မြစ်ကြီးနား တက္ကသိုလ် ဆရာ/မ များ ဖဲကြိုးနီ လှုပ်ရှားမှု စတင်

မြစ်ကြီးနား တက္ကသိုလ် ဆရာ/မ များ ဖဲကြိုးနီ လှုပ်ရှားမှု စတင်

တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အား လုံးဝလက်ခံမည် မဟုတ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တက္ကသိုလ်မှ ဆရာ/ဆရာမများ က ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ယနေ့နံနက်တွင် ပြုလုပ်သော တပ်မတော်မှ အာဏာသိမ်းမှုကို ကန့်ကွက်သည့် ဖဲ ကြိုးနီလှုပ်ရှားမှုတွင် မြစ်ကြီးနား တက္ကသိုလ်မှ ဆရာ/ဆရာမများက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြစ်ကြီးနား တက္ကသိုလ် စီးပွားရေး ပညာဌာနမှ ဆရာမ ဒေါ်ခိုင်ချိုချိုခက်က“ကျမတို့က ဓမ္မနဲ့ အဓမ္မပေါ့နော ဒီအဓမ္မ အာဏာသိမ်းပိုက်တာကိုတော့ ကျမတို့ မခံနိုင်ပါဘူး။ ကျမတို့ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရ ရဲ့ လက်အောက်မှာပဲ ကျမတို့က တာဝန်ကို ထမ်းဆောင်ချင်ပါတယ်။ ကျမတို့ ပြည်သူတွေ နှစ်ပေါင်းများစွာ ဒီအတွက်ကို ကျမတို့တွေက ပြည်သူတွေက ရင်းခဲ့ကြတာပါ။ ဒါကလည်း ကျမတို့က စစ်အာဏာရှင် စစ် သားကို မုန်းလို့လည်း မဟုတ်ပါဘူး။ ကျမတို့ လိုချင်တာက ဓမ္မနော တရားနည်းလမ်းကျတဲ့ ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရလက်အောက်မှာ နေဖို့အတွက် ကျမတို့ အကုန်လုံးလာကြတာပါ” ဟု ပြောသည်။

မြစ်ကြီးနား တက္ကသိုလ်မှ ဆရာ/ဆရာမများ၏ ဖဲကြိုးနီလှုပ်ရှားမှုကို ယနေ့ နံနက် ၁၀ နာရီခွဲတွင်ပြုလုပ် ခဲ့ ကြပြီး ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်ရသည့်အပေါ် ဆရာ/ဆရာမများက ယခုကဲ့သို့ ပြောသည်။

အင်္ဂလိပ်စာဌာနမှ လက်ထောက်ကထိက ဆရာမ မရမ်ဂျာဆိုင်းမိုင် က “တစ်နိုင်ငံလုံး တရားမျှတမှု ရဖို့ရယ်၊ ကိုယ်ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို ပြန်ပြီးတော့ သူ့နေရာနဲ့သူ ရပ်တည်နိုင်ဖို့အတွက် ပါဝင်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

လှုပ်ရှားမှုတွင် ပါဝင်သည့် အခြား ဆရာမတစ်ဦးကလည်း “မတရားမှုကို မလိုလားလို့ပါရှင့် တရားမျှတတဲ့ အုပ် ချုပ်မှုကို လိုလားလို့ပါ” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် ဖဲကြိုးနီလှုပ်ရှားမှုတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံတော် သမ္မတကြီး ဦးဝင်း မြင့် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ချက်ချင်း လွတ်ပေးရန်၊ ၂၀၂၀ ရွေးကောက်ပွဲ ဆုံး ဖြတ်ချက်အတိုင်း လုပ်ဆောင်ရန်၊ စစ်အာဏာရှင် ဖွဲ့စည်းထားသော အစိုးရ အဖွဲ့အား သဘောမတူပါ၊ စစ် အာဏာရှင် စနစ်ကျဆုံးပါစေ စသည့်အချက်များကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

တပ်မတော်မှ အာဏာသိမ်းယူမှုကို လုံး၀ လက်ခံမည် မဟုတ်ကြောင်းနှင့် နောင်လာနောက်သားများ၏ ရှေ့ အနာဂတ်အတွက် ပြည်သူတစ်ရပ်လုံးကလည်း ယခုကဲ့သို့ လှုပ်ရှားမှုတွင် အားလုံးပါဝင်ပူးပေါင်းကြရန် လို အပ်သည်ဟု ဆရာမ ဒေါ်ခိုင်ချိုချိုခက် က ပြောသည်။

“လက်ရှိအာဏာသိမ်းတယ်ဆိုတာက ဒါမဖြစ်သင့်တဲ့ ကိစ္စ ကျမတို့ ဒီလို ကမ္ဘာမှာအားလုံးကလည်း ဒါကိုပူး ပေါင်း ပါဝင်ရမယ်။ ကျမတို့ နိုင်ငံနိုင်ငံသူ နိုင်ငံသားတွေ အားလုံးဟာလည်း ပူးပေါင်းပါဝင် ဖို့တာ ဝန်ရှိပါ တယ်။ ပြည်သူတစ်ယောက်အနေနဲ့ လုပ်ကိုလုပ်ရမယ်။ ကျမတို့က ရှေ့အနာဂတ်ကာလ အတွက်ပါ ဟုတ် သလို အခုအတွက်လည်း ကျမတို့က ဒါကို ရဲရဲဝံ့ဝံ့ လုပ်ကြရမှာပါ။ ဒီအာဏာသိမ်းတာကို ကျမတို့ ဘယ်လို မှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။”

တပ်မတာ်မှ အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုအား ပြည်သူအားလုံးက ပါဝင်လာမည်ဆိုပါက အောင်မြင်မှုပန်းတိုင်ကို ရရှိမည်ဟု ယုံကြည်ကြောင်းလည်း ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာ/ဆရာ မ များ က ပြောသည်။

လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာမတစ်ဦးက “အားလုံး တစ်ညီတစ်ညွှတ်တည်း စုပေါင်းပြီးတော့ ကျမတို့ စည်းလုံးညီညွှတ်စွာ လှုပ်ရှားမယ်ဆိုရင် အောင်မြင်မှု ပန်းတိုင်ဟာ မလွဲမသွေ ရောက်လာမှာပါရှင့်” ဟု ပြောသည်။

အင်္ဂလိပ်စာဌာနမှ လက်ထောက်ကထိက  ဆရာမ မရမ်ဂျာဆိုင်းမိုင်ကလည်း “အားလုံးစည်းလုံးနေမယ်ဆို လို့ရှိရင်တော့ အောင်နိုင်မယ်လို့ ကျမယုံကြည်ပါတယ်။ အကုန်လုံးလည်း အဲလိုယုံကြည်ပြီးတော့ လုပ်နေ မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် အထွေထွေ ရွေးကောက်ပွဲ ရလဒ်မှာ တရားမျှတမှု မ ရှိဟု ဆိုကာ တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် NLD အစိုးရထံမှ အာဏာသိမ်းယူ ခဲ့သည်။

အဆိုပါ အာဏာသိမ်းယူမှုနောက်ပိုင်း တပ်မတော်၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့်အနေဖြင့် ကျန်း မာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းက ဖဲကြိုးနီလှုပ်ရှားမှုများကို လုပ်ဆောင်လာခဲ့ကြသကဲ့သို့ မြန် မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများကလည်း သံဗုံးတီလှုပ်ရှားမှုများကို ပြည်နယ်နှင့် တိုင်းဒေသအသီးသီး တွင် လုပ်ဆောင်လာခဲ့ ကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...