အစိုးရ ဝန်ကြီးများ CRPH ခန့်အပ်

အစိုးရ ဝန်ကြီးများ CRPH ခန့်အပ်

နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ခေတ္တပြည်ထောင်စု ဝန်ကြီးများကို ပြည်ထောင် စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခန့်အပ် တာဝန်ပေးအပ်လိုက်သည်။

ပြည် ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခန့်အပ်လိုက်သည့် ပြည်ထောင်စု ဝန်ကြီးများမှာ  “ဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးလွင်ကိုလတ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုအစိုးရ အဖွဲ့ ရုံးဝန်ကြီးဌာန၊ ဦးတင်ထွန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုး အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ကျန်းမာရေး နှင့် အားက စားဝန်ကြီးဌာန” တို့ ဖြစ်သည်။

တပ်မတော်မှ အာဏာသိမ်းယူပြီး တစ်လနှင့် နှစ်ရက်ပြည့်သည့် မတ်လ နှစ်ရက်နေ့ (ယနေ့) တွင် CRPH က ပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

မတ်လ ၂ ရက်နေ့ (ယနေ့ ) ရက်စွဲဖြင့် CRPH က ထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းဖြင့် ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများသည် တာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေအနေ မရှိသောကြောင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ကိုယ်စား ဆောင်ရွက်ရန်အလို့ငှာ အဆိုပါပုဂ္ဂိုလ် များအား ယှဉ်တွဲပါ ဝန်ကြီးဌာန အသီးသီးတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် ဟု ဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန် အတွက် သင့်လျော်သည့် ပုဂ္ဂိုလ်များအား လိုအပ်သလို ဆက်လက် တာဝန်ပေးအပ်သွားမည် ဖြစ်သည်ဟု CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထု့ိအပြင် ယမန်နေ့က ထုတ်ပြန်သည့် CRPH ၏ ထုတ်ပြန်ချက်ထဲတွင် အာဏာသိမ်းစစ်ကောင်စီသည် အကြမ်း မဖက်နည်းဖြင့် အာဏာဖီဆန်ကြသော နိုင်ငံ့ဝန်ထမ်းများ၊ စစ်အာဏာ သိမ်းမှုကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြ ကြသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ရဟန်းသံဃာများ၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လက်နက်မဲ့ ပြည်သူများကို လမ်းမများပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဥပဒေမဲ့ ဖမ်း ဆီးခြင်း၊ ရာဇဝတ်သားများစေလွှတ်၍ ရပ်ရွာတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုအပေါ်တွင် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေခြင်းသည် နိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသား များအပေါ် အကြမ်းဖက် စစ်ကြေညာခြင်းဖြစ်သည်ဟု ထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းယူသည့်အခါတွင် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ဝန်ကြီးများနှင့် လွှတ်တော်ကိုယ် စားလှယ် များကို ဖမ်းဆီးထားပြီးနောက် လူထုက ရွေး ချယ်တင်မြောက်ထားသည့် အစိုးရအဖွဲ့မှာလည်း ပျက်ပြယ်သွားပြီ ဟု အာဏာသိမ်းယူထားသည့် တပ်မတော် မှ ကြေညာခဲ့သည်။

သို့သော် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD လွှတ်တော်ကိုယ်စား လှယ်များက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၏ လက်ရှိအချိန်အထိ သမ္မတမှာ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ဒေါ်ဆောင်ဆန်းစုကြည် ဖြစ် သည်ဟု တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...