လူထုဆန္ဒဖော်ထုတ်မှုကို ဖြိုခွင်းရာတွင် KIO အနေဖြင့် ပါဝင်စွက်ဖက်ခြင်းမပြုရန် တပ်မတော် သတိပေး

လူထုဆန္ဒဖော်ထုတ်မှုကို ဖြိုခွင်းရာတွင် KIO အနေဖြင့် ပါဝင်စွက်ဖက်ခြင်းမပြုရန် တပ်မတော် သတိပေး

စစ်အာဏာရှင်ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းသောဖြစ်စဉ်များတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် တပ်မတော်ဘက်က KIO ကို သတိပေးထားကြောင်း သိရသည်။

လူထုဆန္ဒဖော်ထုတ်မှုများကို KIO အနေဖြင့် ထောက်ခံကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သဘောထားထုတ်ပြန်ချက် ထုတ်ထားသည့်အခြေအနေနှင့် ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် အထွေထွေအတွင်းရေးမှူး ဦးလာနန် ကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါသည်။

မေး။ ။ KIO အနေနဲ့ ထုတ်ပြန်ချက် ထုတ်ရတဲ့အကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့ KIO အနေနဲ့တော့ တပ်မတော်အာဏာစသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဖြစ်ပျက်နေမှု အဆင့်ဆင့်ကို စောင့်ကြည့်နေတာဖြစ်တယ်။ ဒါကြောင့် ရှေ့တန်းမှာရောက်နေတဲ့ KIA တပ်ရင်းအားလုံးကို တပ်လှန့်ထားတာရှိပြီ။ ဒါပေမဲ့ ကျွန်တော်တို့က ဖြစ်လာမဲ့အခြေအနေကို အလန့်တကြား ထုတ်ပြန်ချက်တွေ ထုတ်တာမျိုးမလုပ်ဘူး။ ဘာကြောင့်လဲဆိုရင် စစ်တပ်က အခေါက်ခေါက်အခါခါ အာဏာသိမ်းခဲ့တဲ့အတွေ့အကြုံက ပြည်သူတွေလည်း ကြုံခဲ့ဖူးပြီးဖြစ်တယ်။

စစ်တပ်အာဏာသိမ်းတာကို မကြိုက်လို့ လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်နဲ့ လူထုကို ထိခိုက်နာကျင်စေတာမျိုးမလုပ်ဖို့အတွက် ရဲနဲ့ စစ်တပ်ကိုအကြောင်းကြားပေးဖို့ ဖေဖော်ဝါရီ ၉ ရက်နေ့က PCG ကိုခေါ်ပြီးပြောလိုက်တယ်။ ဖေဖော်ဝါရီ ၁၄ ရက်က အဖြစ်အပျက်ကိုကြည့်လိုက်တဲ့အချိန်မှာလည်း စစ်တပ်နှင့် ရဲတွေက ပြည်သူတွေကို ဖြိုခွဲတဲ့အခါ ရာဘာကျည်နှင့်ပစ်တယ်ဆိုပြီး သူတို့ပြောတယ်။ ဒါပေမဲ့ သံပုံးတောင်ပေါက်ထွက်သွားတာကိုကြည့်ရင် လူ့အသက်ကို ထိခိုက်စေနိုင်တဲ့လက်နက်ဖြစ်နေတာကို တွေ့ရတယ်။ အဲ့ဒီနေရာမှာ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိတာကိုလည်း သိရှိရတယ်။ အခုလို ဖြစ်ပျက်လာတဲ့ခါ ကျွန်တော်တို့ KIO အနေနဲ့ အရေးယူလာနိုင်ချေရှိတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ယခင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူးထမ်းဆောင်ခဲ့ပြီး အခု စကခမှူး (၁) အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်ချူပ်ကြီး တေဇကျော်က ကျွန်တော်တို့ကို သတိပေးချက်ပို့လာတယ်။ အဲဒါက ပြည်သူတွေဆန္ဒပြတာကို ကိုင်တွယ်တဲ့အခါ KIO အနေနဲ့ပါဝင်စွက်ဖက်မှုမပြုပါရန်ဆိုပြီး ပြောလာတယ်။ KIO တွေအနေနဲ့ လိုက်ပါဝင်ပတ်သက်တာတွေရှိလာရင်တော့ တပ်မတော်ဘက်က အရင်အခြား လက်နက်ကိုင်တော်လှန်သူတွေကို အမြစ်ပျက်ချေမှုန်းခဲ့သလို ဖြစ်လာရလိမ့်မယ်ဆိုပြီး ပြောတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး လမ်းပေါ်ထွက်ဆန္ဒပြမှု တောင်းဆိုမှု ဆိုးလာရင်တော့ ကျည်အစစ်နဲ့ ပစ်ရလိမ့်မယ်ဆိုပြီး ခြောက်လန့်တဲ့ စကားတွေ ပြောလာတယ်။ အဲဒါကိုကြည့်လိုက်တဲ့ခါ ကျွန်တော်တို့ KIO တွေအနေနဲ့တစ်ခုခု ပြောရတော့မယ်ဆိုပြီး ဗဟိုကော်မတီက ဆုံးဖြတ်တယ်။ ဒါကြောင့် ထုတ်ပြန်ချက်ထုတ်ရခြင်းဖြစ်တယ်။

မေး။ ။ နောက်တစ်ခုက ဒီထုတ်ပြန်ချက်မှာ စစ်အာဏာသိမ်းတာကို ကန့်ကွက်ရှုံ့ချတာတွေ လုံးဝမလိုလားကြောင်း၊ ကန့်ကွက်ကြောင်း စာလုံးတွေမပါဘူးဆိုပြီး ပြည်သူဘက်က ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဒီအပေါ် ဆရာတို့အနေနဲ့ဘယ်လိုများ ပြောကြားလိုပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ ရေးတဲ့ထဲမှာ ဖတ်ရှုတဲ့သူတွေ စိတ်ကျေနပ်မှုရအောင်ဆိုတာထက် အမှန်တကယ် ဘယ်လို လုပ်ဆောင်သွားသင့်လဲ၊ ကျွန်တော်တို့ လိုချင်တာရအောင် ဘယ်လိုယူမလဲဆိုတဲ့နည်းက ပိုအရေးကြီးနေတာဖြစ်တယ်။ ဒီအရာနှင့်ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အရမ်းကြီး ပွင်းပွင်းလင်းလင်းတော့ မပြောဆိုထားဘူး။ လိုအပ်ရင် ထုတ်ပြန်ချက်တွေ ထပ်ထုတ်သွားမဲ့သဘောဖြစ်တယ်။ ဒါကိုလည်း နားလည်ထားစေချင်တယ်။

မေး။ ။ နောက်တစ်ခုက ဒီစစ်တပ်အာဏာသိမ်းတဲ့နေရာမှာ တရုတ်လည်း ပါဝင်တယ်။ ပြီးတော့ FPNCC ကလည်း ခုချိန်ထိ ဘာစကားသံမှ မထွက်ဘဲ တိတ်ဆိတ်နေတာ တရုတ် ဖိအားကြောင့်ဖြစ်တယ်ဆိုပြီး ပြောဆိုနေမှုတွေလည်းရှိနေတယ်။ ဒီအပေါ်မှာကော ဘယ်လိုများ ပြောပြလိုမလဲ။

ဖြေ။ ။ FPNCC အနေနဲ့ ခုချိန်ထိ ဘာအသံမှ မထွက်ဘူးဆိုတာ တရုတ်ရဲ့ဖိအားကြောင့်ဆိုတာ မဟုတ်ပါဘူး။ FPNCC အဖွဲ့ဝင်အများစုက NCA လက်မှတ်ထိုးထားတာ မဟုတ်ဘူး။ ဒါကြောင့် မြန်မာ့နိုင်ငံရေးထဲ ကျွန်တော်တို့ လိုက်ပါဝင် စွက်ဖက်တာတွေ ဒီနေ့ထိ မရှိသေးပါဘူး။

မေး။ ။ ဖြည့်စွက်ပြောဖို့ရှိရင် ပြောကြားပေးပါ။

ဖြေ။ ။ ဒီလိုမျိုးအဖြစ်အပျက်တွေက အကြိမ်ကြိမ်အခါခါ ဖြစ်ဖူးပြီ။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ဘယ်ဟာက ပိုအရေးကြီးနေသလဲဆိုတာကိုမတွေးဘဲ လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာကိုပဲ ဖြေရှင်းလိုကြတယ်။ ဥပမာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လွတ်ပေး ဆိုတဲ့ဟာပဲဖြစ်နေတယ်။ ဒါက လွတ်ပေးပြီးတာနဲ့လည်း မပြီးဘူး။ ဆိုတော့ အာဏာရှင်စနစ် မြန်မာနိုင်ငံက အမြစ်ပျက်ပျောက်ကွယ်သွားအောင်လုပ်ဖို့က အဓိကဖြစ်တယ်။

အခုပြဿနာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဘယ်သူဖြစ်ဖြစ် အာဏာရလာတဲ့သူတွေက ၂၀၀၈ ဖွဲ့စည်းပုံအောက် အာဏာရှင်ပဲဖြစ်တယ်။ ဒါကြောင့် ဒါကိုဘယ်လို အမြစ်ပျက်ချေမှုန်းလိုက်မလဲ အခုလို အခွင့်အရေးရှိတဲ့အချိန်မှာ ဘယ်လိုနည်းနှင့် ဒါကိုချေမှုန်းလိုက်မလဲဆိုတာပဲ ကျွန်တော်တို့အတွက် အဓိက ဦးတည်ချက် အရေးကြီးဆုံဖြစ်တယ်လို့ ပြောချင်ပါတယ်။

Most read this week

May 17, 2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်...
May 16, 2024
တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 15, 2024
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...