အာဏာသိမ်းစစ်ကောင်စီနှင့်ပတ်သက်မှုမပြုရန် ကရင်လူမှုအဖွဲ့အစည်း ၈၅ ဖွဲ့မှ ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများကို မေတ္တာရပ်ခံ

အာဏာသိမ်းစစ်ကောင်စီနှင့်ပတ်သက်မှုမပြုရန် ကရင်လူမှုအဖွဲ့အစည်း ၈၅ ဖွဲ့မှ ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများကို မေတ္တာရပ်ခံ

မတရားအာဏာရယူလိုက်သော အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆွေးနွေးမှုများဖြင့် ဆက် လက် ပတ်သက်မှုမပြုရန် ကရင်လူမှုအဖွဲ့အစည်း ၈၅ ဖွဲ့မှ ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့က ကရင်လက်နက်ကိုင်အဖွဲ့အစည်းများကို မေတ္တာရပ်ခံ တိုက်တွန်းလိုက်သည်။

တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းယူချိန်မှစ၍ နိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် အပစ်ရပ်သဘော တူညီချက် (NCA) လုပ်ငန်းစဉ်အားလုံး အဆုံးသတ်သွားပြီးဖြစ်ကြောင်း ကရင်အရပ်ဖက်များက ပြောသည်။

ထုတ်ပြန်ချက်၏ပြောခွင့်ရ စောသူးဘီးက “ဒီ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပဲဆိုရင် စစ်တပ်က ကြိုက်တဲ့အချိန် အာဏာသိမ်းလို့ရတယ်ဆိုတာကို အခု ဖေဖော်ဝါရီလ ၁ရက်နေ့ ဖြစ်စဉ်က အားလုံးကို သာဓကအနေနဲ့ ပြသ လိုက်တာပဲ။ လက်ရှိမှာက အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့၊ နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့က အချိန် ကောင်းပဲ။ ဒါမှ နိုင်ငံရေး ရည်မှန်းချက်က ရှင်းလင်းနေပြီး ပြည်သူထောက်ခံမှုကို အပြည့်အဝ ပြန်ရမှာ ဖြစ် တယ်”ဟု ကေအိုင်စီ သို့ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA နှင့် KNU/KNLA-PC ငြိမ်းချမ်းရေး ကောင်စီအပြင် တပ်မတော်လက်အောက်ခံရှိ ကရင်နယ်ခြားစောင့်တပ် (BGF) စသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများကို ရည်ရွယ်၍ မေတ္တာရပ်ခံ တိုက်တွန်းခြင်းဖြစ်သည်။

တပ်မတော်၏ အာဏာသိမ်းယူမှုသည့် ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် အခွင့်အလမ်း အဆုံးသတ်သွားပြီး ဖြစ် သလို စစ်အာဏာရှင်အစိုးရနှင့် စနစ်အောက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက် ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဖော်ဆောင်ရန် မဖြစ်နိုင်တော့ဘဲ ဖော်ဆောင်သွားမည် ဆိုပါက စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမှုသာဖြစ်စေကြောင်းလည်း ၎င်းတို့၏ မေတ္တာရပ်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် အရပ်ဖက် ၈၀ ကျော်၏ စာ၌ မင်းအောင်လှိုင် ဦးစီးသော စစ်အစိုးရကို တရားမဝင်သော အစိုးရ ၊ UN၏ စစ်ရာဇဝတ်မှု ကျူးလွန်သောသူများအဖြစ် သတ်မှတ်ပေးရန်၊ ယခင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ တပ်ပိုင်းဆိုင်ရာဆွေးနွေးမှု ကိစ္စရပ်အားလုံးကို ရပ်ဆိုင်းပေးရန် တိုက်တွန်းတောင်းဆိုခဲ့ပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ကြသည့် ပြည်သူလူထုများနှင့် CDM လုပ်ဆောင်ကြသည့်ဝန် ထမ်းများနှင့်အတူ ရပ်တည် ထောက်ခံကြောင်းပြသရာရောက်စေသည်ဟု ဖော်ပြထားသည်။

ကရင်လက်နက်ကိုင်အားလုံး ပြန်လည်ပေါင်းစည်းပြီး မိမိကရင်ပြည်သူများကို အတူတကွ ကာကွယ်ရန်နှင့် KNU ၏ ဖာပွန်ဒေသနှင့် ညောင်လေးပင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ဘေးရှောင် ၅,၀၀၀ ကျော်တို့ အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)မှ ပြတ်ပြတ်သားသား ကိုင်တွယ်ရန်အပြင် အာဏာရှင် ဆန့်ကျင်နေကြသည့် ပြည်သူများနှင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ရန် စသည်ဖြင့် အချက်ပေါင်းများစွာ တောင်းဆိုခဲ့သည်။

KNU တွဲဖက် အတွင်းရေးမှူး  (၂) ပဒိုစောလှထွန်းက “KNU အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ဆိုပေမဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့် မူဝါဒလက်ကိုင်ပြီး အရင်ခေတ်အဆက်ဆက်ကတည်းက စစ်အစိုး ရပဲပြော၊ အာဏာရှင် အစိုးရပဲဖြစ်ဖြစ် အရပ်သားအစိုးရပဲဖြစ်ဖြစ် ၁၉၄၈ တုန်းက တောင်းဆိုတဲ့ တောင်းဆိုမှု တွေရရှိအောင် တွေ့ဆုံတိုက်ပွဲဝင်တဲ့ နည်းလမ်းကို ထားတယ်။ ဒါပေမဲ့ လက်ရှိ ပြည်သူတွေရဲ့ တောင်း ဆိုလာမှုအပေါ်မှာတော့ လက်ခံတယ်၊ ဒီအပေါ်မှာ ချင့်ချိန်စွာနဲ့ ရပ်တည်လုပ်ဆောင်သွားဖို့တော့ လက်ခံတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တပ်မတော်မှ အာဏာသိမ်းယူလိုက်သည့် ဖြစ်စဉ်အပေါ် နည်းလမ်းမျိုးစုံဖြင့် ကိုင်တွယ်လုပ်ဆောင်ရ မည် ဖြစ်ပြီး နိုင်ငံတကာ ဖိအားအနေဖြင့်သော်လည်း ယခုပြည်သူများ၏ တောင်းဆိုမှုများမှတဆင့် သော်လည်း ကောင်း ရပ်တည်လုပ်ဆောင်သွားရမည့်အပိုင်းများစွာရှိကြောင်းလည်း ပဒိုစောလှထွန်းက ဆက်ပြောသည်။

အလားတူ KNU ဗဟိုမှ ယမန်နေ့က စစ်အာဏာသိမ်းမှု နောက်ပိုင်း ဖြစ်ပေါ်လာသည့် အကျိုးဆက်များအပေါ် ၎င်းတို့၏ သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ရာတွင် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်မှုအပေါ်အားပေးထောက်ခံကြောင်းနှင့် လိုအပ်သည့် အကူအညီအကာအကွယ်ပေးမှုများ ကူညီပေး သွားမည်ဖြစ်သလို နိုင်ငံတကာမှ ကြားဝင် ဖြေရှင်းမှုကိုပါ တောင်းဆိုတိုက်တွန်းထားသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...