သတင်းလွတ်လပ်ခွင့်အတွက် BNI တောင်းဆို

သတင်းလွတ်လပ်ခွင့်အတွက် BNI တောင်းဆို

တပ်မတော်မှ နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက် ပြည်သူလူထုအတွက် သတင်းသိရှိနိုင်ခွင့်နှင့် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေသော လုပ်ရပ်များကို မလုပ်ရန် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) က တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ ပုဂ္ဂ လိက သတင်းရုပ်သံလိုင်းများကို ဖြတ်တောက်ထားခြင်း၊ လူမှုမီဒီယာများကို အသုံးပြုခွင့် ကန့်သတ်ခြင်းများ ပြု လုပ်ခဲ့သည်။

BNI ၏ မူဝါဒရေးရာ ဥက္ကဌ နန်းဖော့ဂေ က “သတင်းအရင်းအမြစ်တွေကို ချဉ်းကပ်ရခက်တဲ့ အခက်အခဲ တစ်ခု ရယ်၊ နောက်တစ်ခုက သတင်းပေးပို့မှု၊ ဖြစ်နေတဲ့ အခင်းအကျင်းမှာ သတင်းသွားပြီး ရယူတယ်၊ ရယူပြီးတော့ တင်ဖို့ပြုဖို့လုပ်ရင် ဆက်သွယ်ရေး အခက်အခဲ အရမ်းကြီးတယ်။ အခုက ဆက်သွယ်ရေးတွေက အင်တာနက် လိုင်းတွေက လိုင်းမကောင်းဘူး။ တိုင်းရင်းသား ဒေသတွေမှာဆိုရင် အင်တာနက်လိုင်းတွေက တဆင့်ခံပြီးသုံး နေရတာဆိုတော့ ပေးပို့ဖို့ အသံဖိုင်တွေလည်း မကြားရတာမျိုးတွေရှိတယ်။ အဲ့အခါမှာ သတင်းသမားတွေ အတွက် စိတ်အနှောက်အယှက်ဖြစ်စေတယ်။ ပြည်သူလူထုတွေကလည်း မီဒီယာတွေက ဖော်ပြတဲ့သတင်းတွေ ကို သွားကြည့်ဖို့ ရရှိဖို့အတွက် သူတို့မှာ အခက်အခဲရှိတယ်” ဟု ပြောသည်။

တပ်မတော်မှ အာဏာသိမ်းသည့်နေ့တွင် မဇ္ဈိမ ရုပ်သံသတင်းဌာန၊ DVB သတင်းဌာန၊ Skynet၊ MRTV 4 နှင့် အချို့ရုပ်သံလိုင်း များအား ပိတ်ပင်ထားခဲ့သည်။

“နောက်တစ်ခုက သတင်းဌာနတွေဆိုရင် စစချင်း အာဏာသိမ်းတုန်းကဆိုရင် သတင်းရုပ်သံတွေကို ဖြတ်ပစ် လိုက်တယ်။ လိုင်းဖြတ်လိုက်တဲ့အနေအထားမျိုးဆိုတော့ လူထုတွေရဲ့ သတင်းရရှိမှုအပေါ်မှာ လုံးဝသတင်း အမှောင်ချလိုက် သလိုဖြစ်တယ်။ ဒါမျိုးက ရှေ့ဆက်လည်း အခုဆိုရင် အာဏသိမ်းတာက ၁၁ ရက်ရှိပြီ။ ရှေ့ ဆက်လည်း ဒီထက်ဆိုးလာမယ့် နိုင်ငံရေးအခင်းအကျင်း အရှုပ်အထွေးပေါ်မှာ သတင်းရယူမှုတွေက ဒီထက် မဆိုးလာဘူးလို့ ပြောလို့မရဘူး။”

၎င်းတို့အထဲမှ မဇ္ဈိမ ရုပ်သံသတင်းဌာန၊ DVB သတင်းဌာနတို့သည် ယနေ့အချိန်ထိ ထုတ်လွှင့်ခွင့် မရသေးပေ။

နိုင်ငံရေးမတည်ငြိမ်သည့် အခြေအနေတွင် နိုင်ငံတဝှမ်းမှ တိုင်းရင်းသားများ တိကျမှန်ကန်သည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိနားလည်ရန်လိုအပ်သည့်အတွက် မီဒီယာလွတ်လပ်ခွင့်နှင့် ပြည်သူများ၏ သတင်း အချက်အလက်ရရှိပိုင်ခွင့်ကို ဖိနှိပ်ပိတ်ပင်ခြင်းများ မပြုလုပ်ရန်လည်း BNI ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ကာ တောင်းဆိုထားသည်။

စစ်အာဏာဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများအပြင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တပ်မတော်နှင့် ရဲတပ် ဖွဲ့များက NLD မှာ ခေါင်းဆောင်များနှင့် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူအချို့အား နေအိမ်များတွင် လိုက်လံ ဖမ်း ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက်လည်း သတင်းအရင်းအမြစ်များနှင့် ဆက်သွယ်ရာတွင် ပိုမို ခက်ခဲလာသည်ဟုလည်း BNI က ထောက်ပြထားသည်။

“အခုလက်ရှိမှာတော့ မီဒီယာက သတင်းထုတ်လုပ်ခွင့်က ပုံမှန်အတိုင်းပဲ ရှိတယ်ဆိုပေမယ့် သတင်းအမှားတွေ ရရှိတဲ့အပေါ်မှာ မီဒီယာသမားတွေက ကိုယ့်ရဲ့ သတင်းအရင်းအမြစ်ကို ဆက်သွယ်မေးမြန်းရတဲ့အခါမှာ စိုးရိမ် စရာရှိတာက သတင်းအရင်းအမြစ်တွေကို ကိုယ့်ကို မပြောချင်တော့ဘူးပေါ့နော်။ နိုင်ငံရေးခေါင်းဆောင်တွေ ဆိုရင်လည်း ဒီကာလမှ အပြောအဆိုတွေ အရမ်းသတိထားပြီး နေတဲ့အတွက်ကြောင့် မီဒီယာသမားတွေရဲ့ ဆက်သွယ်မှု မေးမြန်းမှုတွေလည်း မဖြေကြားတော့ဘူးလေနော်။ အမှားပါမှာစိုးတော့လေ။”

ထို့ကြောင့် တိကျမှန်ကန်သည့် သတင်းများ အချိန်နှင့်တပြေးညီ ပြည်သူကို ချပြနိုင်ရေး ခက်ခဲလာသည်ဟု နန်း ဖော့ဂေ က “မီဒီယာသမားတွေက လူ ထုတွေကို အခြေအနေမှန်ချပြဖို့ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာမျိုးကို မက်ဆေချ်ရယူဖို့အတွက် အခက်အခဲရှိ တယ်။ အဲ့ဒီအခါအမှာ သတင်းအမှားတွေထုတ်ပြန်တော့ အတုတွေ အမှားတွေကြောင့်မို့လို့ မီဒီယာသမားတွေက သတင်းအချက်အလက်မှန်ကို တင်ပြဖို့လည်း အခက်အခဲတွေ ရှိတယ်” ဟု ဆက်ပြောသည်။

ထို့အပြင် လူထုလှုပ်ရှားမှု သတင်းများကို အချိန်နှင့် တပြေးညီ သတင်းရယူတင်ပြနေသည့် အနယ်နယ်အရပ်ရပ် မှ သတင်းသမားများကို အကြမ်းဖက်ဖိနှိပ်ချုပ်ချယ်ခြင်းများ မပြုလုပ်ရန်လည်း BNI က တောင်းဆိုထားသည်။

“ဖြည့်စွက်ပြောချင်တာ တစ်ခုကလေ လုံခြုံရေးအပိုင်းပေါ့နော်၊ အခုဆိုရင် ဆန္ဒပြတဲ့လူတွေကိုလည်း ပစ်ခတ်မှု တွေရှိတယ်။ ဖမ်းဆီးမှုတွေရှိတယ်။ အဲ့အခါမှာ ဆန္ဒပြတဲ့အခင်းအကျင်း၊ သပိတ်အခင်းအကျင်းမှာ သတင်းသွား ယူတဲ့ သတင်းသမားတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ၊ သတိပြုမှုတွေ လုပ်ဖို့လိုတယ်။ မဟုတ်လို့ရှိရင် သတင်းသမားတွေလည်း ဖမ်းဆီခံရတာမျိုးလေးတွေ ဖြစ်လာနိုင်တယ်။ ပစ်ခတ်မှုတွေရှိတယ်ဆိုရင်လည်း သတင်းသမားတွေကလည်း သူလိုကိုယ်လိုပဲဆိုတဲ့အခါကြကျတော့ သတင်းသွားယူတဲ့အခါမှာ ကိုယ့်ရဲ့ လုံခြုံမှု အတွက် လက်ပတ်ဖြစ်စေ၊ press ဆိုတဲ့ ဦးထုပ်တွေဖြစ်စေ ထင်သာမြင်သာဝတ်ဆင်ဖို့ တိုက်တွန်းချင်တယ်။ ဘာလို့လဲဆိုရင် အရမ်းအန္တရာယ်များတဲ့ ကာလဖြစ်တယ်” ဟု နန်းဖော့ဂေ က ဆက်ပြောသည်။

မီဒီယာလွတ်လပ်ခွင့်၊ ပြည်သူများ၏ သတင်းအချက်အလက် ရပိုင်ခွင့် နှင့် သတင်းထောက်များ၏ လုံခြုံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ BNI အပါအဝင် မြန်မာနိုင်ငံမှ သတင်းမီဒီယာအဖွဲ့အစည်းများနှင့် အတူရပ်တည်ပေး ရန် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အလှူရှင်များကို BNI က တောင်းဆိုထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...