ကရင်ပြည်နယ်မှ CDM ဝင်သူများ ငွေကြေးထောက်ပံ့မှုနှင့် ဥပဒေအကာကွယ်များ ကူညီမည်ဟု ပြော

ကရင်ပြည်နယ်မှ CDM ဝင်သူများ ငွေကြေးထောက်ပံ့မှုနှင့် ဥပဒေအကာကွယ်များ ကူညီမည်ဟု ပြော

ကရင်ပြည်နယ်ရှိ ဌာနဆိုင်ရာအသီးသီးမှ CDM (Civil Disobedience Movement) တွင် ပါဝင်နေသည့် ဝန်ထမ်းများကို ငွေကြေးထောက်ပံ့မှုနှင့် ဥပဒေအကာအကွယ်များကူညီပေးသွားမည်ဟု CDM ဝန်ထမ်းများကူညီရေးအဖွဲ့ တာဝန်ရှိသူက ကေအိုင်စီ သို့ ပြောသည်။

စစ်အုပ်ချုပ်မှုအောက်တွင် တာဝန်မထမ်းဆောင်လိုသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ဆန္ဒထုတ်ဖော်သည့်အနေဖြင့် CDM ကမ်ပိန်း ပြုလုပ်သည့်အပေါ် တရားစွဲဆိုမှုနှင့် ၎င်းတို့လုပ်ခလစာများ လျှော့ချဖြတ်တောက်မှုခံရပါက ကူညီဆောင် ရွက်ပေးရန် စီစဉ်ထားသည်ဟု ကရင်ပြည်နယ် CDM ဝန်ထမ်းများ ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက“CDM ဝင်သူတွေရဲ့ အခက်အခဲတွေ ကာကွယ်ဖြေရှင်း နိုင်ဖို့ ရည်ရွယ်ဖွဲ့ထားတာပါ။ တစ်ချို့အခက်ခဲအမျိုးမျိုးကြောင့် CDM မပါသေးတဲ့ လူတွေလည်းရှိတယ်။ ကျနော်အဖွဲ့နဲ့ ရဲရဲ သာလာပြီး ချိတ်ဆက်ကြဖို့ ပြောချင်တယ်။ တရားရင်ဆိုင်ရရင်လည်း ရှေ့နေလိုက်ပေးဖို့ စီစဉ်ထားပေးတယ်။ လစာဖြတ် တောက်ခံရရင်လည်း မူလလစာအတိုင်း ဂုဏ်ပြုပေးသွားမယ်” ဟု ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

CDM ဝင်သည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ၎င်းတို့ရရှိမည့် လုပ်ခလစာများကို ထုတ်ယူဦးမည်မဟုတ်ဘဲ လစာများလျှော့ချ ပျောက်ဆုံးမှုဖြစ်ပါက တာဝန်ခံရမည်ဖြစ်ပြီး လူထုတင်မြောက်ရွေးချယ်ထားသည့် အစိုးရပြန်တက်လာမှသာ လုပ်ငန်းတာဝန်များ တာဝန်ခံဆောင်ရွက်မည်ဟု CDM ဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများက ကေအိုင်စီ သို့ပြောသည်။

“CDM ဝင်သူအချို့မှာလည်း စားဝတ်နေရေးနဲ့ လူမှုဘဝအခက်ခဲစိန်ခေါ်မှု ရှိကြပါတယ်။ အမှန်တရားအတွက် ပေးဆပ်တာ ပေါ့နော်။ လစာထုတ်ယူရင်လည်း လက်မှတ်ထိုးရမှာနဲ့ ကတိကဝတ်တွေ ပေးရမလားဆိုတဲ့ အပိုင်းတွေရှိ လာမလားပေါ့နော်။ အဲ့ကြောင့် လုံးဝလှည့်မကြည့်ဘဲ CDM ပဲ တစ်စိုက်မတ်မတ် လုပ်နေတာပေါ့နော်။ စစ်အစိုးရ မပြုတ်မချင်း CDM လုပ်ဖို့ ဆုံးဖြတ်ထားပြီးသား ဆိုတော့လေ ရေရှည်တောင့်ခံနိုင်ဖို့ ခုလိုကူညီပေးမယ့်အဖွဲ့ရှိတော့ အဆင်ပြေတာပေါ့နော်” ဟု ပြည်နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

တပ်မတော်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာအရပ်ရပ်အား သိမ်းယူပြီးနောက် နိုင်ငံဝန်ထမ်း အလွှာအ သီးသီးမှလည်း စစ်အုပ်ချုပ်မှုအောက်တွင် တာဝန်မထမ်းဆောင်လိုသည့်အတွက် ၎င်းတို့ဌာနရုံးဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်း လိုက်ပြီးနောက် ကြုံတွေ့လာနိုင်မည့် အခက်အခဲစိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးနိုင်ရန် မြို့နယ်အသီးသီးတွင် ကော်မတီအဖွဲ့ဝင်များ ဖွဲ့စည်းထားလျက်ရှိပြီဟု CDM ကူညီရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...