အပစ်ရပ် အဖွဲ့များက CRPH ၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ကြိုဆို

အပစ်ရပ် အဖွဲ့များက CRPH ၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ကြိုဆို

အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter ) ကြေညာချက်သည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ကြိုဆိုလိုက်သည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြု ကော်မတီ CRPH ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းမှုကိုလည်း ကြိုဆိုလိုက်သည်။

ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ၂ ရက်တာပြုလုပ်သည့် PPST အစည်းအဝေးမှ ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ခဲ့သည်ဟု ဆိုသည်။

လက်နက်မဲ့ ပြည်သူလူထုအား စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်၊ ပစ်ခတ် နှိမ် နင်းမှုကို ချက်ခြင်းရပ်တန့်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားသည့်အပြင် ပြည်သူလူထုတစ်ရပ်လုံးက ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး အပါအဝင် CDM လူ ထုလှုပ်ရှားမှုများအား ဆက်လက်ပံ့ပိုးကူညီမည် ဟု ဆိုသည်။

CRPH က ထုတ်ပြန်ထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေညာစာတမ်းကို ဘယ်အတိုင်းအတာအထိ လက်ခံကြိုဆိုပါသလဲ၊ CRPH က ဖွဲ့စည်းမည့် ဖက်ဒရယ် တပ်မတော် အပေါ် သဘောထား၊ ရှေ့ဆက်နိုင်ငံရေး ဆွေးနွေးပွဲများနှင့် NCA အပေါ် အပစ်ရပ်အဖွဲ့များ၏ သဘောထားများကို ပအို့ဝ် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာအား ဆက်သွယ်မေးမြန်းရာမှာ အစည်းအဝေး သဘောတူညီချက်များကို ယခုကဲ့သို့ စတင်ပြောကြားသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ကျနော်တို့ PPST အစည်းအဝေးကတော့ တစ်ရက်ခွဲ နှစ်ရက်ပေါ့ ဒီမှာကျနော်တို့ ညီညီ ညွှတ်ညွှတ်နဲ့ သဘာထားချမှတ်နိုင်တယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။ ကွာဟချက်တွေ ရှိနေပေမယ့်လည်း ဘုံ သဘောထား ၅ ချက်ကို ညီညွှတ်ပါတယ်။

မေး - ဘယ်လိုအချက်တွေပါသလဲ။ ဘယ်လိုအနေအထားတွေကြောင့် အဲဒီ ဘုံသဘောထား ၅ ချက်ကို ချ မှတ်ခဲ့ကြတာလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - အဲဒါကတော့ အခြေအနေအပေါ်မှာ မူတည်ပါတယ်။ အခြေအနေက ကျနော်တို့ မတင်  မကျလုပ်ရမယ့် အခြေအနေတွေ များတယ်လေ ဒီလူတွေ သေကြေနေတာနဲ့ နောက်ပြီးတော့ ကျနော်တို့က တော့ ဖမ်းဆီးထား တဲ့ လူတွေပြန်လွှတ်ဖို့ကတော့ ဒါကကြာပြီ ကျနော်တို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ကျနော်တို့ တောင်းနေကြ တောင်းဆိုနေတဲ့ အချက်ပဲလေ ဒါတွေက အဲဒီမှာ နည်းနည်းလေး ထပ်တိုးလာတာက CRPH နဲ့ ပတ်သက်ပြီးတဲ့ သတင်းပေါ့။ CRPH က ထုတ်ပြန်လိုက်တဲ့ ကိစ္စတွေမှာ ကျနော်တို့ အနေနဲ့ ကြိုဆိုသင့်  တာကို ကြိုဆိုတယ်။ ထောက်ခံသင့်တာကို ထောက်ခံတာပေါ့ဗျား။အဲသဘောလေးပါပဲ အဲဒီမှာတော့ တူကြပါ တယ်။

မေး - CRPH ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းတာနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်း ကြေညာ လိုက်တာ ကို ကြိုဆိုထောက်ခံတယ်ဆိုတော့ အဲဒီအနေအထားကနေ တကယ်ပဲ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကို ရရှိလာတော့မှာလား။ အပစ်ရပ်အဖွဲ့ တွေရဲ့ အမြင်သဘောထားက ဘယ်လိုရှိနေသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ကျနော်တို့ကတော့ အဲဒီစာချုပ်ကိုတော့ ကျနော်တို့က ကြိုဆိုရုံပဲ ကြိုးပမ်းမှုအနေနဲ့ ကြို ဆိုတာပေါ့။ CPRH က ကြိုးပမ်းတယ်ဆိုတဲ့ ဟာကို အသိအမှတ်ပြုပြီးတော့ ကြိုဆိုတာပေါ့ စာချုပ်ထဲမှာ ပဋိ ညာဉ်ထဲမှာပါတဲ့ အချက်အလက်တွေက ကျနော်တို့ ဖတ်ရအုံးမယ်ခင်ဗျား။ အပြန်အလှန်ဆွေးနွေးရအုံးမယ် ဆို တော့ အဲဒါကိုတော့ ကျနော်တို့ အဲဒီ ချာတာထဲမှာပါတဲ့ ကိစ္စတွေကိုတော့ ထောက်ခံတာတို့ လက်ခံတာတို့ ကျ နော်တို့ မလုပ်သေးပါဘူး။ အဲဒီချာတာကို ကြိုးစားပမ်းစား ထုတ်ပေးတယ်ဆိုတာကိုတော့ ကျနော်တို့က ကြိုဆို တာပေါ့နော။ ချာတာပါ အကြောင်းအရာ အားလုံးကိုတော့ လက်ခံအတည်ပြုတယ်ဆိုတာကိုတော့ မဟုတ်သေး ဘူး။ မရှိသေးဘူး။ အဲဒါပဲ အဓိကက အဲဒါ။

မေး - ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းလိုက်ပြီဆိုတော့ လာမယ့် နိုင်ငံရေး ဖြစ်စဉ်တွေမှာ ရှေ့လုပ်ငန်း စဉ်တွေမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ၂ မျိုးစလုံးက ဖြစ်နိုင်ပါတယ်။ အကယ်၍ CRPH အနေနဲ့ သူ ၂၀၀၈ ကိုဖျက်သိမ်းတယ်လို့ သူကြေညာတာကတော့ သူ့ဖက်ကကိုဗျာနော။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံက စစ်ကောင်စီဖက်က တော့ ဒီဖွဲ့စည်းပုံနဲ့အညီ အရေးပေါ်အခြေအနေကြေညာပြီးတော့ အာဏာလွှဲပြောင်းရယူတယ်လို့ ပြောထား တယ်ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကိုင်စွဲပြီးတော့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီက တစ်ဖက်ရှိသလို ၂၀၀၈ ဖွဲ့ စည်းပုံ ဖျက်သိမ်းတဲ့ CRPH က တစ်ဖက်ဖြစ်နေတာကိုးနော်။ အဲဒီကြားထဲမှာ ဖြစ်နေတာပေါ့ လောလော ဆယ်ဆယ် အခြေအနေက ဒါကြောင့် ပြည်တွင်းမှာ ဒီတရားဝင် အခြေခံ ဥပဒေက ရှိနေလား မရှိဘူးလားဆိုတဲ့ မေးခွန်းက ကျနော်တို့ ဖြေဖို့ခက်သွားတာပေါ့။ လောလောဆယ် နိုင်ငံရေး မိုးလေဝသက ရှင်းရှင်းလင်းလင်း မဖြစ်သေးတဲ့ အခြေအနေဖြစ်နေတာကိုး။ အဲ့ဒါကြောင့်ပါ။ အဲဒါကြောင့် ကျနော်တို့က အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ကို ဖျက်သိမ်းတာကတော့ ကျနော်တို့ ကိုယ်တိုင်လည်း အစကတည်းက ၂၀၀၈ ကိုကြိုက်တာမှ မဟုတ်ပဲ ပြင်ဆင်ရမယ် ရုတ်သိမ်းရမယ် ကျနော်တို့ အသစ်ရေးရမယ်လို့ ကျနော်တို့ ပြောနေတော့ ဖျက်သိမ်း တယ် ကြေညာတဲ့ကိစ္စကိုတော့ ကျနော်တို့က ကြိုဆိုထောက်ခံတာပေါ့။ ဒါပေမယ့် အသစ်က ဘယ်လိုလဲ ဘယ် လိုပုံစံနဲ့ တိုင်းပြည် အနာဂတ်ရဲ့ ဖွဲ့စည်းပုံက ဘယ်လိုပုံစံမျိုးလာမလဲ ဆိုတာ ကျနော်တို့ ဆက်လက်ဆွေးနွေး ရမှာပေါ့ဗျာ။

မေး - ပြီးခဲ့တဲ့ ရက်ပိုင်းက မူတြော်ခရိုင်ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တော့ KNU/KNLA တပ်မဟာ ၅ က ထုတ်ပြန်ထားတာရှိတယ်။ အဲဒီထုတ်ပြန်ချက်ကို CRPH က ကြိုဆိုတယ် ပြီးတော့ NCA ဟာ အသက်မဝင်တော့ဘူးလို့ ထည့်သွင်းပြောဆိုထားတာတွေ့ရတယ်။ NCA နဲ့ ပတ်သက်ပြီး အပစ်ရပ် အဖွဲ့တွေရဲ့ သဘောထားကရော ဘယ်လိုရှိနေပါသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - NCA စာချုပ်နဲ့ ပတ်သက်တာကတော့ ကျနော်တို့ မပြောသေးဘူးဗျာ။ ဘာကြောင့်လဲ ဆို တော့ NCA စာချုပ်ကို လက်မှတ်ရေးထိုးတဲ့အတွက် ကျနော်တို့ ၁၀ ဖွဲ့က တရားဝင်မှုရလာတယ် ပြည်တွင်းမှာ မတရားအသင်းကလည်း ဖျက်သိမ်းခြင်းခံရတယ်။ ပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းကလည်း ဖျက်သိမ်းခြင်း ခံရတယ်။ ကျနော်တို့ က စေ့စပ်ဆွေးနွေးရေးပေါ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ တရားဝင် ပါဝင်ခွင့်ရှိတဲ့ ကျနော်တို့ Legitimacy ပေါ့ဗျာ။ တရားဝင်မှုရှိသော အဖွဲ့အစည်းတွေ ဖြစ်လာတယ်။ တရားဝင်မှု ရှိတဲ့ အဖွဲ့အစည်းတွေ အနေအထားကနေပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တာကိုး။ ဆောင်ရွက်ရင်းနဲ့ အခုငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ယာယီ ရပ်တန့်သွားတဲ့ အခါကျတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကိုတော့ ကျနော်တို့က ဆက်မလုပ်ဘူး။ သို့သော် အပစ်ခတ်ရပ်စဲရေး စာချုပ်ကတိကဝတ်ကိုတော့ ကျနော်တို့က ဆက် လက်ကိုင်စွဲမယ် ဆက်လက်စောင့် ထိန်းမယ်ဆိုပြီးတော့ ကျနော်တို့က သတ်မှတ်ထားတယ်။ ဒါကြောင့် NCA စာ ချုပ်ကတော့ ကျနော်တို့ စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဖက်ကတော့ ရုတ်သိမ်းတယ်။ ဖျက်သိမ်းတယ်ဆိုတာတော့ မရှိဘူးဗျာ။ အဲဒါတော့ မရှိဘူး။

မေး - ဒီလိုဆိုရင် ရှေ့ဆက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်လိုလုပ်ဆောင်သွားဖို့ရှိသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ရှေ့ဆက်အခြေအနေက ဖြစ်ပေါ်လာတဲ့ အခြေအနေကတော့ မြန်မြန်လုပ်ရမှာနဲ့ ရေ ရှည်လုပ်ရမှာပေါ့ဗျာ။ မြန်မြန်လုပ်ရမှာကတော့ အခုသတ်နေဖြတ်နေ လိုက်ပြီးတော့ ပစ်ခတ်သတ်ဖြတ် နေ တယ် ဖမ်းဆီး ရိုက်သတ်နေတယ်။ လူတွေကို ဆန္ဒပြတာ မပြတာ တစ်ပိုင်းထား နောက် ဒီလိုအနိုင်ကျင့် လက် နက်နဲ့ လက်နက်မရှိတဲ့ လူကို လက်နက်နဲ့ လိုက်ပြီးတော့ ပစ်ခတ်သတ်ဖြတ်နေတာတွေကိုတော့ ကျနော်တို့ က တော့ လက်မခံနိုင်ဘူးပေါ့။ ဒါကို အမြန်ဆုံးလျှော့နည်းအောင်လုပ်ဖို့တော့ လက်ရှိ စစ်ကောင်စီနဲ့ သူတပ်တွေကို တော့ တောင်းဆိုရမှာပေါ့။ ဒါကတော့ ကျနော်တို့ လက်မခံနိုင်ဘူး မလုပ်ပါနဲ့ အဲဒီနောက်ဆက်တွဲမှာမှ ဘယ်လို စကားပြောရမလဲ ဘယ်လိုကြားဝင်စေ့စပ်ရမလား။ သို့တည်းမဟုတ် တရုတ်က အကြံပေးတဲ့အတိုင်းပဲ ကျနော် တို့ ဖက်ပေါင်းစုံပါဝင်တဲ့ မြန်မာပြည်အရေးမှာ ဖက်ပေါင်းစုံ ပါဝင်တဲ့ Stakeholder တွေ အားလုံးပါတဲ့ ပြဿနာ ဖြေရှင်းတဲ့ ညှိနှိုင်းပွဲများရှိမလားပေါ့။ အဲဒါကိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။

မေး - CRPH က မကြာခင် အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့မယ်လို့ ပြောထားတာရှိတယ်။ ပြီးတော့ တစ်ဖက်မှာ လည်း ဖက်ဒရယ် တပ်မတော်ကို ဖွဲ့မယ်ဆိုပြီးတော့ ပြောဆိုသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာ တွေ ရှိတယ်။ အဲဒီပေါ်မှာ အပစ်ရပ်အဖွဲ့တွေရဲ့ သဘောထားက ဘယ်လိုရှိသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - အဲဒါကတော့ ကျနော်တို့ အတွေ့အကြုံရှိပါတယ်။ အဲဒါက ဆန္ဒစောလို့တော့မရဘူး။ ကျ နော်တို့ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းပေါ့ ကျနော်တို့ ဖွဲ့ခဲ့တဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီဆိုတာရှိပါတယ်။ အဲဒီ ဖက်ဒရယ်ကောင်စီ ဖွဲ့ပြီးတဲ့ အချိန်မှာ ၂၀၁၂ ၊ ၂၀၁၃ မှာတော့ ဖက်ဒရယ် ကောင်စီရဲ့ နိုင်ငံရေး ဦးဆောင်မှု အောက်မှာ ဖက်ဒရယ် တပ်မတော်ဖွဲ့ရေးကို ကျနော်တို့ လုပ်ပါတယ်။ စီမံချက် လည်း ရေးကြပါတယ်။ ဒါကြောင့် ဖက်ဒရယ် တပ်မတော်လို့ ပြောရင် အတွေ့အကြုံမရှိတဲ့ အရပ်သားတွေ အနေနဲ့ ဆိုရင်တော့ ဖက်ဒရယ် တပ်မတော်ကို တစ်ဖက်က တပ်မတော်လို့ မြင်ကြတယ်။ တပ်မတော်ရဲ့ အထက် မှာ နိုင်ငံရေး ဦးဆောင်ရမယ့် ဖက်ဒရယ်ကောင်စီလို အစုအဖွဲ့မျိုးက ရှိဖို့လိုတယ်။ နိုင်ငံရေး ဦးဆောင်မှု မရှိတဲ့ လက်နက်ကိုင်ဟာ အင်မတန်ကြောက်စရာ ကောင်းတယ်။ နိုင်ငံရေး ဦးဆောင်မှု နိုင်ငံရေး ခံယူချက် နိုင်ငံရေး သဘောတရား နားမလည်တဲ့ လက်နက်ကိုင်ဟာ အင်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့် နိုင်ငံရေး ဦး ဆောင်မှု ပေးနိုင်တဲ့ အစုအဖွဲ့၊ နိုင်ငံရေး အင်အားစု တပ်ပေါင်းစု အဲဒါမျိုးရှိတဲ့ အခါကျမှ အဲဒီနိုင်ငံရေး အင်အား စု တပ်ပေါင်းစု ဦးဆောင်မှုအောက်မှာ အမိန့်ပေးမှုအောက်မှာ ဖက်ဒရယ်တပ်မတော်ဟာ စုဖွဲ့လို့ရတယ်။ အလုပ်လုပ် လို့ ရတယ်။ အဲဒီသဘောပါ။ အဲဒါကြောင့် ကျနော်တို့က ဖက်ဒရယ် တပ်မတော်ပဲ ပြောတယ်။ ဖက်ဒရယ် ကောင် စီက ဘယ်မှာရှိသလဲ ဖက်ဒရယ်အင်အားစုက ဘယ်မှာရှိသလဲ အမိန့်ပေးမှာက ဘယ်သူလဲဆိုတဲ့ မေးခွန်း က ဖြစ်လာတယ်။ ဒါကြောင့် ကျနော်တို့က အဆင့်လိုက်ပေါ့ဗျာ ဖက်ဒရယ်ကောင်စီ ဖက်ဒရယ် နိုင်ငံရေး အင် အားစုပေါ် လာမှ ဖက်ဒရယ်တပ်မတော်က သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ရှိရမယ် အဲဒီအတိုင်း ကျနော်တို့ သွား သင့်တယ်လို့ ကျနော်တို့ အတွေ့အကြုံရှိခဲ့ပါတယ်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...