“၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ် ပြုလိုက်ခြင်းအားဖြင့် ဒီ၂၀၀၈ ဖွဲ့စည်းပုံက အလိုလို အသက်ဝင်အောင် ပြန်သွင်းတာနဲ့ အတူတူပဲ”

“၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ် ပြုလိုက်ခြင်းအားဖြင့် ဒီ၂၀၀၈ ဖွဲ့စည်းပုံက အလိုလို အသက်ဝင်အောင် ပြန်သွင်းတာနဲ့ အတူတူပဲ”

“လူမျိုးစုပေါင်းစုံ အထွေထွေသပိတ်ကော်မတီ” အဖွဲ့ဝင် နော်အက်စတာချစ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဖေဖေါ်ဝါရီ ၆ ရက်နေ့မှ စတင်ကာ ပြည်သူ များလမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများ နေစဉ်ပြုလုပ်လျက်ရှိသည်။ နိုင်ငံတဝှမ်းစစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြမှုများသည် တဦးတဖွဲ့က ဦးဆောင်ခြင်းထက် မိမိအစုအဖွဲ့အလိုက်အလွှာစုံ၊ ပုံစံမျိုးစုံဖြင့် ပြုလုပ်လျက် ရှိသည်။

ထိုသို့ ဆန္ဒပြမှုများထဲတွင် တိုင်းရင်းသား လူမျိုးများကလည်း မိမိတို့ ကိုယ်တွေ့ဘဝအတွေ့အကြုံအရ သင့်တော်သည့် ဘုံကြွေးကြော်သံများဖြင့် “လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ”ကို ဖွဲ့စည်းကာ အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် ကျရာကဏ္ဍမှပါဝင်ပြီး သပိတ်တိုက်ပွဲဆင်နွှဲနေလျက်ရှိသည်။ အဆိုပါ ကော်မတီ၏ ဖွဲ့စည်းထားမှုနှင့် ကော်မတီ၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍  မီဒီယာဆပ်ကော်မတီအဖွဲ့ဝင် နော်အက်စတာချစ်နှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။  ။ ပထမဦးဆုံး လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ ဖြစ်ပေါ်လာပုံကို အကျဉ်းချုပ် ရှင်းပြပါ။

ဖြေ ။  ။ ကျမတို့ ပထမဦးဆုံး သပိတ်တွေ အသီးသီးထွက်ကြတယ်။ ကိုယ်ဆောင်ပုဒ်၊ ကြွေးကြော်သံနဲ့ကိုယ် ထွက် ကြတယ်။ အဲ့ဒီမှာ ကျမတို့တိုင်းရင်းသားတွေ တောင်းဆိုတာက တူညီတာဟာ ရှိတယ်ပေါ့နော်၊ တောင်း ဆိုလာတာ လည်းအခုမှ မဟုတ်ဘူး နှစ်ပေါင်းဆယ်နဲ့ချီရှိခဲ့ပြီးပေါ့နော်။ အဲ့ကနေပြီးတော့ ကျမတို့ အစည်း အဝေးတွေ ထိုင်ကြတယ်။ အတူတူလှုပ်ရှားမယ်ပေါ့နော်၊ အတူတူတစ်သံတည်းထွက်အောင်ပေါ့နော်၊ အစတုန်း ကဆို ကျမတို့ကရင်တွေက တောင်းဆိုကြွေးကြော်သံ သုံးချက်ထဲရှိတယ်။ တခြားသူတွေ ဘာတွေ ဖြည့် ချင်လည်း ဆိုတဲ့ဟာပေါ်မှု တည်ပြီးတော့ အချက် ၄ ချက်ထွက်လာတာဖြစ်ပါတယ်။

မေး ။   ။ လက်ရှိ ကော်မတီကို ဘယ်လို ဖွဲ့စည်းထားလဲ။ ဘယ်သူတွေ ပူးပေါင်းပါဝင်လဲ။

ဖြေ။   ။ ကျမတို့ ကော်မတီက လူပါဝင်တဲ့ တိုင်းရင်းသားလူမျိုးတွေထဲက တစ်မျိုးကို တစ်ဦးနှုန်းနဲ့ ဖွဲ့စည်းထား တယ်။ အခုဆိုရင် လာပါဝင်တဲ့ တိုင်းရင်းသား ၂၇ မျိုးရှိပြီး၊ ဆိုတော့ ကျမတို့ ကော်မတီမှာ ၂၇ ဦးရှိပါတယ်။ နောက်ကော်မတီရဲ့အောက်မှာ ဆပ်ကော်မတီ ငါးခု ဖွဲ့စည်းထားပါတယ်။

မေး။   ။ အာဏာရှင်စနစ် ဆန့်ကျင်ရေးက အခြားဆန္ဒထုတ်ဖော်နေသူတွေနဲ့ ဘုံတူညီချက်လို့ ပြောနိုင်မလား။ အခြားကွဲလွဲချက်တွေကိုလည်း ပြောပြပေးပါ။

ဖြေ ။   ။ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီမှာဆိုရင် အဓိကကြွေးကြော်သံ လေးခုပေါ့၊ အဲ့ဒါတွေ ကတော့ စစ်အာဏာရှင် စနစ်ဖြုတ်ချရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးရယ်၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးရယ်၊ မတရားဖမ်းဆီးခံရတဲ့သူတွေ လွှတ်ပေးဖို့ ဆိုတဲ့လေးချက်ပေါ့၊ မတရားဖမ်းဆီးခံရတဲ့သူတွေ ဆိုတာတော့ အရင်ကတည်းက ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါတာပေါ့။

မေး။   ။ အခု ဆန္ဒထုတ်ဖော်သူအများစု ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးကို အဓိကထား မပြောကြဘူး။ ဖျက်သိမ်း ရေးက ဘာလို့အရေးကြီးတာလဲဆိုတာ ရှင်းပြပါဦး။

ဖြေ။   ။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းဖို့ တောင်းဆိုထားတာ ကြာပြီးပေါ့နော်၊ အခု အာဏာသိမ်းတာကလည်း စစ်တပ်ကိုယ်၌က ၂၀၀၈ ကို သူတို့ကိုယ်တိုင်ချိုးဖောက်လိုက်တာပဲ။ သူတို့ချိုးဖောက်ထားတဲ့ဟာကို ဒါနဲ့ပဲ အလုပ် လုပ်နေသေးတယ်ဆိုတာက မဟုတ်သေးဘူးပေါ့နော်။ နောက် ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါနေသေးတယ်။ နောက်တိုင်းပြည်ကို အုပ်ချုပ်တဲ့ အခါမှာလည်း စစ်တပ်ရဲ့လွှမ်းမိုးမှုက အခြားဒီမိုကရေစီနိုင်ငံတွေ ထက်ပိုများတယ်။ ပြီးသွားတဲ့ အခါမှာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံက စစ်တပ် အာဏာ သက်ဆိုးရှည်အောင်ရေးဆွဲထား တာဖြစ်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေ၊ ပြည်သူတွေရဲ့အသံတွေနဲ့ ဖွဲ့စည်းရေးဆွဲထားတာမဟုတ်ဘူး။ ဒါကြောင့် ဖွဲ့ စည်းပုံကို ဖျက်သိမ်းဖို့ ပြောနေရတာ ဖြစ်တယ်။

မေး။   ။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်တာအဖွဲ့နဲ့ မဟုတ်ဘဲ အစုအဖွဲ့လိုက် လုပ်ဆောင် နေတာရှိပါတယ်။ ကော်မတီက ဘယ်လို ချိတ်ဆက်လုပ်ဆောင်မလဲ။

ဖြေ။   ။ ကျမတို့ကတော့ ကျမတို့ဘုံတူညီချက် ဒီလေးချက်ပေါ်မှာပဲ အခြေခံပြီးတော့ ကျမတို့ ပူးပေါင်း သွားမှာပါ။ တခြားအဖွဲ့တွေက ကျမတို့ ဘုံတူညီချက်ကို သဘောတူတယ်။ ပူးပေါင်းဖို့ စိတ်ဆန္ဒရှိတယ် ဆိုရင်တော့ ပူးပေါင်း သွားမှာပါ။

မေး။   ။ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ခံရရင် ဘယ်လို ရင်ဆိုင်သွားမလဲ။ ရှေ့လုပ်ငန်းစဉ်လည်း ပြောပြလို့ ရသလောက်ပြောပါ။

ဖြေ။   ။ ကျမတို့ ကော်မတီရဲ့လက်ရှိ ဆုံးဖြတ်ထားတာကတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားဖို့ပဲ ရှိပါတယ်။ တခြားပြန်ပြီးတော့ ခုခံဖို့ ဆိုတာမျိုးတော့ ဆုံးဖြတ်ချက်မကျသေးပါဘူး။ ဘယ်လို အခက်အခဲပဲကြုံလာလာ ငြိမ်း ချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်သွားမယ်။ လက်ရှိ အဲ့လိုပဲ ကော်မတီက ဆုံးဖြတ်ထားတယ်။ နောက် ကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ်ကတော့ အစည်းဝေးဆုံးဖြတ်ပြီးမှပဲ ချမှတ်သွားဖို့ရှိပါတယ်။

မေး။   ။ အခု ဆန္ဒပြပွဲတွေမှာ လူငယ်တွေထဲမှာ အမျိုးသမီးလူငယ်တွေ အများအပြားပါဝင်နေတာ တွေ့ရတယ်။ ဘယ်လို အားပေးစကားပြောချင်လဲ။

ဖြေ။   ။ အခု ဆန္ဒပြပွဲတွေမှာ အမျိုးသမီးငယ်တွေ ပါဝင်တာ အများအပြားတွေ့ရတယ်။ ဒါတွေကို စုစည်းပြီး အသိအမှတ်ပြုရမယ်။ အရင်တုန်းကလိုမျိုး အမျိုးသမီးတွေ ပါတာနည်းတယ်။ ဦးဆောင်တာလည်း နည်းတယ် ဆိုတာက ဟို ရှေးရိုးစွဲ အတွေးအခေါ်တွေပေါ့နော်။ အခုဆိုရင် ဦးဆောင်တဲ့ ကဏ္ဍမှာ ပါဝင်လာတာတွေရှိတော့ ဆက်လက်လုပ်ဆောင်သွားကြပါလို့ ပြောချင်တယ်ပေါ့နော်။

မေး။   ။ အခု လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးတို့ ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးစတဲ့ တောင်းဆိုချက်တွေက တခြားသူတွေထက် ထူးခြား တာတွေ့ ရတယ်။ ဒီ့အပေါ် ကော်မတီရဲ့ ခံယူချက်ကိုလည်း ပြောပြပေးပါဦး။

ဖြေ။   ။ အခု လက်ရှိ ဆန္ဒပြပွဲတွေမှာ တောင်းဆိုချက်တွေကို ကြည့်မယ်ဆို ဘာတွေ တွေ့ရလဲဆိုတော့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ ရယ်၊ ပြီးသွားရင် ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ဖို့နဲ့ သမ္မတ ဦးဝင်းမြင့် လွှတ်မြောက်ဖို့ အဓိကတောင်းဆိုနေတာ တွေ့ရတယ်။ ဒါက နိုင်ငံရေးလှည့်ကွက်ပဲ ဖြစ်တယ်။ ပြည်သူ လူထုတွေ တောင်းဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းဖို့ ဆိုတာက ကြာနေပြီး၊ နောက် ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ် ပြုလိုက်ခြင်းအားဖြင့် ဒီ၂၀၀၈ ဖွဲ့စည်းပုံက အလိုလို အသက်ဝင်အောင် ပြန်သွင်းတာနဲ့ အတူတူပဲပေါ့နော်။

ဆိုတော့ ကျမတို့ ဒီနိုင်ငံရေးလှည့်ကွက်မှာ ဆက်မသွားချင်ဘူး။ ဒါကိုလည်း ကျမတို့ သိနားလည်ထားတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ထက် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးကို ကျမတို့ ကော်မတီက နေတောင်းဆိုနေရခြင်း ဖြစ်တယ်။

မေး။   ။ ဘာများ ဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ။   ။ အဓိက ကတော့ ဒီတိုင်းရင်းသားတွေ တောင်းဆိုတာနဲ့ တခြားသူတွေ တောင်းဆိုတာ ကွာခြားတာကို အများသိနားလည် စေချင်တယ်။ တိုင်းရင်းသားတွေရဲ့အသံကို ပေါ်လွင်စေချင်တယ်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...