ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့ က ပြည်သူ့ဆေးရုံမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား မှုတွင် CDM ပါဝင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကို စစ်သားများ၊ ရဲများက လာရောက်ဖမ်းဆီးနေသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ (ယနေ့) တွင် ဆေးရုံကို လုံခြုံရေးတပ်ဖွဲ့များက ဝိုင်းထားပြီး လာရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီဟု မိုင်းပန်မြို့နယ် ဆေးရုံ၏ လက်ထောက်ဆရာဝန် ဒေါက်တာ စိုင်းစောထွန်းအောင် က ပြောသည်။
“ကျနော်တို့က ဝန်ထမ်းတွေကလည်း CDM တင်တာပေါ့နော။ အခု Civil Disobedience movement လုပ် နေ တယ် ကမ်ပိန်း လုပ်နေတယ်။ ဝင်နေတယ်ပေါ့နော။ အဲဒါအပြင်ကို တစ်ချို့ ကျနော် ဝန်ထမ်းတွေ က မနေ့ရယ် ဒီနေ့ ရယ် ဆန္ဒပြပွဲမှာ သူတို့က ပါတယ်။ ပါတယ်ဆိုတာက လူထုဆန္ဒပြပွဲ ဒီအတိုင်းပဲ သွားတာ ပေါ့ အဲဒါကို သူ တို့က ခေါင်းစဉ်တပ်ပြီးတော့ ကျနော်တို့ဆီက ဝန်ထမ်းတွေ ဦးဆောင်နေပါတယ်ဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ ကျနော် တို့ဆီက ဆေးမှတ်တမ်းထိန်းတစ်ယောက်ရယ်၊ ကြီးကြပ် ၂ တစ်ယောက်ရယ်ကို သူတို့က by name နဲ့ (နံမည်တပ်ပြီး) လာဖမ်းခိုင်းတာ ဆေးမှတ်တမ်းထိန်းကတော့ ပါသွားပြီပေါ့နော။ အဲဒီအချိန် ကျနော်တို့က မရှိဘူး ဆေးရုံမှာ အခုက နောက်တစ်ယောက်ကို ကြီးကြပ် ၂ ကိုစိုးမိုးသူကို လာဖမ်းတဲ့အချိန်မှာ ကျနော်တို့က မရဘူး။ မပေးဖမ်း ဘူး။ ရဲမှူး ကိုယ်တိုင် ပါလာပါတယ်။”
ဖမ်းဆီးခံထားရသည့် မိုင်းပန်ဆေးရုံမှ ဆေးမှတ်တမ်းထိန်းမှာ ယခုအချိန်ထိ ပြန်လည်လွတ်လာခြင်းမရှိသေးဘူး ဟုလည်း ဆေးရုံဝန်ထမ်းများက ပြောသည်။
ဆေးရုံမှ တာဝန်ရှိသူများက လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများအား မည်သည့်ပုဒ်မနှင့် လာ ရောက်ဖမ်းဆီးခြင်း ဖြစ်သည်ကို မေးမြန်းရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့် ဖမ်းဆီးခြင်း ဖြစ် ကြောင်းသာ ပြောသည်ဟု ဒေါက်တာစိုင်းစောထွန်းအောင် က ဆက်ပြောသည်။
“ဘာလို့ဖမ်းတာလဲပေါ့။ ဘာပုဒ်မရှိလဲပေါ့။ သူကမဖြေနိုင်ဘူးပေါ့နော။ တပ်မက ဖမ်းခိုင်းလို့ ဖမ်းတာပါတဲ့ ကျ နော်တို့ဆီမှာ တပ်က ၁၇ ရှိတာပေါ့နော။ အဲဒါဆိုရင် ကျနော်က မေးတယ်ပေါ့နော အဲဒါဆိုရင် ကျနော်တို့ မိုင်း ပန်မြို့က စစ်အုပ်ချုပ်ရေး အောက်ရောက်သွားပြီးလားလို့ ကျနော်အဲလိုမေးတော့လည်း သူကမဖြေနိုင်ဘူး။ အဲ ဒါကို အဲဒါဆိုရင်တော့ ဖွဲ့စည်းပုံအရဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ကျနော်တို့တို့ ဝရမ်းစည်းမျဉ်းတွေ ရှိ တယ်လို့ ဖမ်းမယ်ဆိုရင်တောင် ဝရမ်းပြပါလို့ ဘာပုဒ်မတွေ ရှိသလဲဆို အဲဒါလည်း သူတို့မပြောနိုင်ဘူးဗျာ။ ပြီး ကျတော့မှ သူတို့ ဟိုဆက်ဒီဆက်နဲ့ လုပ်ပြီးတော့မှ ခနလေးကြာတော့မှ သူက သဘာဝဘေးစီမံဥပဒေနဲ့ ဖမ်း တယ်တဲ့။ သဘာဝဘေးစီမံဥပဒေဆိုရင် ကျနော်တို့ တစ်ယောက်တည်းထွက်တာမှ မဟုတ်တာလို့ သဘာဝ ဘေး စီမံဥပဒေက ကွက်ပြီးဖမ်းလို့ရလို့လားလို့။”
မိုင်းပန်မြို့ က ပြည်သူ့ဆေးရုံကြီးဝန်းထဲသို့ ယနေ့ မွန်းလွဲပိုင်းအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ဝိုင်း ထားခဲ့ပြီး ယနေ့ ည ၁၀ နာရီ အချိန်ထိ စစ်သားများ လာရောက်ဝိုင်းထားဆဲ ဖြစ်သည်ဟု ဒေါက်တာစိုင်းစောထွန်း အောင် က ပြောသည်။
“ရဲတွေလည်းပါတယ် တပ်ကလည်း အများကြီးလာတယ်ဗျာ။ ကျနော်တို့ဆေးရုံမှာ ကျနော်တို့ တံခါးပိတ်ပြီးမှ ကျနော်တို့တံခါးပေါက်ဝမှာ ပိတ်နေတာ ကျနော်တို့ကို သူနဲ့ပေါ့နော ဆရာမတွေ ကျနော်ရယ် ဆရာတွေ ပိတ် ထားပြီးမှ နေတယ်။ အဲဒါ သူတို့ မ ဝင်ရဲဘူးပေါ့နော။ အတင်းလည်း မလုပ်ရဲဘူး အစတော့ သူတို့အင်အားသုံး ပြီးမှ ခွဲမလို့ နောက်တော့ တပ်တွေလည်း လာတယ်။ တပ်ကလည်း စစ်ကား ၂ စီး ၃ စီးလောက်နဲ့ အကျယ်စည်း လာဝိုင်း တယ်ပေါ့နော ကျနော်တို့ဆေးရုံရှေ့ လာဝိုင်းတယ်။”
မိုင်းပန်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လုပ်ဖော်ဆောင်ဖက် အချင်းချင်း တစ်ယောက်ကို တစ် ယောက်ကာကွယ်သွားမည်ဖြစ်ပြီး ဆက်လက်၍လည်း CDM လှုပ်ရှားမှုတွင် ပါဝင်သွားမည်ဟု ဆက်ပြောသည်။
“ကျနော်တို့ကလည်း ဒီမတရားတဲ့ ကိစ္စကို ကျနော်တို့က ခေါင်းငုံ့မခံဘူး။ ကျနော်တို့ ဒီဖြစ်ခဲ့တဲ့အတိုင်း ဖြစ်စေ ချင်တယ်။ အဲဒီတော့ ကျနော်တို့ရဲ့ ဆန္ဒကို ငြိမ်းချမ်းစွာနဲ့ ထုတ်ဖော်တယ်။ ကျနော်တို့ ဝန်ထမ်းဆိုဒ်ကို CDM တွေ လုပ်လို့ရတယ်။ တစ်ချို့စိတ်အားပါတဲ့လူက CDM လုပ်ရင်းအပြင်ကို ပြည်သူနဲ့ လမ်းထွက်ဆန္ဒပြပွဲတွေ လုပ် တယ်။ အဲဒီမှာမှ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာကို ပုဒ်မတွေ အမျိုးမျိုးနဲ့ ဖမ်းတာမျိုးတော့ မကြိုက်ပါဘူး။ ဝန်ထမ်းပဲ ဖြစ်ဖြစ် အရပ်သားပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆိုပေါ့နော ကျနော်တို့ ဒီမှာ အထက်က အမိန့်ရလို့ပါဆိုကို လာဖမ်းသွား တာမျိုးဆိုတာကို ကျနော်တို့ မဖြစ်စေချင်ပါဘူး။ ဒါမျိုးမဖြစ်အောင်လည်း ကျနော်တို့က အကြောင်းစုံ ကာကွယ်သွားရမှာပေါ့နော်။”
မိုင်းပန်မြို့တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဒေသခံ ရှမ်းတိုင်းရင်းသား လူငယ်များဦးဆောင်ပြီး ရပ်မိရပ်ဖ များ နှင့် အစိုးရဝန်ထမ်းအချို့တို့က စစ်အာဏာသိမ်းမှုကို မလိုလားကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် စစ်တပ်ယန္တယားအုပ်ချုပ်မှုအောက်တွင် တာဝန် ထမ်းဆောင်လိုခြင်းမရှိသည့်အတွက် နိုင်ငံဝန်ထမ်းများ ရုံးတက်အမိန့်နာခံဆောင်ရွက်မှု မပြုသည့်လှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြားက ကျန်းမာ ရေးဝန်ထမ်းများကို စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသည်။







