မြစ်ကြီးနားတွင် ကျောင်းဆရာမ နှစ်ဦးအပါအဝင် လူ ၂၀ နီးပါး အဖမ်းခံရ

မြစ်ကြီးနားတွင် ကျောင်းဆရာမ နှစ်ဦးအပါအဝင် လူ ၂၀ နီးပါး အဖမ်းခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်အာဏာရှင်ဆန်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွင် ပညာရေးကောလိပ်မှ ဆရာမနှစ်ဦး နှင့် ဆန္ဒပြပြည်သူများ ၁၅ ဦး ထက် မနည်း ဖမ်းဆီးခံထားရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

မြစ်ကြီးနားမြို့ရှိ ပညာရေးကောလိပ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၈ နာရီကျော်အချိန်ခန့်က ပညာရေးဝန်ထမ်းများနှင့် ဆန္ဒပြပြည်သူများ လူစုနေစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ရောက်ရှိလာပြီး သတိပေးခြင်းတစ်စုံတစ်ရာ မရှိပဲ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆရာမ နှစ်ဦး အဖမ်းခံခဲ့ရသည်ဟု ပြော သည်။

ဖမ်းဆီးခံရသူများထဲမှ မိသားစုဝင် တစ်ဦး က “ကျမတို့ တူမလေးလည်းပါသွားတယ်။ ပမ္မတီးကပါ၊ အခု အမှတ် ၁ ရဲစခန်းမှာလို့ပြောပါတယ်။ လိုက်ပြီး ကူညီပေးကြပါ” ဟု မြစ်ကြီးနားပညာရေးကောလိပ်ရှေ့တွင် ငို ပြီး ပြောဆိုနေသည်ဟု မျက်မြင်သက်သေတစ်ဦးက တွေ့ခဲ့သည်။

ဖမ်းဆီးခံလိုက်ရသည့် ဆရာမနှစ်ဦးမှာ ဆရာမဒေါ်အေးကြည်ကြည်စိန် နှင့် ဆရာမ ဒေါ်အေးချမ်းမေတို့ ဖြစ်ကြ သည်။

မျက်မြင်သက်သေတစ်ဦးကလည်း “ဟုတ်တယ် ရဲနဲ့စစ်သားတွေက တခါတည်းဝင်လာပြီး ဆိုင်ကယ်ထားနေတဲ့ နေရာနားကနေ အတင်းဖမ်းသွားတယ်။ အတင်းစွဲချပြီးရိုက်တာ။ ရဲကားတွေလည်းပါတယ်။ စစ်ကားတွေ လည်း ပါတယ်။ အဲ့ဒါတခါတည်းဖမ်းသွားတာ။ ရိုက်လည်းရိုက်တယ်။ လူစုနေတုန်းပဲ ရှိသေးတယ်။ လူတွေ တောင် အကုန်မရောက်သေးဘူး။ ဆိုင်ကယ်တောင် ၂၀ လောက်ပဲ ရှိအုံးမယ်။ အဲ့ကိုလာတဲ့ ဆရာမတွေကို ရိုက် ပြီးဖမ်းသွားတာ ဟုတ်တယ်” ဟု ပြောသည်။

ထို့အပြင် စက်ဘီးနှင့် ဆန္ဒထုတ်ဖော်နေကြသည့် ပြည်သူများနှင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူ များကိုလည်း မြစ်ကြီးနားမြို့ အမှတ်(၁) နှင့် အမှတ်(၂) စျေးအကြားနှင့် နဂါးနှစ်ကောင် ဟိုတယ်ရှေ့တွင် လိုက်လံ ဖမ်းဆီးမှုများ ရှိနေပြီး ၁၅ ယောက်ခန့် ဖမ်းဆီးခံထားရသည်ဟု သိရသည်။

ထို့အပြင် ဖုန်းများ ကင်မရာများဖြင့် မှတ်တမ်းရယူနေသည့် ပြည်သူများနှင့် သတင်းသမားများအားလည်း လေးဂွ များဖြင့် ပစ်ခြင်း၊ ဖုန်းများလုခြင်းများ ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ လုပ်ဆောင်နေကြပြီး အရပ်ဝတ်ဝတ် ထား သူ အချို့ကလည်း သတင်းသမားများနောက်ကို လိုက်လံက ဖုန်းများ လုယူသည့် အခြေအနေများ ယနေ့ ဖြစ်ပွား ခဲ့သည်။

အလားတူ သွားနေကြသည့် ပြည်သူများကိုလမ်း ဆိုင်မယ်များ၊ ကားများအား တားကာ ဖုန်းများကို တောင်းယူ စစ်ဆေးခြင်းများလည်း ပြုလုပ်နေကြသည်။

မြစ်ကြီးနားမြို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများက စစ်ကားများ၊ ရဲကားများ၊ အချုပ်ကားများဖြင့် မြို့ပတ်ကာ အင်အားပြလျှက်ရှိပြီး လမ်းဆံတိုင်းတွင်လည်း အရပ်ဝတ်ရဲများက မီဒီယာသမားများနှင့် ဖုန်းဖြင့် ရိုက်ကူး မှတ် တမ်းယူသည့် ပြည်သူများကို လေးဂွများဖြင့် လှမ်းပစ်ခြင်းများ ပြုလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်ကာ သတင်းအမှောင်ချရန် ကြိုးစားနေသည်ဟု “Kachin State civilian movement” က ပြောဆိုထားသည်။

ယမန်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ထိုင်သပိတ်တွင် ပါဝင်နေသည့် ပြည်သူများကို အင်အားသုံးဖြိုခွင်းခဲ့ပြီး ပြည် သူနှစ်ဦး နှင့် သံဃာတော်တစ်ပါး အဖမ်းခံခဲ့ရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...