၅နှစ်အတွင်း ပြည်နယ်လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံမေးမြန်းခြင်း

၅နှစ်အတွင်း ပြည်နယ်လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံမေးမြန်းခြင်း

၅ နှစ်အပြီး ပြည်နယ်လွှတ်တော်က ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကဘာတွေလဲ၊ အစိုးရကို ဘယ်လိုထိန်းကျောင်းခဲ့ရသလဲ၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ.စတာတွေကို ကန္တာရဝတီတိုင်း (မ်) က ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေးနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ၅နှစ်တာသက်တမ်းမှာ ကယားပြည်နယ်လွှတ်တော်အနေနဲ့ အဆိုဘယ်နှစ်ခု၊ ဥပဒေဘယ်နှစ်ခုကို လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့လဲ။

ဖြေ။ ။ အဆိုက အားလုံး ၁၈ခု၊ ၁၈ခုထဲမှာ တစ်ခုကပြန်ရုတ်သိမ်းသွားတယ် နောက်တစ်ခုကတော့ အတည်မပြုနိုင်သေးဘူးပေါ့။ အားလုံး ၁၈ခုရှိပါတယ်။ ဥပဒေက ၉ခုရှိတယ်။ ဇယား ၂ မှာပါတဲ့ဟာ အများကြီးလုပ်ဖို့လိုသေးတယ် ။ ၉ခုအတည်ပြုနိုင်တာကလည်း အမှန်မှာ Law Home ရဲ့ပံ့ပိုးမှုအများကြီးပါတယ်။ ကျတော်တို့ကိုယ်စားလှယ်မှာက Law နဲ့ ဘွဲ့ရထားတဲ့သူမပါဘူးလေ။ တတ်နိုင်သလောက်တော့ ကြိုးစားခဲ့တာပေါ့။ လိုတာတော့ အများကြီးလိုပါသေးတယ်။

မေး။ ။ လွှတ်တော်အပိုင်းကနေပြီး အစိုးရအဖွဲ့ကိုဘယ်လောက်ထိ ထိန်းကျောင်းနိုင်ခဲ့တယ်လို့ထင်လဲ။

ဖြေ။ ။ ကျတော်မှန်းတာကတော့ ၆၅%လောက်ပဲရမယ်။ ဒါတောင်မှ တော်တော်ကြီး မာမာထန်ထန်လုပ်လာလို့ပေါ့။ အဲ့လောက်ထိထိန်းကျောင်းနိုင်ခဲ့တာပေါ့။ ကယားဒေးမြေကိစ္စဆိုလို့ရှိရင် ကျတော်တို့လွှတ်တော်ကနေ အဆိုအောင်သွားပြီးမှကို အစိုးရအဖွဲ့ကို နှစ်ကြိမ်စာပို့သေးတယ်။ ဒါက ဒီလိုရှိတယ်ဆိုတာ ဒါလည်းပဲ တော်တော်ကြီးခက်ခဲပါတယ်။ နောက်ဆုံးအောင်လည်းအောင်မြင်သွားပါတယ်။ ပြည်သူတွေကို ဦးတည်ပြီးတော့မှ။

မေး။ ။ ထိန်းကျောင်းနိုင်ခဲ့မှုအပေါ် အားရကျေနပ်မှုရှိလား။

ဖြေ။ ။ ရပါတယ်ဆိုတာ ဘားမှလေ့လာအားမရှိဘဲနဲ့ ပြည်နယ်ချစ်တဲ့စိတ်နဲ့ပူးပေါင်းပြီး အင်အားနဲ့လုပ်လာတဲ့နေရာမှာအစိုးရပေါ့။ ထိန်းကျောင်းနိုင်တယ်ဆိုတာလည်း နောက်ဆုံးဖြုတ်ချနိုင်တာကတော့ ကျတော်တို့ကယားပြည်နယ်လွှတ်တော်ပဲရှိတာပေါ့။ တခြား တိုင်းနဲ့ပြည်နယ်လွှတ်တော်ဥက္ကဌအသီးသီးကလည်း သူတို့အနေနဲ့ သူတို့အပိုင်းလေးတွေရှိမှာပေါ့။ သူ့ကိုလည်း ငါတို့လွှတ်တော်က ဖြုတ်ချခဲ့ရမယ်။ ဖြုတ်ချနိုင်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ သူ့ရဲ့အခါအခွင့်ကြုံပြီးတော့မှ ပြဌာန်းထားတဲ့ ဥပဒေအရနဲ့ ကျတော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ပေါ့ အသိစိတ်နဲ့ဖြုတ်ချနိုင်ခဲ့တာပါ။ ဝန်ကြီးချုပ်ကိုမုန်းလို့မရှိပါဘူး။ သူ့ရဲ့လုပ်ဆောင်ချက်အပေါ်မှ ဥပဒေနဲ့ညှိစွန်းတဲ့အတွက်ကို ကျတော်တို့က ဥပဒေဘောင်အတွင်းက လုပ်သွားတဲ့ကိစ္စပါပဲ။

မေး။ ။ တိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီး လွှတ်တော်အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးခဲ့တာရှိလဲ။

ဖြေ။ ။ တိုင်းရင်းသားရေးရာကော်မတီဆိုတာက မရှိမဖြစ်ဖွဲ့ရမယ့်အဖွဲ့ပေါ့။ ဒါပေမယ့် လုပ်ရှားမှုအားနည်းခဲ့ပါတယ်။ အားနည်းတဲ့အကြောင်းရင်းလည်းရှိတယ်။ စစတုန်းက တိုင်းရင်းသားခေါင်းဆောင်တွေပေါ့နော။ ကိုယ်စားလှယ်တွေ၊ စာပေ၊ယဉ်ကျေးမှုအဖွဲ့တွေက ကျတော်တို့နဲ့တော်တော်လက်တွဲခဲ့ပါတယ်။ နောက်ပိုင်း ရုံးဆောက်ပြီးတဲ့အခါကျတော့ နည်နည်းကျဲသွားတယ်ပေါ့။ စစတက်တဲ့ တစ်နှစ်ကျော်ကျော်လောက်မှာတော့ လက်တွဲခဲ့တယ်။ တိုင်းရင်းသားစာပေရုံး အစိုးရဆောက်ပြီးတဲ့အချိန်မှာတော့ နည်းနည်းဝေးသွားတယ်ပေါ့။

မေး။ ။ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ လွှတ်တော်ရေးရာကော်မတီတွေရဲ့လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကော်မတီကိုဦးဆောင်တဲ့သူတွေရဲ့ ဦးဆောင်မှုနဲ့သက်ဆိုင်တယ်လို့ မြင်တယ်လေ။ တိုင်းရင်းသားကို ဦးဆောင်တဲ့ ဥက္ကဌနဲ့အတွင်းရေးမှူးက သူတို့ရဲ့စွမ်းဆောင်မှုရှိရင် မြှင့်သွားတာပဲလေ။ ပြည်သူ့ငွေစာရင်းနဲ့ တိုင်စာ၊ ပစ်စာကတော့ တအားတက်ကြွတာ။ တစ်ခုခုဖြစ်ပြီဆိုရင် သူတို့ကွန်ယက်ရှိပြီးသား တန်းသွားတာပေါ့။ ကော်မတီဆိုတာက အနည်းဆုံးတစ်လတစ်ကြိမ်လောက်တွေ့သင့်တယ်။ တွေ့ပြီးတော့ လက်ရှိဖြစ်နေတဲ့အနေအထားတို့ ကော်မတီရဲ့ရှေ့သွားချင်တဲ့လမ်းစဉ်တို့ အနောက်ကနေ ဘာကျန်သေးလဲဆိုတာ တစ်လတစ်ခါတွေ့သင့်တယ်။

မေး။ ။ ဥက္ကဌတစ်ယောက်အနေနဲ့ လုပ်ဆောင်မှုအပိုင်းမှာအားမရဆုံးအပိုင်းရှိလား။

ဖြေ။ ။ စတက်ချင်းချင်း ၂နှစ်လောက်ကတော့ တော်တော်ရုန်းခဲ့ရတာ အဲ့နောက်ပိုင်းမှ နည်းနည်းအဆင်ပြေတာပေါ့။ ကျတော်ကို ပံ့ပိုးတဲ့ရေးရာအဖွဲ့တွေရှိတယ် ရုံးအဖွဲ့တွေရှိတယ်။ ကျတော်လုပ်ချင်တာကတော့ တရားဥပဒေစိုးမိုးရေးလေ တရားဥပဒေစိုးမိုးရေးဆိုတာက အခုဆိုရင် မကြာမီ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရွေးရတော့မှာပေါ့။ ကျတော်အကြံပြုချင်တာက ဆယ်အိမ်မှူးလည်း အလေးထားမှရမှာ ရာအိမ်မှူးလည်း အလေးထားမှရမှာ ရပ်ကွက်ရပ်ချုပ်ရေးမှူးလည်း အလေးထားမှရမှာ။ ကျတော့်တစ်ယောက်ထဲရဲ့အမြင်ဆိုရင် ဒီ ၁၀အိမ်ထဲမှာ ဘယ်သူဘာတွေလုပ်ကိုင်စားသောက်လဲ။ ဘယ်သူမပြေလည်ဘူးလဲ။ ဘယ်သူအခွန်မသွင်းဘူးလဲ။ ဘယ်သူမူးယစ်ဆေးဝါးရောင်းနေလဲ။ အများကြီးလေ အဲဒါတွေကို ဆယ်အိမ်မှူးနားရမှာပေါ့။ ဆယ်အိမ်မှူး ဆယ်အိမ်မှူးစုလိုက်မယ်ဆိုရင် တရားဥပဒေစိုးမိုးရေးပေါ့ ဖြစ်လာမှာပဲ။ တရားမဝင် ဝင်လာလားပေါ့။ အခု ရခိုင်ကိစ္စဆိုရင်လည်း ဆယ်အိမ်မှူးနဲ့ဆိုင်တာပဲ။ ဒါက ကျတော့်ရှုထောင့်လေ အဲဒါတော့ တအားဖြစ်စေချင်တယ် ကျတော့်ဆန္ဒပေါ့။ ဖြစ်စေချင်တယ်ဆိုတာက ကျတော်တို့အားလုံးက မြန်မာနိုင်ငံသားပဲလေ ။ တစ်ယောက်ပြေလည်တာနဲ့အဆင်မပြေဘူးလေ ဆယ်အိမ်လုံးပြေလည်ရင်တော့ လုပ်လို့ရတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင် ဆယ်အိမ်မှူးနဲ့ပတ်သက်ပြီးတော့ ဥပမာ- ဌာနဆိုင်ရာတွေ မဟုတ်တာလုပ်နေရင်လည်းပဲ ပေါ်မှာပဲ လက်နက်ကိုင်မဟုတ်ရင်လည်း ပေါ်မှာပဲ ဒါက ကျတော်မြင်တာလေ။ အဲ့တော့ ဆယ်အိမ်မှူးတို့ ရာအိမ်မှူးတို့ လူတွေ တကယ့် ပြည်သူတွေနဲ့ နိုင်ငံသားအကျိုးတွက် ဖြစ်လာစေချင်ပါတယ်။

မေး။ ။ အစိုးရရဲ့ ၅နှစ်တာကာလအတွင်းမှာ ကတိကဝတ်တွေနဲ့ပတ်သက်ပြီး အားရကျေနပ်မှုရှိလား။

ဖြေ။ ။ ကျတော်ကတော့ မြေကိစ္စကိုတော့ အားမရဘူးဗျ။ တိုင်စာရောက်လာတယ်ပေါ့နော။ ရောက်လာတဲ့အခါမှာ ကျတော့်ရဲ့မူပေါ့နော။ တိုင်စာရောက်ပြီး ၃ရက်အတွင်းဆိုရင် အဲဒီတိုင်တဲ့နေရာကို တိုင်စာပစ်စာအဖွဲ့က ရောက်အောင်သွားဖို့။ တိုင်တိုင်းလည်း မယုံနဲ့အုံး သွားကြည့်လိုက်အုံး။ အတိုင်ခံရတဲ့သူတိုင်းလည်း မှားတယ်လို့ မဆုံးဖြတ်နဲ့အုံး။ မြေပြင်ကွင်းဆင်းပြီးတော့ ဒီကိုခေါ်လိုက်ပေါ့။ ၆၄အရပေါ့ နည်းပဒေ ၆၄အရ ကော်မတီကဖိတ်ကြားပြီး ကြားနာတာပေါ့။ ကြားနာတဲ့နေရာမှာ တိုင်တဲ့သူလည်းပြော တိုင်ခံရတဲ့သူလည်းပြော။ ကျတော်တို့က ကွင်းဆင်းပြီးသားဆိုတော့ တစ်ချို့ဟာတွေက သိထားတယ်ပေါ့။ အဲဒါလည်း လွှတ်တော်မှာ ပြောမယ်ဆို မြန်မာနိုင်ငံသားအချင်းချင်းပေါ့။ သူတို့နှစ်ယောက်ပြေလည်ရင်လည်း ပြီးသွားတာပေါ့။ မပြေလည်တဲ့ခါကျတော့ သက်ဆိုင်ရာအစိုးရကို ကျတော်တို့ပို့တယ်ပေါ့။

မေး။ ။ ဝန်ကြီးချုပ် (တာဝန်ရပ်စဲခံရတဲ့ ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှို) ကိုစွပ်စွဲပြစ်တင်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ချီးကျူးတဲ့သူလည်းရှိသလို ဝေဖန်တိုက်ခတ်တဲ့သူလည်းရှိတယ်ပေါ့။ ဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။ ။ ကျတော်နားလည်ပါတယ်။ သူတို့ဖက်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပေးနိုင်ကမ်းနိုင်ရှိခါကျတော့ သူ့ဖက်လိုက်တဲ့သူလည်းပါတာပေါ့။ ကျတော်တို့ဖက်ကတော့ ဘားမှပေးနိုင်တာမရှိပါဘူး။ ကျတော်တို့က ပေးဆပ်မှုပဲရှိပါတယ်။ အဲ့တော့ ကျတော်တို့ဖက် မပါလည်း ဘားမှမဖြစ်ပါဘူး။ ဒီကိစ္စကိုဆုံးဖြတ်ပေးတဲ့အပေါ်ကပေါ့နော။ အကြီးအကဲတွေကိုလည်း လေးစားပါတယ်။ သူတို့အပေါ်လည်းမူတည်ပါတယ် ဒီကိစ္စကလေ။ နောက်ဆုံး ဒါက အကြီးအကဲတွေအနေနဲ့လည်း သမာမတ်ကျတယ်ပေါ့။ နည်းနည်းမှားတယ်ဆိုရင်တောင်မှ မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးနိုင်တဲ့အတွက်ကိုလည်း ဂုဏ်ယူပါတယ်။ ကျတော့်အတွက်လည်း ဂုဏ်ယူတယ် ပြည်နယ်အတွက်လည်း ဂုဏ်ယူတယ် အကြီးအကဲတွေကိုလည်း လေးစားပါတယ်လို့။

မေး။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ဇယား၂၊ ဇယား ၅အရ အစိုးရလုပ်ဆောင်မှုအပိုင်းနဲ့ပတ်သတ်ပြီး ဘာပြောချင်လဲ။

ဖြေ။ ။ လာမယ့်နှစ်ဆိုရင် လူဦးရေအရ Citizen Budget ပေါ့ လုပ်ရင်ပိုကောင်းတယ်။ အဲဒါဆို အချင်းများစရာမရှိတော့ဘူး တကယ်လို့သာ အစိုးရအဖွဲ့က ငါတို့နေရာ ငါတို့ပဲ လျာမယ်ဆိုလို့ရှိရင် လွှတ်တော်မှာစကားများတာတွေရှိလာမှာပေါ့။ Citizen Budget ပေါ့ လွိုင်ကော်ဆို လွိုင်ကော်ရဲ့လူဦးရေအရ ဒီမော့ဆို ဆိုရင် ဒီမော့ဆိုရဲ့လူဦးရေအရ ရှိပြီးသားဆိုရင်ရင် ရှိပြီးသား % နဲ့ပေါ့။ လူဦးရေအများကြီးဆို ပိုရမယ်မဟုတ်ဘူးပေါ့။ လမ်းဆိုရင်လည်း လူဦးရေအရ ဘယ်လောက်ပြီးပြီလဲ ဘယ်လောက်မပြီးဘူးလဲပေါ့ မပြီးရင် အဲဒါ မျှဖို့ပေါ့။ ဆေးပေးခန်းဆိုရင်လည်း လွိုင်ကော်လူဦးရေက ဘယ်လောက်ရှိပြီပေါ့ ဖရူဆို ဆိုရင် မရှိသေးဘူးပေါ့ အဲဒါမျိုးလေးတွေလုပ်ပေးရင်ကောင်းတာပေါ့။

မေး။ ။ မြို့နယ်အလိုက် ဘတ်ဂျက်တွေရေးဆွဲတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အခန်းကဏ္ဍက အားကောင်းခဲ့လား။

ဖြေ။ ။ အမှန်တိုင်းပြောရမယ်ဆိုရင် အစည်းအဝေးတော့ဖိတ်တယ်။ ကယားပြည်နယ်လွှတ်တော်ရဲ့ နည်းဥပဒေ ၈၄ မှာပါပြီးသားပေါ့ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ကိုယ်စားလှယ်တွေ သြဇာတွေနဲ့ပြည့်စုံပြီးတော့မှ မိမိရဲ့မဲဆန္ဒနယ်ရဲ့ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတွေမှာ ညှိနှိုင်းဆောင်ရွက်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ဆိုတဲ့နေရာမှာ အဲဒီဟာကိုကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မယ်ဆိုရင်တော့ သဘောပေါက်ပါလိမ့်မယ်။ တစ်ချို့ကိစ္စတွေမှာ အဲဒါကိုမသိတဲ့အတွက် ဌာနဆိုင်ရာတွေမှာ မြေကိစ္စနဲ့ပတ်သက်တဲ့ မြေလွတ်မြေရိုင်းကိစ္စနဲ့ပတ်သက်တဲ့ သစ်တောနဲ့ပတ်သက်တဲ့ကိစ္စတွေမှာက ကိုယ်စားလှယ်တွေကို အလေးမထားတာတွေရှိတယ်ပေါ့။ မကြာသေးပါဘူး ဖားဆောင်းမှာ မြေလွတ်မြေရိုင်းပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျတော်ကိုယ်တိုင်ပါပါတယ်။ ခုနဥပဒေကို ကျတော်ရွတ်ပြခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၁၉ထဲမှာပဲ ကိုယ်စားလှယ်တွေကို မြို့နယ်အလိုက်ကို ဗီနိုင်းဆွဲပေးပြီးမှ ဝေခိုင်းခဲ့တယ်ပေါ့။ မရတဲ့သူလည်းမရဘူးလို့ ကြားရတယ်လေ။ ဥပဒေကိုမသိဘဲနဲ့ ဖြစ်လာတဲ့ကိစ္စဆိုရင် ကျတော်တို့ဖက်က မတရားဘူးဖြစ်မှာစိုးလို့ ကျတော်တို့က အသိပေးပြီးမှ ဆောင်ရွက်ချင်လို့လေ။ ကိုယ်စားလှယ်တစ်ယောက်ကို ဘယ်လောက်တန်ဖိုးထားရမလဲသိအောင်လို့။ လာမယ့်လွှတ်တော်ကိုယ်စားလှယ်တွေလည်း အဲဒီ ၈၄ ကို အကြေညက်ဖတ်လို့ရှိရင် ဌာနဆိုင်ရာကို ညှိနိုင်းဆောင်ရွက်လို့ရပါတယ်။

May 7, 2024
ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရင်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို...
May 7, 2024
ကရင်နီပြည် ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းနှစ်ခုကို...
May 6, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့...
May 3, 2024
ကရင်နီပြည် ရှားတောမြို့နယ်မှာ ရှားတောမြို့လုံခြုံရေးအတွက် ကရင်နီတပ်မတော်(KA) နဲ့...