ကုန်သည်များ ယုံကြည်မှုဖြင့် ဆက်လက်ရောင်းဝယ်

ကုန်သည်များ ယုံကြည်မှုဖြင့် ဆက်လက်ရောင်းဝယ်

အာဏာဖီဆန်မှု တိုက်ပွဲများအတွင်း မွန်ပြည်နယ်အတွင်း ကုန်သည်များမှာ ဘဏ်အများစု ပိတ်ထားသောကြောင့် ငွေလည်ပတ်မှု မရှိသော်လည်း ယုံကြည်မှုဖြင့်သာ ရောင်းဝယ်နေကြသည်။

“ဘဏ်တွေပိတ်ထားတော့ ပစ္စည်းဝယ်ဖို့က အခက်အခဲရှိတယ်၊ ငွေမလွဲရင် ပစ္စည်းမထုတ်ပေးဘူးလေ ဘဏ် စနစ်နဲ့ပဲ လုပ်နေတဲ့အခါကျတော့ ဘဏ်စနစ်နဲ့က စိတ်ချမ်းသာတယ် အခုက ဘဏ်စနစ်နဲ့မဟုတ်တော့ အခက် အခဲတော့ရှိတာပေါ့” ဟု ဆီကုန်သည် ဒေါ်စန်းဌေးက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိဘဏ်အများစု ပိတ်ထားသည့်အတွက် ဘဏ်နှင့် ချိတ်ဆက် လုပ်ငန်းဆောင်ရွက် နေရသည့် လုပ်ငန်းများအတွက် အခက်အခဲရှိလာသည်ဟု လုပ်ငန်းရှင်အချို့က ပြောသည်။

ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစုက အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင်  ပူးပေါင်း ပါဝင်လာကြပြီး အလုပ်မဆင်းကြသည့်အတွက် ပုဂ္ဂလိကဘဏ်အများစုသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ပိတ်ထားကြသည်။

ပြည်နယ်အတွင်းရှိ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ်၊ သမဝါယမဘဏ်၊ AGD ဘဏ် အစရှိ ပုဂ္ဂလိကဘဏ်ခွဲများတည်ရှိပြီး လတ်တလောတွင် ပိတ်ထား ကြသည်။

“ငွေလွှဲပြုရတဲ့အခက်အခဲတော့ရှိတာပေါ့ ဒါပေမယ် တစ်ဖက်နဲ့တစ်ဖက် ရောင်းဝယ်လာတာကြာလာတဲ့ အခါ ကျတော့ ယုံကြည်မှုနဲ့ သွားနေတာပေါ့ ကျနော်တို့လည်း တစ်ခြား ဘယ်လိုနည်းလမ်းတွေနဲ့ ပို့နိုင်မလဲဆိုတာ ကို လည်း ရှာနေပါတယ်၊ လက်ရှိကတော့ ငွေမလွှဲနိုင်လို့ ဆန်မပို့နိုင်ဘူးဆိုတဲ့အနေအထားတော့ မဖြစ်သေးပါဘူး” ဟု မွန်ပြည်နယ် ဆန်ကုန်သည်များအသင်း ဥက္ကဌ ဦးတင်မြင့်ဦး က ပြောသည်။

တပ်နှင့် ဆက်စပ်မှုရှိသည့် မြဝတီဘဏ်က ပိတ်ထားခြင်းမရှိပဲ ဘဏ်လုပ်ငန်း ဆောက်ရွက်နေပြီး အစိုးရဘဏ် ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်သည်လည်း တပ်မတော်နှင့် ရဲ လုံခြုံရေးယူထားပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ထားကာ ဘဏ်လုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရ သည်။

ထို့အပြင် ဘဏ်တွင် ငွေစုထားသူများအတွက်လည်း ငွေထုတ်မရ၍ အခက်အခဲဖြစ်နေကြသူများလည်း ရှိသည် ဟု ပြောသည်။

“ပိုက်ဆံကို ဘဏ်မှာပဲ သိမ်းထားတယ်။ လိုမှ ထုတ်သုံးတာ အခု ဘဏ်တွေပိတ်ထားတော့ ထုတ်လို့မရဘူး ရက် ပိုင်းပဲ ပိတ်တာလောက်က အခက်အခဲမရှိပေမယ့် ရက်ကြာမယ်ဆို ကျမတို့လိုလူတွေအတွက်လည်း အခက်အခဲ ရှိပါတယ်” ဟု ကမ္ဘောဇဘဏ်တွင် ငွေစုထားသည့် မသဇင်က ပြောသည်။

တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ပြည်နယ်အတွင် ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားနေပြီး ဆန္ဒပြ ပြည်သူ များနှင့်အတူ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများလည်း ပါဝင်ဆန္ဒပြလာကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...