အသင်းသားများကန့်ကွက်ခြင်းကြောင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် LBC ကျောင်းအုပ်ကြီး မတွေ့ဆုံ

အသင်းသားများကန့်ကွက်ခြင်းကြောင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် LBC ကျောင်းအုပ်ကြီး မတွေ့ဆုံ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လော်ဝေါ် နှစ်ချင်းခရစ်ယာန် အသင်းသူ/သားများ ကန့်ကွက်သည့် အတွက်  လော်ဝေါ်ကျမ်းစာသင်ကျောင်း (LBC) မှ ကျောင်းအုပ်ကြီး နှင့် ကချင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံရန် အစီအစဉ်ပျက်သွားသည်။

ကျမ်းစာကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ ရုတ်ချောင်လွမ်းခေါင် နှင့် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်တို့ တွေ့ဆုံမည့် အစီအစဉ် ပျက်သွားခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ လော်ဝေါ်လူငယ်တစ်ဦးက “ကျနော်တို့က စစ်အာဏာရှင်နဲ့ ညှိနှိုင်းမယ်ဆိုတာ ကို လက်မခံနိုင်တာပါ။ ကျနော်တို့ ပြည်သူတွေက လုံးဝသဘောမတူဘူး။ ကျောင်းစာကျောင်းဖြစ်တယ်လေ။ ဒီမှာအစည်းအဝေးလုပ်တာကို လုံးဝကန့်ကွက်တဲ့အတွက် ကျနော်တို့ ကန့်ကွက်ရတာပါ။ စစ်အာဏာရှင်နဲ့ ညှိ နှိုင်းမယ့်ကိစ္စကို လုံးဝလက်မခံဘူး” ဟု ပြောသည်။

လော်ဝေါ်နှစ်ခြင်း အသင်းတော်မှ လူငယ်များ၊ အသင်းသူ/သားများအပါအဝင် စစ်အာဏာရှင်စနစ်ကို မလိုလား သည့် မြစ်ကြီးနားမြို့ က ဒေသခံပြည်သူ ၃၀၀ ကျော်ခန့် က ကျမ်းစာကျောင်းရှေ့တွင် တွေ့ဆုံမှုကို မလုပ်ရန် ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

“ကျနော်တို့ ခံယူထားတာက ကျမ်းစာကျောင်းက နှုတ်ကပတ်တော်ကို သင်ကြားပို့ချမယ့်နေရာ၊ နိုင်ငံရေး ဇာတ် ခုံမှာ ဆွေးနွေးဖို့ရန်မဟုတ်ဘူးဆိုတာကို ခံယူထားတဲ့အတွက် ကျနော်တို့ လူငယ်တွေ ဒီနေ့ ကျမ်းစာ ကျောင်းမှာ ကောင်စီဥက္ကဋ္ဌ လာရောက်မယ်လို့ ကြားသိတဲ့အတွက် လာရောက်ဝန်းရံခြင်းဖြစ်တယ်။ လာပြီးတော့ ဆန့်ကျင် နေခြင်းဖြစ်တယ်။ မကြိုဆိုကြောင်းလာပြီးတော့ ပြသနေရခြင်းဖြစ်ပါတယ်” ဟု အခြားလော်ဝေါ်လူငယ် တစ်ဦးကလည်း သတင်းမီဒီယာများကို ပြောသည်။

“ကျနော်တို့က ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရကိုပဲ လိုလားခြင်း ဖြစ်ပါတယ်။ ကျနော်တို့မဲတစ်ပြားမှ မပေးထားတဲ့ ဒီကောင်စီဥက္ကဋ္ဌ စစ်ဥက္ကဋ္ဌကို ပေါ့နော် မကြိုဆိုနိုင်ဘူးလို့ လာရောက်ကန့်ကွက်ရခြင်းဖြစ်တယ်။ ဒီကျမ်းစာကျောင်းက တစ်ဦးတစ်ယောက်ပိုင်တဲ့ ကျမ်းစာကျောင်းမဟုတ်ဘူး။ ကျနော်တို့ လော်ဝေါ်လူမျိုး နှစ် ခြင်းတွေ အားလုံးပိုင်တဲ့ ကျမ်းစာကျောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစိုးရကနေ ဘယ်လိုပဲဖွဲ့စည်းပေးပေး ဘယ်လိုမှ အသိအမှတ်မပြုဘူး။ စစ်ဘက်က ခန့်ပေးတဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ အယုံအကြည်မရှိဘူးလို့ ကန့်ကွက် နေရခြင်းဖြစ်တယ်။ တားဆီးနေရခြင်း ဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းတွင် ရွှေစက်ရပ်ကွက်ရှိ လော်ဝေါ်ကျမ်းစာကျောင်းတွင် တွေ့ဆုံ ရန် စီစဉ်ထားခဲ့ရာ အသင်းသူ/သားများက ကျမ်းစာကျောင်းဝင်းအတွင်း တွေ့ဆုံဆွေးနွေးမှုကို လက်မခံကြောင်း ဆန္ဒ ထုတ်ဖော် ကန့်ကွက်ခဲ့သည့်အတွက် အစီအစဉ် ပျက်သွားခဲ့ခြင်းဖြစ်သည်။

ပြည်သူများ လော်ဝေါ်ကျမ်းစာသင်ကျောင်းရှေ့တွင် ထိုတွေ့ဆုံမှုကို ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခဲ့သည့် အတွက် ကျမ်းစာကျောင်းမှ တာဝန်ရှိသူများကလည်း ယနေ့တွေ့ဆုံမှုကို ဖြတ်သိမ်းကြောင်း ပြန်လည်ရှင်းပြ ခဲ့ သည်။

“ဒီတွေ့ဆုံမှုကို လက်မခံနိုင်ဘူး။ နိုင်ငံရေးနဲ့ဘာသာရေးက သက်သက်စီဖြစ်တဲ့အတွက် ဒီလိုမျိုးမလုပ်ဖို့ပေါ့နော်။ နိုင်ငံရေးကို ဒါမျိုးမလုပ်ဆောင်ဘူး။ နိုင်ငံရေး အခြေအနေတွေ မငြိမ်မသက်ဖြစ်နေတဲ့အတွက် တည်ငြိမ်သွားမှ ပဲ ဒီလိုမျိုးတွေ့ဆုံမှုကို လက်ခံသွားမယ်။ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ နောက်နောင် နိုင်ငံရေးမှာ ပါဝင် သွားမှာ မဟုတ်ဘူး အဲ့ဒါတွေကို ပြန်ရှင်းပြခဲ့တယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် အဆိုပါ လော်ဝေါ်လူ ငယ် က ဆက်ပြောသည်။

လော်ဝေါ်တိုင်းရင်းသားများသည် ကချင်မျိုးနွယ်စု ၆ မျိုးထဲက မျိုးနွယ်စုတစ်စုဖြစ်သည်။ ကချင်မျိုးနွယ်စု ၆ မျိုး မှာ ဂျိမ်းဖော၊ လော်ဝေါ်၊ လီဆူ၊ လချိတ်၊ ရဝမ်နှင့် ဇိုင်ဝါး မျိုးနွယ်စုများ ဖြစ်ကြသည်။

မြစ်ကြီးနားမြို့နယ်အတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဖွင့်လှစ်ထားသည့် နောင်နန်းကျမ်းစာ ကျောင်း၊ မြစ်ကြီးနားဇုံနယ်ကျမ်းစာကျောင်း၊ ရွှေစက်ရပ်ကွက်ရှိ လော်ဝေါ်ကျမ်းစာသင်ကျောင်း (LBC)၊ ရွှေစက် ရပ်ကွက်ရှိ လီဆူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (LBC)က ဖွင့်လှစ်ထားသည့် ကူးမူးလီဆူကျမ်းစာကျောင်း၊ တပ်ကုန်း ရပ်ကွက်ရှိ AG ကျမ်းစာကျောင်း၊ ဂျာမိုင်ကျောင်းရပ်ကွက်ရှိ နှစ်ခြင်း(မူရင်း) Hanson ကျမ်းစာကျောင်း နှင့် အခြားသော ခရစ်ယာန်ကျမ်းစာသင်ကျောင်းများ ရှိသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...