မွန်ပြည်နယ် မြို့ဝင် မြို့ထွက်များတွင် လုံခြုံရေးတပ်ဖွဲများက ပြည်သူများအား ရှာဖွေစစ်ဆေး

မွန်ပြည်နယ် မြို့ဝင် မြို့ထွက်များတွင် လုံခြုံရေးတပ်ဖွဲများက ပြည်သူများအား ရှာဖွေစစ်ဆေး

စစ်အာဏာသိမ်းပြီးနောက် မတ်လ ၁ ရက်နေ့ကမှ စတင်ကာ မွန်ပြည်နယ်အတွင်းက မြို့နယ်အချို့၏ မြို့အဝင် အထွက်တို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် အစရှိသည့် မြို့အဝင်အထွက်နေရာတို့တွင် အာဏာသိမ်း စစ် ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ တို့က ရှာဖွေစစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်သည်ဟု စစ်ဆေးခံခဲ့ရသူအချို့ က ပြောသည်။

“သံဖြူဇရပ် အဝင်မှာရော အထွက်မှာရော စစ်နေတယ် ဘယ်သွားမှာလဲ ဘယ်ကလာလဲ စသဖြင့် မေးတယ်၊ ဆိုင်ကယ်နဲ့ လူငယ်တွေဆို ဖုန်းဖွင့်စစ်တယ် အိတ်ဖွင့်စစ်တယ်” ဟု မတ်လ ၂ ရက်နေ့က ကိုယ်တိုင် အစစ်ဆေး ခံခဲ့ရသူ မင်းရော့မွန် က ပြောသည်။

မြို့အဝင်အထွက်နေရာများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီး ဖြတ်သန်းသွားလာနေသည့် ကားများ၊ ဆိုင်ကယ်များကို မတ်လ ၁ ရက်နေ့က စတင်ကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေခြင်း ဖြစ်သည်။

မော်လမြိုင်နှင့် မုဒုံမြို့အထွက် နေရာအချို့တို့တွင်လည်း စစ်ဆေးမှုများရှိနေပြီး အဓိက ဖုန်းနှင့် လူမှုကွန်ယက် စာ မျက်နှာကိုဖွင့်ခိုင်းကာ စစ်ဆေးနေသည်ဟု အစစ်ဆေးခံခဲ့ရသူများ က ပြောသည်။

“ဆိုင်ကယ်ကို တားပြီးတော့ ညီမဖုန်းကိုစစ်တာပါ။ ညီမရဲ့ ကျောပိုးအိတ်လည်း ဖွင့်စစ်တယ်၊ Facebook ကိုပါ ဖွင့်ခိုင်းပါတယ်။ အဲ့လိုမျိုး စစ်တယ်” ဟု မတ်လ ၁ ရက်နေ့က မော်လမြိုင်မြို့အထွက်တွင် အစစ်ခံခဲ့ရသူ အမျိုးသမီးငယ် တစ်ဦး က ပြောသည်။

ရှာဖွေစစ်ဆေးရာတွင် ဖုန်းထဲ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ပတ်သက်သည့်အချက်အလက် တွေ့ရှိသူများကို ဖမ်းဆီးနေသည်ဆိုသည့်သတင်းများလည်း ထွက်ပေါ်နေပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“ဒါကလည်း ပြည်သူတွေ ကြောက်ရွံ့အောင် လုပ်ဆောင်တဲ့နည်းတစ်ခုပေါ့ လူတွေကြောက်အောင် ထိတ်လန့် အောင် လုပ်ဆောင်နေတာ” ဟု အသက် ၆၀ ဝန်းကျင်ရှိ မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ အပြင် မုဒုံ သံဖြူဇရပ် ချောင်းဆုံ အစရှိသည့် မြို့တို့တွင် လူအင်အား သိန်းနှင့်ချီက လမ်းပေါ်ထွက်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေ ကြသည်။

စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်ဆံများ၊ ကျည်ဆံ အစစ်အများ၊ မျက်ရည်ယိုဗုံးများနှင့် အသံမြည်ဗုံးများဖြင့် အင်အားသုံး ဖြိုခွင်းလျှက်ရှိသည်။

ထို့သို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ် ဖြိုခွင်းမှုများကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က မော်လမြိုင်မြို့တွင် လူငယ်တစ်ဦး သေဆုံးသွားပြီး ဒဏ်ရာရသူလည်း အများအပြားရှိနေခဲ့သည်။

ရွှေဘိုအကျဉ်းထောင် (ပုံဟောင်း - Crd)
August 15, 2026
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသူ ၈...
August 15, 2026
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရခိုင်ပြည် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့အား စစ်တပ်က...
August 14, 2026
ဧရာဝတီတိုင်းအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့...
August 14, 2026
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ရေကြည်မြို့နယ် အစပ်ဒေသများတွင် အာရက္ခတပ်တော် (AA) နှင့်...