လက်ကျန် မွန် ဝန်ကြီးသုံးဦး ပြန်လွတ်ပြီ

လက်ကျန် မွန် ဝန်ကြီးသုံးဦး ပြန်လွတ်ပြီ

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ဆုံး ကျန်ရှိသည့် မွန်ပြည်နယ် ဝန်ကြီး ၃ ဦး ၃ ရက်မြောက်နေ့ ည ၁၀ နာရီကျော်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု လွတ်မြောက်လာသည့် ဝန်ကြီး များက ပြောသည်။

တပ်မတော်မှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးအချို့တို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့တို့ကို ဖမ်းဆီးသွားသည့်နေ့၌ပင် ပြန်လွှတ်ပေးခဲ့သော်လည်း သယံဇာတနှင့် သဘာဝထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ကို ပြန်လွှတ်ပေးခဲ့ခြင်းမရှိပဲ ပြင်ပနှင့်လည်း အဆက်အသွယ်ပြတ်နေခဲ့သည်။

သုံးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင်မှသာ နောက်ဆုံးကျန်နေသည့် ဝန်ကြီး ၃ ဦးစလုံးကို ဝန်ကြီးအိမ်ရာသို့ ပြန်ပို့ပေးခဲ့သည်ဟု ပြန်လွတ်လာသည့် ဒေါက်တာမင်းကြည်ဝင်း က ပြောသည်။

“ခေါ်သွားတုန်းကတော့ အမှတ် (၆) ဆက်သွယ်ရေးတပ်ကို ခေါ်သွားတယ်၊ အဲမှာ ဝန်ကြီးချုပ်ရော အခြားဝန် ကြီး တွေရောပဲ၊ အဲဒီကနေ ကျနော်နဲ့ ဦးရွှေမြင့်ကို ကော့ခိုက်မှာရှိတဲ့ ၉၀၄ တပ်ကို ခေါ်သွားတယ်၊ အဲနောက်မှာ အဆက်အသွယ်ပြတ်သွားကြတယ်။ မနေ့ည ၁၀ နာရီကျော်လောက်မှာပေါ့ အိမ်ပြန်ရမယ်ဆိုပြီး လာခေါ်တော့ ကျနော်နဲ့ ဦးရွှေမြင့် နောက် အမှတ် (၆) ဆက်သွယ်ရေးတပ်မှာ ဒေါက်တာထိန်လင်းကို ဝင်ခေါ်ပြီးတော့ ကျနော် တို့ ၃ ယောက်ပေါ့ နောက်ဆုံးပဲ ပြန်ရောက်လာတယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ပြန်လွတ်လာသည့် ဝန်ကြီးများသည် ဝန်ကြီးအိမ်ရာတွင် ရှိနေကြပြီး ၃ ရက်အတွင်း ပစ္စည်းများ သိမ်းဆည်း ပြန် အပ်ပြီးလျှင် ဝန်ကြီးများအိမ်ရာမှ ထွက်ခွာသွားရမည်ဟု တပ်မတော်ဘက်က ပြောဆိုထားကြောင်း ဝန်ကြီးများ က ပြောသည်။

ခေါ်ဆောင်ထိန်းသိမ်းထားစဉ် ကာလအတွင်း တပ်မတော်ဘက်က တစ်စုံတစ်ရာ စစ်ဆေးမေးမြန်းခြင်းမရှိဘူး ဟုလည်း ထိန်းသိမ်းခံခဲ့ရသည့် ဝန်ကြီးများ က ပြောသည်။

“သူတို့ခေါ်ထားတဲ့ကာလမှာ ဘာမှပြောတာတော့မရှိဘူး။ ကျနော်တို့ မေးတာတောင် မပြောဘူး” ဟု ဒေါက်တာ မင်းကြည်ဝင်း က ဆက်ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့နံနက်ပိုင်းတွင် တပ်မတော်က အာဏာသိမ်းလိုက်ပြီး နိုင်ငံတော်သမ္မတ နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်နှင့် ဝန်ကြီးအများ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးက NLD ပါတီမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအချို့တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...