ကချင်ပြည်နယ်၏ အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၂ ဦး လွတ်မြောက်လာသေးခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြည်နယ် အလုပ်အမှု ဆောင်က ပြောသည်။
ကချင်ပြည်နယ်တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဒုတိယနေ့ အခြေအနေနှင့် ပတ်သက်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီ၏ ကချင်ပြည်နယ်အလုပ်အမှုဆောင် စိုင်းကျော်သူစိုး က ယခုကဲ့သို့ ပြောသည်။
“ဝန်ကြီးချုပ်ကိုတော့ မထွက်ခိုင်းသေးဘူး။ တချို့ဝန်ကြီးတွေတော့ လွတ်ပြီ။ ဝန်ကြီးချုပ်နဲ့တော့ ဖုန်းအဆက် အသွယ်မရသေးဘူး။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့တော့ ဖုန်းရတယ်။ သူ့ကိုမေးကြည့်တာပေါ့။ အခုလည်း လက်ရှိသူတို့နေနေတဲ့ နေရာတွေကို ကျနော်တို့ ဝင်လို့မရဘူး။ ဖုန်းနဲ့ပဲ ဆက်သွယ်လို့ရတာ။ အခုက ကျနော် ထင်တာလေ ခွဲခွဲပြီးလွတ်ပေးနေတာ ထင်တယ်။ သူတို့ကို ခေါ်ယူထိန်းသိမ်းထားတဲ့ နေရာတွေလည်း မတူဘူး ဗျ။”
ထို့အပြင် ကချင်ပြည်နယ်၏ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဦးဇခေါင်ခမ်းရယ် နှင့် လူမှုရေးဝန်ကြီး ဦးနေဝင်းတို့ မှာ လွှတ်မြောက်ခြင်းမရှိသေးဟု လည်း ဆက်ပြောသည်။
“ဝန်ကြီးဦးနေဝင်းရယ်၊ ဝန်ကြီးဦးနော်လီရယ်တော့ ထိန်းသိမ်းခံထားရတုန်းပဲလို့ကြားတယ်။ ဒါပေမယ့် ၄ နာရီ လား၊ ၄ နာရီ နောက်ပိုင်းလား ပြန်လွတ်ပေးမယ်လို့ကြားတယ်။ ကျနော်တို့ ပါတီဥက္ကဋ္ဌနဲ့ တချို့ ကျန်သေးတယ်။ ထိန်းသိမ်းခံထားရတုန်းပဲ။ သူတို့ကို အခုထိ ဘာလို့မလွတ်ပေးသေးတာလဲဆိုတာလည်း ကျနော်တို့ မသိဘူး။ ကျနော်တို့ ဒီနေ့ လွတ်လာတဲ့ ဝန်ကြီးတစ်ပါးနဲ့ အဆက်အသွယ်ရမှာသိတာ။ လမ်းပန်းဆက်သွယ်ရေးဝန်းကြီးနဲ့ လေ။ သူနဲ့ တိုင်းမှူးနဲ့ဆုံးတော့ ညနေပိုင်းလွတ်ပေးမယ်လို့ ပြောခဲ့တယ်တဲ့။ ခွဲခွပြီးလွတ်ပေးနေတယ်လို့ ထင် တယ်” ဟု စိုင်းကျော်သူစိုး က ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများကို နေရာခွဲကာ ထိန်းသိမ်းထားသည်ဟု စိုင်းကျော်သူ စိုး က ဆက်ပြောသည်။
“လွတ်လာတဲ့လူတွေနဲ့လည်း ကျနော်တို့ လူချင်းဆုံလို့ မရသေးဘူး။ ထိန်းသိမ်းပြီးတာနဲ့ အခုထိ ကျနော်တို့ ဖုန်း နဲ့ပဲ ဆက်သွယ်လို့ရတာ။ လူချင်းမတွေ့ရသေးဘူး။ အခုလည်း လွတ်ပေးတာက ခွဲခွဲပြီးလွတ်ပေးနေတယ်လို့ ထင်တယ်နော်။ သူတို့ ခေါ်ယူထိန်းသိမ်း ထားတဲ့နေရာတွေလည်း မတူဘူးဗျ။ ကျနော်ကြားတာတော့ တစ်နေရာ ၂၁ မှာလို့ကြားတယ်။ တစ်နေရာကတော့ တပ်မတော်ရဲ့ မလိခရိပ်သာလို့ကြတယ်။ အဲ့မှာက ဝန်ကြီးချုပ်နဲ့ တစ် ဖွဲ့ပေါ့။ အဲ့လိုခွဲထားတယ်လို့ကြားတယ်။”
ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာသည့် ဗန်းမော်မြို့နယ် ပြည်နယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့်က “မနေ့က မနက် ၃ နာရီမှာ လာခေါ်သွားတာပေါ့နော်။ ရဲမေးစရာရှိလို့၊ သူတို့က စစ်တပ်က ပါတဲ့ ခနလိုက်ခဲ့ပါအုံးဆိုပြီးခေါ်သွားတာပါ။ ဟိုရောက်တဲ့အခါကြတော့ စစ်တပ်မှာထားတာပေါ့။ ကောင်းကောင်း မွန်မွန်ပဲထားပါတယ်။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ခေါ်လာတယ်။ ပြီးတော့ ကျမကို အဲ့ညနေမှာပဲ ပြန် လွတ်ပေးခဲ့ပါတယ်။ ဒီရက်ပိုင်းခရီးမထွက်ဖို့မှာတယ်။ အထက်အမိန့်အရ ခေါ်ထားတာဖြစ်တယ်ပဲပြောတယ်။ ကျန်တာ ဘာမှ မမေးဘူး” ဟု ပြောသည်။
ဗန်းမော်မြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ တာဝန်ရှိသူများနှင့် အနိုင်ရကိုယ်စားလှယ် စုစုပေါင်း ၁၁ ဦး ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီခန့်က စတင်၍ တပ်မတော်က ခေါ်ယူထိန်းသိမ်းခဲ့ သည်ဟု သိရသည်။
“ဗန်းမော်မှာက ၁၁ ဦးရှိတယ်။ ကျမနဲ့က အမြှောက်တပ်မှာက ၄ ယောက်နေရတယ်။ ကျန်တဲ့လူတွေကိုတော့ ဒီမှာပဲ အိပ်ပေးပါအုံးဆိုပြီး အရာရှိက အဲ့လိုပြောတာ ကြားတယ်။ ဒီနေ့လွတ်မလွတ်စောင့်ကြည့်ရမှာပေ့ါ။ အမျိုး သမီးနှစ်ဦးပဲ ပြန်လွတ်တာပေါ့။ လွတ်လာတာက ကျမနဲ့ ခရိုင်သတင်းပြန်ကြားပေါ့ ခရိုင်အလုပ်အမှုဆောင်က ပေါ့ မဝါဝါအောင်ရယ်၊ ကျမတို့ နှစ်ယောက်ပဲ လွတ်တာ။ ကျန်တာတော့ ဆက်ထိန်းသိမ်းထားတယ်” ဟု ပြောသည်။
ထိန်းသိမ်းခံရသူ ၁၁ ဦးအနက် အမျိုးသမီးနှစ်ဦးကိုသာ ပြန်လွတ်ပေးခဲ့သည်ဟု ဒေါ်ဇာခြည်မြင့်က ပြော သည်။ အခြားသော မြို့နယ်များသို့ ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ မဲရလဒ်သည် မသမာမှုများ ရှိနေပြီး၊ ရွေးကောက်ပွဲကော်မရှင်ကိုကော်မရှင်ကလည်း မဲစာရင်းကွာခြားမှုများကို ဖြေရှင်းဆောင်ရွက်ရန် ပျက် ကွက်ခဲ့ခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှု အပေါ် ရွှေ့ဆိုင်းပေးခြင်း မရှိခြင်း၊ အဆိုပါ ပြဿနာရပ်များကို ဖြေရှင်းမပေးခြင်းသည် ဒီမိုကရေစီ လျှောက်လှမ်း ရာတွင် အခက်အခဲမှုများ ဖြစ်နိုင်ခြင်းကြောင့် ဖြေရှင်းနိုင်ရေးအတွက် အခြေခံဥပဒေ ပုဒ်မ (၄၁၇) အရ နိုင်ငံ တဝှမ်းလုံးအား အရေးပေါ် အခြေအနေ ကြေညာလိုက်သည်ဟု မြဝတီသတင်းဌာနတွင် ဖေဖော်ဝါရီ လ ၁ ရက် နေ့ ကြေညာခဲ့သည်။
နိုင်ငံတော် အာဏာကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တစ်နှစ်တိတိ လွှဲအပ်လိုက်ကြောင်း မြဝတီ သတင်းဌာနတွင် ယမန်နေ့ နံနက်ပိုင်း ၈ နာရီ တွင် ကြေညာလိုက်သည်။







