တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီစျေးများ ဆက်တိုက် မြင့်တက်လာသည်ဟု စားသုံးသူနှင့် ဆန်၊ ဆီကုန်သည်များက ပြောသည်။
အာဏာမသိမ်းခင်က စျေးကွက်အတွင်း စားသုံးဆီစျေးမှာ တစ်ပိဿာလျှင် ၂၄၀၀ ကျပ်ရှိရာမှ အာဏာသိမ်းပြီး နောက် စားသုံးဆီစျေးနှင့် ဆက်တိုက်မြင့်တက်လာနေပြီး လက်ရှိတွင် တစ်ပိဿာလျှင် ၂၉၀၀ ကျပ်ခန့်အထိ တက်သွားသည်ဟု ဆီကုန်သည် ဒေါ်စန်းဌေး က ပြောသည်။
“တပ်မတော်အာဏာသိမ်းပြီးကတည်းက စားသုံးဆီစျေးက မိုးပေါ်ရောက်သွားတယ်၊ ကျမတို့ကလည်း ဆီကန် တွေက ဖွင့်တဲ့စျေးနဲ့ ဝယ်ပြီး ပြန်ဖြန့်ရတာပေါ့။ ပြည်သူတွေကလည်း စျေးကြီးကြီးပေးဝယ်နေရတာပေါ့” ဟု ဒေါ်စန်းဌေး ပြောသည်။
ဆန်စျေးလည်း အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးနောက်ပိုင်း ဆက်တိုက်မြင့်တက်လာကြောင်း ဆန်အမျိုး အစားပေါ်မူတည်၍ တစ်အိတ်လျှင် ကျပ် ၂၀၀၀ နှင့် ၃၀၀၀ အကြား တက်သွားသည်ဟု ပြည်နယ်အတွင်းရှိ ဆန် ကုန်သည်များ က ပြောသည်။
“လူတွေက စိုးရိမ်စိတ်နဲ့ ဝယ်ကြပြုကြတယ်။ ပုံမှန် ဆန်ကို ၄/၅/၆ ပြည်လောက်ဝယ်စားတဲ့လူတွေက အိတ်နဲ့ ဝယ်ကြတာ စျေးကွက်မှာတော့ နည်းနည်းတော့ ယောက်ယက်ခတ်သွားတယ်။ နောက်တစ်ခါ ကျနော်တို့ ဘက် ကို လာတဲ့ ရွှေဘိုပေါ်ဆန်မွှေးတို့ ဧရာဝတီတိုင်းကလာတဲ့ ဧရာဝတီပေါ်ဆန်မွှေးတို့ကလည်း တစ်နိုင်ငံလုံး ယောက်ယက်ခတ်ပြီး ဝယ်ကြတော့ သူတို့ကလည်း လိုသလောက်မပေးနိုင်ဘူး။ အဲဒီအနေအထားပေါ်မှာ မူတည် ပြီးတော့ စျေးအနေအထားလေးကတော့ နည်းနည်းပြောင်းသွားတယ်။ ဆန်တစ်အိတ်ကတော့ ခန့်မှန်းချေ ၂၀၀၀ နဲ့ ၃၀၀၀ ကြားလောက် ပြောင်းသွားတယ်။ ပြောင်းသွားတဲ့အနေအထားတစ်ခုတော့ရှိတယ်” မွန်ပြည် နယ် ဆန်ကုန်သည် များအသင်း ဥက္ကဌ ဦးတင်မြင့်ဦးက ပြောသည်။
တပ်မတော်မှ အာဏာစသိမ်းလိုက်သည့်ရက်ပိုင်းတွင် စိုးရိမ်မှုဖြင့် ပြည်သူလူထုက အခြေခံစားသောက်ကုန် များ ကို အလုအယက်ဝယ်ယူကြတာရှိသော်လည်း အခုအခါမှာတော့ အရောင်းအဝယ် ပုံမှန်ထက်အေးနေသည်ဟု စျေးသည်များက ပြောသည်။
လက်ရှိတွင် စျေးကွက်အတွင်း ဆန်နှင့် ဆီများအပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှတဆင့် တင်သွင်းရောင်းချနေသည့် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများလည်း စျေးတက်ပြီး အချို့ဆိုလျှင် စျေးကွက်တွင်ပင် မရှိသ လောက် ပစ္စည်းများပြတ်သွားပြီးဟုလည်း ကုန်သည်များက ပြောသည်။
“ကျမတို့က ထိုင်းကလာတဲ့ ပဲပိစပ်ဆီကိုသုံးတယ်။ အာဏာသိမ်းမှုဖြစ်ပြီး ၁/၂ ရက်လောက်မှဝယ်တာ ၂၀၀၀ တက်သွားတယ်။ အရင်ကတော့ ၁၇၀၀/၁၈၀၀ အဲလောက်ပဲ မနေ့တနေ့က သွားဝယ်တော့ ၂၂၅၀ တောင် တက် သွားတယ်။ တခြားပစ္စည်းတွေလည်း တက်တယ် သိသိသာသာ စျေးတက်သွားတာက ဆီပေါ့ နောက် ဆန်က စားဖို့ကလည်း အဲဒါ အဓိကပဲ။ မဝယ်လို့လည်းမရဘူး။ ကြာလာရင် အကုန်လုံးအခက်အခဲဖြစ်ကုန်မှာ” ဟု မော် လမြိုင်မြို့ က ဒေါ်တင်အေး က ပြောသည်။
တပ်မတော်က အာဏာသိမ်းယူပြီးနောက် တစ်နိုင်ငံလုံးတွင် စစ်အာဏာရှင် ကျဆုံးရေး ပြည်သူလူထုက ဆန့် ကျင် ဆန္ဒပြနေကြသည်။
စစ်အာဏာရှင် ကျဆုံးရေး ဆန့်ကျင် ဆန္ဒပြမှုသည် တဖြည်းဖြည်းကြီးထွားလာပြီး ပြည်သူလူထုအပြင် အစိုးရ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ရဲဝန်ထမ်းအချို့လည်း ပူးပေါင်းပါဝင်လာကြသည်။







