တပ်မတော် ဖမ်းသွားသော ရွာသားများ အဆက်အသွယ်မရ

တပ်မတော် ဖမ်းသွားသော ရွာသားများ အဆက်အသွယ်မရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်မှ ဖမ်းဆီးသွားသည့် ဒေသခံရွာသား ၄ ဦးကို ယနေ့အချိန်ထိ အဆက်အသွယ် မရသေးကြောင်း ဒေသခံများက ပြောသည်။

မူဆယ်ခရိုင်၊ မန်ဒေါင်ကျေးရွာအနီး မတ်လ ၄ ရက်နေ့ (ယမန်)နေ့ နံနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ တပ်မ တော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲကမနေ့က မနက်ကတည်းကနေဖြစ်တာ။ ကြားရတာကတော့ KIA တပ်မဟာ ၆ က တပ်ရင်းနဲ့ စစ်တပ် တပ်မတော်တပ်ပေါ့ ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ဟုတ်တယ် မန်ဒေါင်ကျေးရွာမှာပါ။ မန်ဒေါင်က ရွာသား အားလုံးက ထွက်ပြေးရတယ်။ မပြန်သေးဘူး။ တိုက်ပွဲဖြစ်တော့ ရွာထဲက လူလေးယောက်ကိုလည်း ဗမာစစ် သားတွေ က ဖမ်းသွားတယ်။ အခုထိ ဘာမှ အဆက်အသွယ်မရဘူး။ ဖမ်းသွားတဲ့အထဲမှာ အသင်းတော်က သင်း ထောက်လည်း တစ်ယောက်ပါတယ်” ဟု ပြောသည်။

မန်ဒေါင်ကျေးရွာမှ သင်းထောက် ဦးလမိုင်တူးဂျိုင်အပါအဝင် ရွာသားလေးဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု ဒေသခံများက ပြောသည်။

မန်ဒေါင်ကျေးရွာအနီးဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် ဒေသခံရွာသားများသည် နမ့်ခေါင် ကျေးရွာရှိ ဘုရားကျောင်းဝန်းအတွင်းသို့ စစ်ဘေးတိန်းရှောင်နေရ သည်ဟု ဒေသခံများက ပြောသည်။

“ရွာသားတွေကလည်း ရွာထဲကို ပြန်မလာကြသေးနဲ့အုံးလို့ ပြောထားတယ်။ ကျနော်တို့က ကြောက်တယ်လေ နော်။ ရွာသားပဲဖြစ်တာကို ဘာလို့ အခုလိုမျိုးဖမ်းလည်းမသိဘူး။ စစ်သားတွေကလည်း အမြဲသွားနေတယ်၊ ဒီ ကျနော်တို့နေရာ ဒေသမှာဆိုရင် သုံးလေးရက်ရှိပြီ စစ်သားတွေသွားလိုက်လာလိုက် ဖြတ်နေကြတယ်။ အားလုံး ကလည်း ကြောက်နေရတယ်။ ရွာမှာလည်းမနေရဲဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။

မန်ဒေါင်ကျေးရွာအနီးတွင် တပ်မတော် ခလရ (၂၈၇) တပ်ရင်းသည် KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း အမှတ် ၃၆ နယ်မြေအတွင်း ဝင်ရောက်လာခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟုလည်း KIA ဘက် က ပြောသည်။

“နမ့်ခေါင်ခူးဘက်က တက်လာတဲ့ ဗမာစစ်တပ် ခ.လ.ရ (၂၈၇)တပ်က အင်အား တစ်ရာကျောက်ကကျနော်တို့ ကေအိုင်အေရှိတဲ့ နယ်မြေထဲကို တိုးဝင်လာတဲ့အတွက် ကေအိုင်အေ အမှတ် ၃၆ တပ်ရင်းအနေနဲ့ ကာကွယ်တား ဆီးရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။  အခုတုန်း တိုက်ပွဲက ရပ်နေတယ်။ အခုလက်ရှိမှာတော့ သူတို့က ကျနော်တို့နဲ့ အနီးတဝိုက်မှာဘဲရှိ သေးတယ်ဆိုတော့ တိုက်ပွဲ ဆက်ပြီးမဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ သူတို့ဘက်က ထိ ခိုက်တာတွေတော့ရှိမှာဘဲ အတိအကျတော့ မသိဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။ လောလော ဆယ် ဒီမှာ တခြား စစ်အင်အားတိုးချဲ့တာတွေတော့ မရှိသေးဘူး" ဟု ရှေ့တန်းနေရာတွင် ရောက်ရှိနေသည့် KIA ဘက်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာလအတန်ကြာ ရပ်တန့်နေသည့် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့အကြားက တိုက်ပွဲများသည် တပ်မတော်မှ အာဏာသိမ်းပြီးနောက်မှစ၍ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းတွင် တိုက်ပွဲများ ပြန် လည်ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ (ယမန်နေ့) က တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ဖေဖော်ဝါရီ လ ၂၁ ရက်နေ့ (ယနေ့) တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် KIA တပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေအနီးက မူဆယ်ခရိုင် ဒန်နိုင်း ကျေး ရွာဘက်က တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ရွာသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး ခဲ့ သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေ သော်လည်း ကချင်ပြည်နယ်တွင် နှစ်ဖက် စစ်ရေးအခြေအနေမှာ ထူးခြားမရှိပဲ ငြိမ်သက်နေသည် ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ဖေဖော်ဝါရီလကုန်ပိုင်းက သတင်းနှင့်မီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းရာတွင် ပြောဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်တွင် တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့များရှိရာ ဒေသသို့ စစ်ဆင်ရေး လုပ်ဆောင်မှုများသည် ပြည်တွင်းငြိမ်းချမ်းရေးကို အလှမ်းဝေးစေ သည် သာမက တိုက်ပွဲများလည်း ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ဆိုသည်။

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...