ကချင်ပြည်နယ် နမ္မတီးမြို့တွင် ဆန္ဒပြမှုတွင် ပါဝင်သည့် ဆရာမ တစ်ဦးအား ယမန်နေ့ညက အိမ်တွင် လာရောက်ရှာဖွေခဲ့သဖြင့် တိမ်းရှောင်နေရသည်ဟု ကာယကံရှင်က ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ နမ္မတီးမြို့ ရှိ အထက်တန်းကျောင်း အမှတ် (၁) မှ ပညာရေးဝန်ထမ်းများ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သည်ဟုဆိုကာ အဆိုပါ ဆရာမအား လိုက်လံရှာဖွေ နေ ခြင်း ဖြစ်သည်ဟု ပြောသည်။
ထွက်ပြေးတိန်းရှောင်နေရသည့် ဆရာမ ဒေါ်မာလာ က “ည ၁၁ နာရီလောက်ကပေါ့ အိမ်ကို လာပြီးတော့မှလေ လာအော်တယ်။ အိမ်ကလည်း တံခါးမဖွင့်ဘူး။ ကားတစ်စင်းက အိမ်ရှေ့ကိုရောက်နေတယ်။ ၂ နာရီ နဲ့ ၁၅ မိနစ် လောက်မှ သူတို့ပြန်သွားတယ်။ ဆရာမ ဆရာမ လို့ခေါ်တယ်။ အိမ်ရှေကအော်လိုက်၊ အိမ်ဘေးက အော်တယ်။ အုပ်ချုပ်ရေးမှူးလည်းပါတယ်။ အမျိုးသမီးတစ်ယောက်လည်းပါတယ်။ ဆယ်အိမ်ခေါင်းပဲ။ အကြာကြီး စောင့် နေတယ်။ မနက် ၆ နာရီ ခွဲမှာ ပြန်ထပ်ရောက်လာတယ်။ CDM လှုပ်ရှားမှုမှာ ကျမကို ခေါင်းဆောင်လို့ ထင်နေ တာ။ ကျမသည် ခေါင်းဆောင်မဟုတ်ပါဘူး။ ကျမတို့ရဲ့ မျိုးဆက်ကြောင့် ကျမတို့ လုပ်ရတာပါ” ဟု ပြောသည်။
၎င်းအနေဖြင့် ပြစ်မှုတစ်စုံတစ်ရာ လုပ်ထားခြင်းမရှိကြောင်း၊ အာဏာရှင်အစိုးရလက်အောက်တွင် တာဝန် ထမ်း ဆောင်လိုခြင်း မရှိသည့်အတွက် ပြည်သူများနှင့်အတူ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းသာ ဖြစ်သည်ဟု ဆရာမ ဒေါ်မာလာက ဆက်ပြောသည်။
“ဘာပြစ်မှုမှ မလုပ်ထားဘူး။ ဆရာ/ဆရာမတွေရော ပြည်သူတွေရော အားလုံးပေါင်းပြီး CDM လုပ်တယ်လေ။ ကျမကတော့ ဘာမှ မစိုးရိမ်ဘူး။ အခုလိုလုပ်တာကိုလည်း နောင်တလုံးဝမရပါဘူး။ ကျမတို့သည် နိုင်ငံ့အတွက် လှုပ်ရှားတဲ့၊ ပြည်သူကို ထိခိုက်တဲ့အခါမှာ အေးအေးချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော် တောင်းခံနေတာပဲ ဖြစ်ပါတယ်။ မတရားမှုကို လုံးဝ ခေါင်းငုံ့မခံနိုင်ပါဘူး။ အာဏာရှင်အစိုးရအောက်မှာ အလုပ်လုပ်လိုတဲ့ ဆန္ဒလုံးဝမရှိပါဘူး။”
နမ္မတီးမြို့၊ မြို့လှရပ်ကွက်ရှိ ဆရာမဒေါ်မာလာအိမ်သို့ ယမန်နေ့ညက တစ်ကြိမ်၊ ယနေ့နံနက်ပိုင်းက တစ်ကြိမ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ရဲတပ်ဖွဲ့ ဝင်များ လာရောက်၍ ဆရာမ အား စစ်ဆေးစရာရှိသူဟုဆိုကာ လာ ရောက်ခေါ်ယူခဲ့သည်ဟု သိရသည်။
ဆရာမဒေါ်မာလာသည် နမ္မတီးမြို့ ရှိ အမှတ် (၁) အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမတစ်ဦးဖြစ်ပြီး ဝန်ထမ်းသက်တမ်း အနှစ် ၃၀ ကျော်ရှိပြီ ဖြစ်သည်။
ဆရာမဒေါ်မာလာအပါအဝင် နမ္မတီးမြို့ အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းဆရာ/ဆရာမများသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖဲကြိုးနီလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပြီးနောက် ပြည်သူများနှင့်အတူ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။







