးရီးယားနိုင်ငံလို၊ ကျဆုံးနိုင်ငံ(Failed State)လိုမျိုးကို မြန်မာနိုင်ငံဟာ ၁၉၄၉ ခုနှစ်က ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ ပါတယ်။ အဲနောက် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တောခိုပြီး ပြည်တွင်းစစ် စဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီး သုံးလအကြာမှာ ဗကပ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)၊ အလံနီ ကွန်မြူနစ်ပါတီ(သခင်စိုးဦးဆောင်)၊ ပြည်သူ့ရဲဘော်၊ မြန်မာ့တပ်မတော်အတွင်းက ခွဲထွက်သွားတဲ့ ကရင်-ကချင် အပါအဝင် ဗကပဝင် သေနတ်ကိုင် တပ်ရင်းတွေ စတဲ့ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

အဲဒီကာလ ၁၉၄၈-၁၉၄၉ အတွင်းမှာ မြန်မာနိုင်ငံမှာ ရှိတဲ့ မြို့တွေ အားလုံး နီးပါးကို ရောင်စုံသူပုန်တွေက သိမ်း ပိုက်ထားပြီး ဦးနု ဦးဆောင်တဲ့ အစိုးရနဲ့ ဦးနေဝင်း ဦးဆောင်တဲ့ စစ်တပ်တို့ ထိန်းချုပ်ထားနိုင်တာဆိုလို့ ရန်ကုန်မြို့လေးပဲ ရှိပါတယ်။ အင်းစိန်ထိ ကရင်တွေက သိမ်းပိုက်ထားတာပါ။

ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်ကလည်း အမေရိကန် ကျောက်ထောက်နောက်ခံနဲ့ မြန်မာနိုင်ငံထဲကို ကျူးကျော် ဝင်ရောက်လာပြီးတော့ နယ်မြေစိုးမိုးမှုတွေ လုပ်နေတာကိုလည်း ခံခဲ့ရပါတယ်။

အဲကာလက အကုန် ခွဲထွက်ရေး ကြိုးပမ်းခဲ့ကြပြီး တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြတာဖြစ်လို့ မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံ(Failed State)ကို ကြုံခဲ့ရပြီးပါပြီ။ဒါပေမယ့် ဦးနု ဦးဆောင်တဲ့ အစိုးရနဲ့ ဦးနေဝင်း ဦးဆောင်တဲ့ စစ်တပ်က ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဒီနောက် ၁၉၅၈ မှာ ဖဆပလ နှစ်ခြမ်းကွဲပြီး နိုင်ငံရေး မတည်မငြိမ်ဖြစ်တဲ့အခါမှာ ဦးနေဝင်း ဦးဆောင်တဲ့ စစ်တပ်က အိမ်စောင့်အစိုးရဆိုပြီး နိုင်ငံတော် အာဏာကို ရယူလိုက်ပြီး အုပ်ချုပ်ခဲ့ပြန်ပါတယ်။ ၁၉၆၂ ခုနှစ် ၊ မတ်လ ၂ ရက်မှာတော့ နိုင်ငံတော်အာဏာကို ဦးနု အစိုးရဆီကနေ သိမ်းယူလိုက်ပြန်ပြီး တစ်ပါတီစနစ် ဆိုရှယ်လစ်နိုင်ငံအဖြစ် ထူထောင်ဖို့ ကြိုးပမ်းတဲ့အခါမှာ ဦးနုဟာ ပြည်ပကို ထွက်ခွာသွားပြီး သူသာလျှင် မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ကြောင်း ၁၉၇၀ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

ဦးနု အဲလို ကြေညာပြီးနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDA)ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲတုန်းက အမေရိကန် အစိုးရက လက်နက်နဲ့ငွေကြေး ထောက်ပံ့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံအရေး စာအုပ်တွေမှာ လေ့လာခဲ့ရဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဦးနုဟာ သူဖွဲ့စည်းထားတဲ့ အစိုးရကိုဖျက်၊ လက်နက်ကိုင် တပ်ကို ပစ်ထားခဲ့ပြီး မြန်မာနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်ပြီး နိုင်ငံရေးလောကကနေ ထွက်သွားခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၈၈ ခုနှစ် ရောက်လာတဲ့အခါမှာ ဦးနေဝင်း အစိုးရကို လူထုက ဒီမိုကရေစီတော်လှန်ရေးလုပ်တဲ့အခါမှာ ဦးစောမောင် ဦးဆောင်တဲ့ စစ်တပ်က အာဏာပြန်သိမ်းပြီး ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီ အနိုင်ရတဲ့ ပါတီကို အစိုးရတာဝန် အပ်နှံကာ ဘားတိုက်ပြန်မယ်လို့ ပြောခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က မဲအပြတ်အသတ်နဲ့ အနိုင်ခဲ့ပေမယ့် စစ်တပ်က အာဏာမလွှဲပေးခဲ့ပြီး ဦးသန်းရွှေ ဦးဆောင်တဲ့ စစ်တပ်က တစ်ဖန် အာဏာသိမ်း ပြန်ပါတယ်။ ဒီအာဏာသိမ်းမှုကို အခု ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးလိုမျိုးပဲ NLD က ဆန့်ကျင် ကန့်ကွက် ပြီး နိုင်ငံတော်အာဏာအပ်နှံဖို့ တောင်းဆိုခဲ့ပါတယ်။

အဲလို ကြိုးပမ်းရာမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) ကို ဖွဲ့တယ်၊ အဲနောက်မှာ ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)ကို ဖွဲ့စည်းတယ်၊ လက်နက်ကိုင်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဖော်ထွက်ခဲ့ တယ်။ ဒါပေမယ့် ယနေ့အချိန်ထိ ဒီအဖွဲ့အစည်းတွေ ရှိနေသေးပေမယ့် စစ်တပ်က ၂၀၁၁ ခုနှစ်ထိ အုပ်ချုပ်သွား ခဲ့တယ်။

၂၀၁၀ ပြည့်နှစ် အရောက်မှာတော့ စစ်တပ်က အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို ၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်အာဏာလွှဲပြောင်းပေးခဲ့ပြီ ဒီမိုကရေစီလမ်း ကြောင်းကို လျှောက်ခိုင်းခဲ့တယ်။

၂၀၁၁-၂၀၁၅ ငါးနှစ်တာ အတောအတွင်း ဦးသိန်းစိန် ဦးဆောင်တဲ့ USDP အစိုးရက မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခဲ့ပြီးနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို တည် တည် ငြိမ်ငြိမ်နဲ့ ကျင်းပပေးခဲ့ပြီ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို နိုင်ငံတော်အာဏာ လွှဲ ပြောင်းပေးခဲ့တယ်။

၂၀၁၅-၂၀၂၀ ငါးနှစ်တာ အတောအတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ဗမာမဟုတ်သော တိုင်းရင်း သားတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မတည်ဆောက်နိုင်ခဲ့ဘဲ အထင်လွဲ အမြင်လွဲတွေပဲ ဖြစ်ခဲ့သလို စစ်တပ်နဲ့သာ ငါးနှစ်လုံး အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အဲလို အခြေအနေမှာပဲ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကျင်းပတဲ့အခါမှာ NLD က မဲအပြတ် အသတ်နိုင်ခဲ့ပေမယ့်လည်း NLD ငါးနှစ်တာလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်ခဲ့တဲ့ စစ်တပ်က မဲရလဒ် ၁၀ သန်းကျော် အငြင်းပွားနေတာကို ပြန်စစ်ပေးဖို့တောင်းဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး ပျက် ပြားလာပြီ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းသွားခဲ့ပါတယ်။

အဲနောက်မှာ စစ်တပ်က အသေးစား ညွန့်ပေါင်းအစိုးရလိုမျိုး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး တော့ NLD နဲ့ အဆင်မပြေ ဖြစ်ခဲ့တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကလူတွေကို နစက ကောင်စီအဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်နယ်နဲ့တိုင်းဒေသကြီး စီမံ အုပ် ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် လည်းကောင်း နေရာတွေပေးပြီး အင်အားကို စုစည်းထားခဲ့ပါတယ်။

အခု စစ်တပ် အာဏာသိမ်းမှုကို NLD က ဦးဆောင် ဖွဲ့စည်းထားတဲ့ CRPH က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဖွဲ့စည်းလိုက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးပမ်းလာ ခဲ့ပါတယ်။ NUG ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDA)ကို ဖွဲ့စည်းပြီးတော့ နစက အောက်မှာ ရှိတဲ့ စစ်တပ်ကို တိုက်ခိုက်ရင် နယ်မြေသိမ်း၊ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်၊ နိုင်ငံတကာရဲ့ တရားဝင်မှုကို ရယူ မယ်ဆိုတဲ့ အခြေအနေကို သွားဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ အတိတ်သမိုင်းမှာတော့ မြန်မာနိုင်ငံမှာ ဘယ်လိုတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို ပြန်လေ့လာဖို့ တော့လိုမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဆီးရီးယားနိုင်ငံလိုမျိုးပဲ ဖြစ်ဖြစ်၊ ကျဆုံးနိုင်ငံ (Failed State)လို မျိုးပဲ ဖြစ်ဖြစ် ဖြစ်လာမှာ မဟုတ်ပါဘူး။

May 9, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ်...
May 8, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ထားသည့်...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြေမြှုပ်မိုင်း...
May 7, 2024
လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး...