ကချင်ပြည်နယ် မြစ်ကြီးနားတွင် သေနတ်ပစ်ဖောက်မှုများ ဖြစ်ပွားခဲ့ပြီး သတင်းထောက် ၅ ဦးနှင့် ပြည်သူ အချို့ ဖမ်းဆီးခံထားရသည်။
မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်တွင်းရှိ စက်မှုဇုန်ထဲက လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ရုံးအတွင်း လုံခြုံရေးယူ ထားသည့် စစ်သားများ ထွက်ပေးရန် ယနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်ကတည်းက ပြည်သူများနှင့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအကြား အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
“မဇ္ဈိမ သတင်းဌာနက ကိုဆိုင်းလတ်အောင်၊ 74 သတင်းဌာနက အယ်ဒီတာ ကိုထွယ်အောင်နဲ့ ကင်မရာမန်း ကိုနော်ဆိုင်းနဲ့ တခြားသတင်းဌာနကလည်း နှစ်ယောက်လောက်ပါတယ်။ အရင်ဆုံး သူတို့က သေနတ်ဖောက် တယ်။ သုံးချက်တောင် ပစ်တယ်။ ပြီးတော့ လုံခြုံရေး ရဲတပ်ဖွဲ့ကလည်း အများကြီး အင်အားယူထားတယ်။ ရေတွေနဲ့လည်း ဖျန်းတယ်။ အချုပ်ကားလည်း အဆင်သင့်ပါလာတယ်။ အခု ပြည်သူတွေကလည်း ဒီမှာ ရှိနေ သေးတယ်။ အင်အားတော့ နည်းတာပေါ့နော်။ တင့်ကားတွေလည်း ရောက်နေတယ်ဗျ” ဟု မြစ်ကြီးနားက မြို့ ခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် သတင်းထောက်များမှာ မဇ္ဈိမ သတင်းဌာနက ကိုဆိုင်းလတ်အောင်၊ The 74 သတင်းဌာနက အယ်ဒီတာ ကိုထွယ်အောင်နှင့် ကင်မရာမန်း ကိုနော်ဆိုင်း၊ ထာဝရငြိမ်းချမ်းရေးကွန်ရက်(EPN) က ကိုရန်ကောင်း နှင့် ကိုဝေယံ၊ တို့ဖြစ်ကြပြီး ၎င်းတို့၏ ပစ္စည်းများလည်း အသိမ်းခံထားရသည်ဟု သိရ သည်။
ယမန်နေ့ညကလည်း မြစ်ကြီးနားမြို့၊ ရန်ကြီးအောင် ရပ်ကွက်ရှိ လျှပ်စစ်ရုံးအတွင်း စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင် များ ဝင်ရောက်လာခဲ့သည့်အတွက် ဒေသခံများ ဝိုင်းဝန်းဆန္ဒထုတ်ဖော်ခဲ့ရာ ကချင်ငြိမ်းချမ်းရေးအကျိုးတော် ဆောင် PCG ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ထွက်ပေးခဲ့သည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ လျှပ်စစ်ဓါအားဖြန့်ဖြူးရေး ရုံးအတွင်း အလားတူပြဿနာမျိုး ဖြစ်ခဲ့ရာ PCG ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များ လျှပ်စစ်ရုံးအတွင်းမှ ထွက်ပေးခဲ့သည်။
စက်မှုဇုန်က ဒေသခံတစ်ဦးကလည်း “ကျမတို့က အိမ်ကနေ သံပုံးတွေရိုက်နေတယ်။ လူတွေကလည်း ဆူညံနေ တာပဲ။ ကျမတို့ အဓိကတောင်းတာက ဒီလျှပ်စစ်ရုံးထဲမှာ ရှိတဲ့ စစ်သားတွေ ထွက်ပေးဖို့ပါ။ သူတို့ က အစတော့ ထွက်ပေးမယ်ပြောပြီး နောက်တော့ မထွက်ဘူးလေ။ ဆန္ဒပြတဲ့ ပြည်သူတွေကလည်း မပြန်ကြဘူး။ အထဲက စစ်သားတွေ ပြန်မှ ပြန်မယ်ဆိုပြီး နေ့လည်ကတည်းကနေ ဆန္ဒပြနေရင်းနဲ့ အခုည ၁၀ နာရီလောက်အထိ မပြန် ကြသေးတာ။ မီးဖျက်ပြီး ရပ်ကွက်တွေထဲ သူတို့လူတွေဝင်မယ်ဆိုတာမျိုးတွေလည်း ကြားနေရတယ်၊ CDM ဝန်ထမ်းတွေကို လည်း လိုက်ခေါ်မယ်ဆိုတာမျိုးတွေ သတင်းတွေကလည်း အမျိုးမျိုးကြားနေရတော့ ကျမတို့ က အဲ့လို အဖြစ်မခံနိုင်လို့ ဒီလိုမျိုး ဆန္ဒထုတ်ဖော်နေကြတာပါ” ဟု ပြောသည်။
တပ်မတော်က အာဏာသိမ်းယူပြီးနောက် မြစ်ကြီးနားမြို့ရှိ အစိုးရရုံးများ၊ MPT ဖုန်းရုံးများ၊ လျှပ်စစ်ရုံးများတွင် စစ်သားများက လုံခြုံရေးယူထားသည်။
“မြစ်ကြီးနားက ဒေသခံတွေက မီးဖြတ်ခံရမှာကြောက်လို့ ပါ။ အစကတည်းကလည်း သူတို့လုံခြုံရေး ယူစရာ မလိုဘူးလေ။ အခုမှ သူတို့က မြစ်ကြီးနားမှာ ရှိတဲ့ လျှပ်စစ်ရုံးတွေကို ဝင်တာ။ မနေ့ကလည်း ရန်ကြီးအောင် ပေါ့။ ဒီမန်ခိန်လျှပ်စစ်ရုံးကတော့ ၁ ရက်နေ့ကတည်းက စစ်သားတွေ ရောက်နေတာပါ။ ဒါပေမယ့် မီးဖြတ်မယ် ဆိုတဲ့ သတင်းတွေ ကြားလာတော့ လူတွေကလည်း စိတ်ပူပြီး အခုလိုမျိူးဖြစ်ကုန်တာပါ” ဟု အဆိုပါ စက်မှုဇုန် က ဒေသခံတစ်ဦးက ပြောသည်။
စက်မှုဇုံအတွင်း ရောက်ရှိနေသည့် ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများ၏ ပြောပြချက်အရ ယနေ့ ည ၉ နာရီ အချိန်ခန့်ကစတင်ပြီး စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလားပြီး သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံးများနှင့် ပစ်ခြင်း၊ မီးသတ်ကားများဖြင့် ရေများဖြင့် ဖြန်းသည်ဟု ဒေသခံများက ပြောသည်။
ဆန္ဒထုတ်ဖော်သည့်နေရာသို့ PCG မှ ဦးလမိုင်ဂွမ်ဂျာက အာဏာပိုင်များနှင့် သွားရောက်ညှိနှိုင်းပေးခဲ့သော်လည်း ၎င်းတို့၏ သဘောတူညီမှုကို ပြည်သူများက သဘောမတူသည့်အတွက် လူစုလူဝေးအဖြစ် ဆက်လက် ဆန္ဒထုတ် ဖော်ရာမှ သေနတ်ပစ်ဖောက်လူစုခွဲခံကြရခြင်းဖြစ်သည်။
အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ပင်မဓာတ်အားခွဲရုံအတွင်း ဝင်ရောက်နေရာယူ ထားသည့် တပ်မတော်အား အဆိုပါ နေရာမှ ထွက်သွားပေးရန် ပြည်သူများက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ယနေ့ တွင် သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညက အဆိုပါ ပင်မဓာတ်အားခွဲရုံအတွင်းတွင် တပ်မတော်မှဝင်ရောက် နေရာ ယူထား သည့်အပေါ် မလိုလားသည့်အတွက် ထွက်သွားပေးရန် ဝိုင်းမော်၊ မြစ်ကြီးနားမြို့မှ ပြည်သူများက သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။







