မွန်ညီညွတ်ရေး ပါတီအတွင်း သဘောကွဲလွဲမှုများ ဖြစ်

မွန်ညီညွတ်ရေး ပါတီအတွင်း သဘောကွဲလွဲမှုများ ဖြစ်

“နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ” တွင် ပါဝင်ရန် အာဏာသိမ်း စစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံလိုက် သည့်အပေါ် မွန်ညီညွတ်ရေးပါတီ (MUP) အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။

အာဏာသိမ်း စစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံခြင်းသည် ပါတီအခြေခံစည်းမျဉ်းနှင့်လည်း သွေဖယ်နေသည် ဟု ပါတီဗဟိုအလုပ်အမှုဆောင်ပါတီဝင်အချို့ က ထောက်ပြနေကြသည်။

“ကျနော်တို့ကတော့ လက်မခံသင့်ဘူးဆိုတဲ့ဘက်က ဆွေးနွေးပေးခဲ့တာပေါ့။ အခုချိန်မှာ တအားရှုပ်ထွေးနေတဲ့ ကာလဖြစ်တယ်။ နောက်တစ်ခုက ကျနော်တို့ပါတီက ပေါင်းစည်းပြီး ဖြစ်တည်လာတဲ့  ပါတီတစ်ခုဖြစ်တဲ့  အခါ ကျတော့ စည်းလုံးညီညွတ်မှု အရမ်းပျက်ပြားသွားမှာ စိတ်ပူတယ်။ အခုပါတီဝင်မှာ လက်ခံ လက်မခံတာ ဆိုတဲ့ ဟာက အများကြီးရှိတယ် ဆိုတော့ ဘာပဲပြောပြော ဒါကြီးကိုဆုံးဖြတ်လိုက်တော့ ပါတီမှာ တော်တော် ဂယက် ရိုက်သွားတယ်။ အဲဒါကြောင့်မို့ ဒါကို အရင်စလို မဆုံးဖြတ်ကြပါနဲ့ လက်မခံပါနဲ့အုံး ကျနော်တို့ဘက် ဆွေးနွေး တာက (ကော်မတီဝင်) CC နဲ့ ပြန်ညှိနှိုင်းဖို့လိုတယ်” ဟု MUP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် ကမ်းလှမ်းခံရသည်အပေါ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကမ်းလှမ်းမှုကို လက် ခံရန် ဆုံးဖြတ်ခဲ့သည်။

ဒေါက်တာအောင်နိုင်ဦး က “အဲဒီနေ့က အခြေအတင် တော်တော်ဖြစ် ကြတယ်။ သဘောထားကွဲလွဲမှု တော်တော်ဖြစ်ကြတယ်။ အစည်းအဝေးတက်တဲ့ ဗဟိုအလုပ်အမှုဆောင်က ၃၀ ကျော်တယ်၊ ကန့်ကွက်တာ ၁၀ ယောက်လောက်ပါတယ် သဘောတူ တာ ၂၆ ယောက် ကြားနေတာ ၂ ယောက်လောက်ရှိတယ်။ အဲဒီအဆင့်ရောက်ဖို့ တော်တော် အကြိတ်အနယ် ဆွေးနွေးကြတယ်။ ကျနော်တို့ က တော့ လက်မခံသင့်ဘူးဆိုတဲ့ဘက်က ပါတာပေါ့နော်။ ဒါက CEC အများစုက သဘောထားဆန္ဒနဲ့ ဆုံးဖြတ်ခဲ့လို့ ပြောရမယ် CEC အားလုံးရဲ့ သဘောထားဆန္ဒလို့တော့ ပြောလို့မရဘူး” ဟု ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်သည် ပါတီဝင်အားလုံး၏ သဘောထား မဟုတ်ပဲ ပါတီဝင်အများစု သဘောထားသာဖြစ်သည်ဟု ဒေါက်တာအောင် နိုင်ဦး က ပြောသည်။

ပါတီ၏ အခြေခံစည်းမျဉ်းအရ အာဏာရှင်စရိုက်၊ လူမျိုးကြီးဝါဒကို အားမပေးရန် ပါကြောင်းလည်း ထောက်ပြခဲ့သည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

“နောက်တစ်ခုက ကမ်းလှမ်းလာတာက UEC ကမ်းလှမ်းတဲ့ ပုံစံမျိုး ဒါကလည်း မဖြစ်သင့်ဘူးပေါ့နော်။ ဒါကြောင့် မို့ ကျနော်တို့ဘက်က လက်မခံသင့်ဘူးဆိုတဲ့သဘောထား ပေးတာပေါ့ နောက်တစ်ခုက ပါတီရဲ့ အခြေခံစည်း မျဉ်းထဲကိုက အာဏာရှင်စရိုက်တွေ လူမျိုးကြီးဝါဒတွေ အားမပေးဖို့ပါတယ်။ အဲဒါကိုလည်း ထောက်ပြကြ တယ်။”

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်မည်ဆိုသည့် ဆုံးဖြတ်ချက်အပေါ် ပြည်သူထုအကြားတွင်လည်း ဝေဖန်ပြောဆို ရှုတ်ချမှုများ ရှိနေသည်။

ပါတီက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် လက်မခံသည့် ပါတီဝင်အချို့ကလည်း တရားဝင် စာ တင်ကာ ပါတီမှ နှုတ်ထွက်မှုများလည်း ရှိနေသည်။

ပါတီခေါင်းဆောင်များက ထိပ်တိုက်ရင်ဆိုင်ရမည့်လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်အောင် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်မည့် ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းဖြစ်သည် ဟု ပြောသည်။

“သမိုင်းအတွေ့အကြုံအရ ကျနော်တို့တွေက ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်တဲ့နေရာမှာ ထိပ်တိုက်ရင် ဆိုင်တဲ့လမ်းကြောင်းကို လျှောက်ခဲ့ကြတယ်။ အဲဒီထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းကို လျှောက်ခဲ့တဲ့ သမိုင်း ကြောင်းတွေမှာ ပြည်သူတွေ တိုင်းရင်းသားတွေ အသက်ပေးပြီးတော့ သွေးချောင်းစီးခဲ့ရတယ်။ နိုင်ငံရေး ရလဒ် အဖြေတွေက ဒီအချိန်ထိ တစ်စုံတစ်ရာ မရရှိသေးဘူး။ ဒါကြောင့်မို့ ကျနော်တို့ အားလုံးရည်မှန်းထားတဲ့ ဖက်ဒ ရယ်ပြည်ထောင်စုကို ရောက်ဖို့အတွက်က ထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းက ပြည်သူလူထုအတွက် အကျိုး မရှိဘူး။ ဒါကြောင့်မို့ အဲဒီထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းကို ရှောင်လွှဲပြီးတော့ တွေ့ဆုံ ဆွေးနွေးရေး လမ်း ကြောင်းပေါ်ရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းသွားမယ်ဆိုတဲ့သဘောထားရှိတယ်” ဟု ပါတီတွဲဖက် အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

မွန်ညီညွတ်ရေးပါတီကဲ့သို့ အခြားတိုင်းရင်းသားပါတီများကလည်း “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်ရန် ကမ်းလှမ်းခံကြရပြီး ကမ်းလှမ်းခံရသည့်အပေါ် လက်ခံသည့် တိုင်းရင်းသားပါတီများရှိသကဲ့သို့ လက် မခံသည့် ပါတီများလည်းရှိနေသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...