မြစ်ကြီးနားတွင် လူသောင်းချီ ဆန္ဒထုတ်ဖော်

မြစ်ကြီးနားတွင် လူသောင်းချီ ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် သောင်းနှင့်ချီသော ပြည်သူများက ဖေဖော်ဝါရီလ ၈ ရက်နေ့ (ယနေ့) တွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ထိုဆန္ဒထုတ်ဖော်မှုတွင် ဒေသခံ ကချင်တိုင်းရင်းသားလူငယ်များ၊ ကျောင်းသားများ၊ အစိုးရဝန်ထမ်းများနှင့် ပြည် သူများက ပါဝင်ခဲ့ကြပြီး မြစ်ကြီးနားမြို့ ၊ မနောအားကစားကွင်းနှင့် မနောကွင်းနေရာတို့တွင် ယနေ့ နံနက် ၈ နာရီ အချိန်က ပြည်သူများစုဝေး၍ မြစ်ကြီးနားမြို့ ပတ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

“ဘုန်းဘုန်းတို့လည်း စစ်အာဏာရှင်စနစ်ကို လုံးဝအလိုမရှိဘူး။ ပြည်သူတွေ ကပ်လှူတဲ့ဆွမ်းကိုစားပြီးတော့ ပြည်သူတွေအတွက် ဘုန်းဘုန်းတို့လည်း တာဝန်ကျေချင်တယ်။ မင်းအောင်လှိုင်အစိုးရကို လုံးဝမလိုမရှိဘူး” ဟု မြစ်ကြီးနားမြို့ ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။

လမ်းလျှောက်ဆန္ဒထုတ်သူများအပြင် ဆိုင်ကယ်များ၊ မော်တော်ယာဉ်များနှင့်ပါ မြစ်ကြီးနားမြို့ ပတ်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။

မြစ်ကြီးနားမြို့ ခံတစ်ဦးကလည်း “တပ်မတော်ကို ချစ်တယ်။ ဒါပေမယ့် စစ်အုပ်စုတစ်စုကို မချစ်လို့ ဆန့်ကျင် တာ။ ကျနော်တို့ ပြည်သူတွေအားလုံးလည်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြဖို့ တိုက်တွန်းချင်တယ်။ စစ်အုပ် ချုပ်ရေး စနစ်ကြီးက ပိုပြီးလာမယ်ဆိုရင် ပြည်သူ့ဘဝနိမ့်ကျမယ်။ နောက်မျိုးဆက်တွေအတွက် အစစအရာရာ ပျက်သုန်း သွားမယ်ဆိုတာ ကမ္ဘာသိအောင်ပြောပေးကြပါ” ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတွင် စစ်အာဏာရှင်စနစ် မုချ ကျ ဆုံး ပါစေ၊ ဖမ်းဆီးခံရထားသည့် ခေါင်းဆောင်များ ချက်ချင်းလွှတ် ချက်ချင်းလွှတ်၊ အာဏာရှင်စနစ်အလိုမရှိ၊ မတရားအာဏာသိမ်း စစ်အစိုးရ အလိုမရှိ၊ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာရေး တို့အရေး၊ ဒီမိုကရေစီ အရေး တော်ပုံအောင်ရမည်၊ CDM လုပ်ခြင်းဖြင့် တိုင်းပြည်ကို ကာကွယ်ပါ၊ ငါတို့ခေတ် သမိုင်းမရိုင်းစေနဲ့ စသည့် ဆိုင်း ဘုတ်များကိုင်ဆောင်ခြင်း၊ ကြွေးကြော်ခြင်းတို့ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ ပြည်သူများကလည်း ဆန္ဒထုတ်ဖော်သူများကို ဝန်းရံပေးခဲ့ကြပြီး အချို့ ပြည်သူများ လမ်းကြောင်း တစ်လျှောက် စားစရာများ၊ သောက်ရေများ၊ Mask များ၊ လက်အိတ်များ ပေးဝေခဲ့ကြသည်။

ရေနှင့် စားစရာများကို ပေးဝေနေသူ မြစ်ကြီးနားမြို့ က မြို့ခံတစ်ဦး က လည်း “ဆန္ဒပြတဲ့ ပြည်သူတွေအားလုံး အတွက် တတ်နိုင်သလောက်လေး ရေလေးဘာလေး ဝေတာပါ။ ကျနော်တို့ကို ဘယ်သူကမှ မခေါ်ပါဘူးဗျ။ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်ပဲ အားလုံးက လမ်းပေါ်တက်လာကြတာပဲလေနော်” ဟု ပြောသည်။

အလားတူ ဗန်းမော်၊ ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအိုမြို့တို့တွင်လည်း တပြိုင်တည်း စစ်အာဏာ ရှင်ဆန့်ကျင်ရေး ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ (ယမန်နေ့) ညနေပိုင်းကလည်း ဆိုင်ကယ်များဖြင့် လှည့်လည်ကာ  စစ်အာဏာရှင်ဆန်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုအချို့ ရှိခဲ့ပြီး ညတိုင်း အိုးခွက်သံပုံးများတီးကာ စစ်အာဏာ သိမ်းမှုကို မလိုလားကြောင်း၊ ဆန့်ကျင်ကြောင်း အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးက ပြည်သူများနည်းတူ ဆန္ဒထုတ်ဖော် နေကြသည်။

ထို့အပြင် အခြားသော ပြည်နယ်များနှင့် တိုင်းဒေသကြီးတို့ရှိ မြို့နယ်အသီးသီးတွင်လည်း စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒထုတ်ဖော်နေကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...