တိုင်းရင်းသား ပြည်နယ်များတွင် အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုများ စတင်ပြီ

တိုင်းရင်းသား ပြည်နယ်များတွင် အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုများ စတင်ပြီ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင်သာမကပဲ တိုင်းရင်းသားပြည်နယ်များတွင်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ စတင်နေပြီဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်လည်း ကျောင်းသားလူငယ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဝန် ထမ်းများက ဖေဖော်ဝါရီလ ၇ ရက်နေ့ (ယနေ့)တွင် ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျနော်တို့က လားရှိုးတက္ကသိုလ်ရှေ့ကနေ စတာပါ။ ဒီနေ့မနက်ပိုင်းမှာ စလုပ်ကြတာပါ။ အားလုံးက စစ်အာ ဏာရှင်မလိုမရှိဘူး၊ ကျနော်တို့ ကိုယ်တိုင်မဲပေးခဲ့တဲ့ ရွေးချယ်ခဲ့တဲ့အစိုးရပဲ ဒီအစိုးရအနေနဲ့လက်ခံတာပါ။ ဘာပဲ ပြောပြော အခုလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ မတရားဘူး၊ အတင်းအဓမ္မပေါ့နော်၊ ပြည်သူကို အနိုင် ကျင့်တယ်လို့ပဲ မြင်တယ်။ အဲ့ဒါကြောင့် ဒီဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ရတာပါ။ ကျနော်တို့ လားရှိုးမှာ ဒီနေ့စလုပ် တယ်။ မနက်ဖြန်လည်း ဆက်လုပ်သွားမယ်။ နောက်ရက်တွေလည်း စစ်အာဏာရှင်ကျဆုံးတဲ့အထိ လုပ်သွား ကြမှာပါဗျ” ဟု ဆန္ဒုထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် လားရှိုးဒေသခံ ကိုမျိုးဦး က ပြောသည်။

လားရှိုးမြို့က ဆန္ဒထုတ်ဖော်မှုတွင် စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ ပြည်သူများက ရွေးချယ်ထားသည့် အရပ်သား အစိုးရကိုသာ ထောက်ခံကြောင်း၊ ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များအား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု ပြောသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ နှင့် ဖယ်ခုံမြို့တို့တွင်လည်း ဒေသခံ ထောင်ချီက တပ်မတော် အာဏာသိမ်းခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ယနေ့ညနေ အချိန်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ထို့အပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း စစ်အာဏာရှင်ဆန္ဒကျင်သည့် စီတန်းလှည့်လည်မှုများ စတင် လုပ်ဆောင်နေပြီဟု မော်လမြိုင်မြို့ ခံ မိချမ်းမွန် က ပြောသည်။

“ဒီနေ့ကတော့ လမ်းထွက်တဲ့လူတော့ ရှိတယ်။ ဒါပေမယ့် ရန်ကုန်တို့လိုတော့ မဟုတ်ဘူးပေါ့နော်။ ထောင်ချီ တော့ ရှိမယ်။ ဒီမှာက မနက်ပိုင်းရော ညနေပိုင်းရောလုပ်ကြတာပေါ့။ ရန်ကုန်လိုမျိုး လမ်းလျှောက် ဆန္ဒထုတ် ဖော်တာတော့ မဟုတ်သေးဘူး။ အော်တာမျိုးလည်း မဟုတ်ဘူး။ ဆိုင်ကယ်နဲ့ လှည့်ကြတယ်။ ဒီမှာက ဒီနေ့မှ စတယ်။ မနက်ဖြန်လည်း ဒီမှာက လုပ်အုံးမယ်။ ဒီကတော့ အခြေအနေကတော့ အေးအေးဆေးဆေးပါပဲ၊ ကျမတို့ဆီမှတော့ တပ်တို့ဘာတို့ လုံခြုံရေးယူတာမျိုးလည်း သိပ်မတွေ့ရသေးဘူး။ ကမ်းနားလမ်းတို့၊ အောက် လမ်းတို့ တစ်လျှောက်နဲ့ မြို့ထဲ နေရာတွေမှာ ဆိုင်ကယ်စီးပြီး လှည့်တာမျိုးပေါ့။ တခြားမြို့တွေတော့ မကြားသေး ဘူး။ မော်လမြိုင်မြို့ပေါ်မှာပဲ စလုပ်တာပါ။”

ထို့အပြင် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်လည်း စစ်အာဏာရှင်စနစ်ကို ကန့်ကွက်သည့်အနေဖြင့် ဆိုင်ကယ်များ၊ မော်တော်ကားများဖြင့် လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့ တွင်လည်း ဒေသခံများ စစ်တပ်အာဏာသိမ်းမှု ဆန်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူများအား ဖမ်းဆီးနှိမ်နှင်းမှုများ ပြုလုပ်ခဲ့သည်ဟု မြဝတီမြို့ ခံတစ်ဦးက ပြောသည်။

“ကျနော်တို့ ဒီနယ်စပ် ချစ်ကြည်ရေးတံတားဘက်မှာဖြစ်သွားတာပါ။ ရဲတွေက ဆန္ဒပြတဲ့လူတွေကို လိုက်ဖမ်း တယ်။ ပြီးတော့ သေနတ်တွေပစ်ပြီး လူစုခွဲတယ်လို့ ပြောတာပါ၊ ကျနော်က အစပိုင်းလေးပဲ သွားပြီး လူများလာ တော့ ပြန်လာတာဗျ။ ဆန္ဒပြတာကို ဦးဆောင်တဲ့လူတွေကိုလည်း ဖမ်းထားတယ်လို့ ပြောတယ်ဗျ။ ၆ ယောက် လား ၇ ယောက်လားမသိဘူး ရဲကဖမ်းသွားတာလေ” ဟု မြဝတီမြို့ ခံ ကိုဘိုဘိုက ပြောသည်။

ကချင်ပြည်နယ်အပါအဝင် တခြားသော တိုင်းရင်းသားပြည်နယ်များတွင်လည်း လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ် ဖော်သည့် လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းမရှိသေးသော်လည်း ညတိုင်း အိုးခွက်သံပုံးများတီးကာ စစ်အာဏာ သိမ်းမှုကို မလိုလားကြောင်း၊ ဆန့်ကျင်ကြောင်း အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးက ပြည်သူများနည်းတူ ပြသနေကြသည်။

ကချင်ပြည်နယ်အပါအဝင် အခြားသော ပြည်နယ်များတွင်လည်း မနက်ဖြန်မှ စတင်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းလမ်းပေါ်ကာ ဆန္ဒပြလှုပ်ရှားမှုများ စတင်မည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...