နေပြည်တော်တွင် ယနေ့ စစ်ကောင်စီမှ ဖွဲ့စည်းပေးလိုက်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) နှင့် သွားရောက် တွေ့ဆုံခဲ့သည့် ကရင်ပါတီ ၃ ပါတီသည် ကရင်လူမျိုးများကို ကိုယ်စားမပြုကြောင်း ကရင်အရပ်ဖက်နှင့် ကွန်ရက်အဖွဲ့အစည်း (၁၅)ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ကောင်စီ မှ ပြန်လည်ဖွဲ့စည်းပေးလိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ ညှိနှိုင်း အစည်းအဝေးသို့ ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်အမျိုးသား ဒီမို ကရက်တစ်ပါတီ(KNDP) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)တို့ တက်ရောက်ခဲ့သည့်အပေါ် ယခုလို သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သဘောထားထုတ်ပြန်မှုတွင် ပါဝင်သည့် တာကပေါ အဖွဲ့က ယခုလိုပြောသည်။
တာကပေါအဖွဲ့၏ အကြံပေး နော်ပိသလောက “ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းကတည်းက ကျမတို့ ပြည်သူတွေက အစိုးရ တစ်ရပ်အနေနဲ့ အသိအမှတ်မပြုသလို ဆက်ဆံမှုလည်းမလုပ်ဘူး။ ဒါပေမဲ့ ဒီကရင်ပါတီ ၃ပါတီက သွားပြီး အဆက်အဆံလုပ်တဲ့အတွက် နောင်အခါ ဒီပါတီတွေနှင့် ကျမတို့ ပူးပေါင်း ဆောင်ရွက်မှာမဟုတ်သလို ထောက်ခံအားပေးသွားမှာ လည်းမဟုတ်ဘူး။ အထူးသဖြင့် အခုသူတို့ အစည်း အဝေး သွားတက်တာကလည်း ကျမတို့ကရင်လူမျိုးတွေကို ကိုယ်စားမပြုဘူးဆိုတာသိစေချင်တယ်” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် စစ်အုပ်ချုပ်ရေး ခေတ်ကာလကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်၍ နောက်ထပ် အဆိုပါ ခေတ်ကို ပြန်မရောက်ချင်ကြောင်းနှင့် ကရင်ပါတီများအနေဖြင့် အမြင်ပွင့်လင်းပြီး မှန်ကန်သည့်ဘက် ပြည်သူ့ဘက်များ တွင်သာ ရပ်တည်သွားရန် မျှော်လင့်ကြောင်းလည်း နော်ပိသလော က ဆက်ပြောသည်။
ကရင်ပါတီများကို ကန့်ကွက်ရှုတ်ချရာတွင် ပါဝင်သည့်အရပ်ဖက်အဖွဲ့အစည်းအများစုမှာ တနင်္သာရီ တိုင်းအခြေ စိုက် ဌာနေတိုင်းရင်းသားအရေး ကြိုးပမ်းဆောင်ရွက်နေကြသည့် ကရင်လူမှုအဖွဲ့အစည်းများ၊ ဒေသ အခြေ စိုက် အရပ်ဖက်အဖွဲ့များဖြစ်ပြီး ကရင်လူငယ်ကွန်ယက်လည်းပါဝင်သည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ UEC နှင့် နိုင်ငံရေးပါတီ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်တွင်း နိုင်ငံရေးပါတီ ၉၁ ပါတီရှိသည့်အနက် ပါတီပေါင်း ၅၃ပါတီ တက်ရောက်ခဲ့ပြီး ၃၈ ပါတီမှ တက် ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ထို့အပြင် ယနေ့ ညှိနှိုင်းဆွေးနွေးပွဲ၌လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပျက်သွားပြီးဟု စစ်ကောင်စီမှ ရွေးချယ်ခန့်အပ်လိုက်သည့် UEC ဥက္ကဋ္ဌသစ် ဦးသိန်းစိုးမှ ပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သည့် ပါတီ ကိုယ်စားလှယ်များ၏ ပြောဆိုမှုကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာများမှ အကျယ့်တဝင့် ဖော်ပြထား ကြောင်းတွေ့ရသည်။
ယနေ့ တွေ့ဆုံပွဲသို့ ကရင်နိုင်ငံရေးပါတီလေးပါတီ ရှိသည့်အနက် ကရင်အမျိုးသားပါတီ (KNP)မှလွဲ၍ KPP မှ တွဲဖက် အတွင်းရေးမှူး စောထရူးဘလက်၊ KNDP မှ ဒု-ဥက္ကဌ(၁) စောမြတ်ထဋ်ဝင်း နှင့် PSDP မှ အတွင်းရေးမှူး စောကြည်လင်းတို့ အသီးသီးတက်ရောက်ခဲ့ကြသည်။
စစ်ကောင်စီ၏ UEC နှင့် သွားရောက် တွေ့ဆုံမည့်အပေါ် ပါတီဝင်များ၏ သဘောထားဆန္ဒများကို မခံယူဘဲ ၎င်းတို့ ၏ သဘောဆန္ဒအတိုင်း သွားရောက်တွေ့ဆုံရန် ပြင်ဆင်ခြင်းကြောင့် မြဝတီမြို့နယ်၊ ဖလူး ကျေးရွာအုပ်စု မှ KNDP ပါတီဝင်များနုတ်ထွက်ကြောင်း ယမန်နေ့က ပါတီရုံးချုပ်သို့ လိပ်မူ၍ နုတ်ထွက်စာများ ပေးပိုခဲ့ကြောင်း သိရသည်။







