မတရားသင်းပယ်ဖျက်ခြင်းက အနာဂတ်ပြည်ထောင်စုအတွက် အလားအလာကောင်းဟု နိုင်ဗညားမွန်ပြော

မတရားသင်းပယ်ဖျက်ခြင်းက အနာဂတ်ပြည်ထောင်စုအတွက် အလားအလာကောင်းဟု နိုင်ဗညားမွန်ပြော

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား မတရားသင်းအဖြစ်မှ ပယ်ဖျက်လိုက်ခြင်းဖြင့် အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွင် ယင်းအဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်မည်ဟု နိုင်ငံရေး လေ့ လာသုံးသပ်သူ အချို့က ဆိုသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းကနေ မတ်လ ၁၇ ရက်နေ့ (ယမန်) နေ့က ပယ် ဖျက်လိုက်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

CRPH ၏ ထုတ်ပြန်ချက်ကြောင့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု မည်ကဲ့သို့ အားကောင်းလာနိုင်ပါသလဲ၊ တိုင်းရင်းသားတွေ မျှော်မှန်းထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ဖြစ်လာ နိုင်မည့် အလားအလာ ရှိပါလား၊ ထိုသို့ ဖြစ်လာနိုင်ရန် CRPH အနေဖြင့် ဘာတွေ လုပ်ဆောင်သင့်သလဲ စသည့် အကြောင်းအရာ သုံးသပ်ချက်များကို ဖက်ဒရယ်ရေးရာနှင့်မူဝါဒရေးရာ စင်တာ အစီအစဉ် ဒါရိုက်တာ နိုင်ဗညားမွန်ကို ဆက်သွယ်မေးမြန်းထားရာ မတရားသင်း ပယ်ဖျက်မှုအပေါ် သူ့သဘောထားကို ခုလို ပြောပြသည်။

နိုင်ဗညားမွန် - နံပါတ်တစ်အချက်ပေါ့နော CRPH ကနေ ဒီ အဖွဲ့အစည်းအားလုံးကို  အကြမ်းဖက်အဖွဲ့ကနေ ဖြစ် စေပေါ့ မတရားအသင်းအဖြစ်ကနေ ဖြစ်စေ သူက ပယ်ဖျက်လိုက်တဲ့ လုပ်ဆောင်မှုက ကျနော်အမြင်အ ရဆိုရင် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိရောက်တဲ့ ဆက်ဆံရေး ထိတွေ ဆက်ဆံမှုမှာ ပိုပြီး တော့ ဥပဒေအကြောင်းအရ တရားဝင်တယ် အဲလိုပဲ သုံးသပ်မိပါတယ်။

မေး - ဒီလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အကြမ်းဖက် အဖွဲ့အစည်းနှင့် မတရားအသင်း က နေ ပယ်ဖျက်လိုက်တဲ့အတွက် CRPH နှင့် ပြည်သူတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပူး ပေါင်း လုပ်ဆောင်မှုက ပိုပြီးတော့ အားကောင်းလာနိုင်လား။

နိုင်ဗညားမွန် - ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို မတရားအသင်းပဲဖြစ်ဖြစ် အကြမ်းဖက်အဖွဲ့ဖြစ်ဖြစ် ပယ်ဖျက်တဲ့ ကြေညာတဲ့အပေါ်မှာကျတော့ ပြည်သူနဲ့သော်လည်းကောင်း CRPH နဲ့သော်လည်းကောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဆက်ဆံတဲ့အခါမှာ ဟိုအရင်က ချ မှတ်ထားတဲ့ ပုဒ်မ ၁၇/၁ အရ ဖမ်းဆီးအရေးယူမှုကို တရားဝင်ဆက်ဆံမှု ရသွားတဲ့ အနေအထားမျိုးကို ဖြစ်သွား တယ်ပေါ့။ ဒါက ပူးပေါင်းဆောင်ရွက်မှုက ကြားထဲမှာ ဖြစ်ရှိနေတဲ့ အဟန့်အတားတွေကို ပယ်ဖျက်သွားတဲ့ သဘောဖြစ်တဲ့အခါကျနော့် CRPH အနေနဲ့သော်လည်းကောင်း ပြည်သူအနေနဲ့ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးတော့ လွယ်ကူလာလိမ့်မယ်။ ပိုပြီးတော့ နီးစပ်လာလိမ့်မယ် အဲဒီပုံစံမျိုး ကျနော်သုံးသပ်ရပါတယ်။

မေး - CRPH ကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့တို့ မတရား အသင်း တို့ကနေ ပယ်ဖျက်လိုက်ခြင်းက တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုတို့ ဖက်ဒရယ် တပ်မတော်တို့ ဆိုတဲ့ အနေအထားမျိုးအထိ ရောက်လာနိုင်သလား။

နိုင်ဗညားမွန် - ယေဘုယျအနေနဲ့က ကျနော်မြင်တာက ဒါက အကောင်းဖက်ကို ဦးတည်နိုင်တဲ့ ဦးတည်သွားတဲ့ ခြေလှမ်းတစ်ရပ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်ကျနော်တို့ သွားတဲ့ ဖက် ဒရယ် ပြည်ထောင်စု အတွက်သော်လည်းကောင်း နောက်ထပ်ပြောဆိုနေတဲ့ ဖက်ဒရယ်တပ်မတော် တည် ဆောက်ရေးအတွက် သူတို့ ဆွေးနွေးမှုတွေက အခုထုတ်လိုက်တဲ့ ထုတ်ပြန်ချက်က သူတို့ဆွေးနွေးမှု အပေါ်မှာ ဖြစ်ရှိနေတဲ့ ဥပဒေက အဲဒီပုံစံမျိုးကို ပယ်ဖျက်လိုက်တဲ့အခါကျတော့ ဆွေးနွေးမှုက ပိုပြီးတော့ လွယ်ကူ လိမ့် မယ်။ နောက်ပြီးတော့ ပိုပြီးတော့ ကျနော်အမြင်က ပိုပြီးတော့ အထောက်အကူဖြစ်မယ်လို့ ကျနော်ယူဆပါ တယ်။ ဆိုတော့ လာမယ့် ဒီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ထပ်တူပဲ နောက်ထပ် သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှု ဆွေးနွေးမှု ရလဒ်အပေါ်မှာ ကျနော်တို့ မူတည်လိမ့်မယ်လို့ ကျနော်တို့ မြင်ပါတယ်။

မေး - စစ်အာဏာရှင် အမြစ်ပြတ်အောင် လုပ်ဆောင်ဖို့အတွက် CRPH အနေနဲ့က တိုင်းရင်းသား အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါမှာ ဘယ်အပိုင်းတွေကို အဓိကထား လုပ်ဆောင်ဖို့ လိုအပ်သလဲ။

နိုင်ဗညားမွန် - ကျနော်မြင်တာကတော့ ၂ ပိုင်းဖြစ်တယ်ပေါ့နော။ ၂ ပိုင်းဖြစ်တဲ့အပေါ်မှာကျတော့ အခု CRPH ရဲ့ ဒီ သွားချင်တဲ့ ဒီမိုကရေစီ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံအမတ်အားလုံး လွှတ် မြောက်ရေး ဒီမိုကရေစီ ရရှိရေးနဲ့ ၂၀၀၈ ဖျက်သိမ်းရေးပေါ့ နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံ ဥပဒေပေါ်ပေါက်ရေး ရည်မှန်းချက်က တိုင်းရင်းသား လက်နက်ကိုင် အပါအဝင်ပေါ့ တိုင်းရင်းသား လူမျိုး အား လုံး တောင်းဆိုနေတဲ့ ဒီ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး ဖက်ဒရယ် ပြည်ထောင်စု ဥပ ဒေ ပေါ်ပေါက်ရေးတွေဟာ တိုင်းရင်းသား လူမျိုးများ တောင်းဆိုနေတဲ့ ဒီတောင်းဆိုချက်နဲ့ ကိုက်ညီတယ်။ ဒါက နံပါတ်တစ်အချက်ပေါ့လေ။ ဆိုတော့ ဒီအပေါ်မှာ အခြေပြုပြီးမှ ကျနော်တို့က ဘုံလုပ်ငန်း စဉ်တွေ ဘယ်လိုချ မှတ်မလဲ အဲဒါအပါ်မှာ မူတည်ပါလိမ့်မယ်။ CRPH ကတော့ သူလုပ်ဆောင်ရမယ့် လုပ်ငန်းတွေ သူလုပ်ဆောင် ပေးဖို့ လိုသလို တိုင်းရင်းသား ဖက်ကလည်း ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ပါဝင်နိုင်မှသာလျှင် အခုန ကျနော်တို့ ပြောတဲ့ ဘုံရည်မှန်းချက်ကို ကျနော်တို့က အကောင်အ ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။တစ်ဖက်တော့ ကျနော်တို့ တစ်ဖက်တည်းဖော်ဆောင်မယ် ဆိုတဲ့ဟာက ကျနော်ထင်တယ် အားလုံး ၂ ဖက် စလုံးပူးပေါင်းဆောင် ရွက်မှုက ပိုပြီး ထိရောက်မယ်လို့ အဲလိုပဲ ကျနော်သုံးသပ်ချင်ပါတယ်။

မေး - နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွတ်ပြောစရာရှိသေးသလဲ။

နိုင်ဗညားမွန် - တစ်အချက်ကတော့ ဝမ်းတော့ ဝမ်းသာပါတယ်။ ကြိုဆိုတယ်ပေါ့။ နောက်ဆက်လက် လုပ် ဆောင်ရမယ့် လုပ်ငန်းတွေက CRPH အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဥပဒေကြောင်းအရ ပြည်သူတွေ ရထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အပေါ်မှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ဒီ နိုင်ငံရေး အနေနဲ့ သော်လည်းကောင်းနောက် ပြီးတော့ တိုင်းရင်းသားနဲ့ ပူးပေါင်းဆောင်ရွက်ရေးမှာ ကျတော့ ဒီထက်ပိုမိုပြီးတော့ ပိုမိုတဲ့ ဆွေးနွေးမှု သဘော ထားရယူနိုင်ရေးက အမြန်ဆုံးပြုလုပ်နိုင်ပါစေလို့ ကျနော်အဲလိုပဲ ဆုတောင်းပါတယ်။ အမြန်ဆုံး လုပ်ပါလို့ ကျနော်အဲလိုပဲ တိုက်တွန်းချင်ပါတယ်။

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...