ကိုဗစ်ကာလအတွင်း မူးယစ်ဆေးဖမ်းဆီးရမိမှု ယခင်ထက်ပိုများလာ

ကိုဗစ်ကာလအတွင်း မူးယစ်ဆေးဖမ်းဆီးရမိမှု ယခင်ထက်ပိုများလာ

စိုးထိုက်အောင် — ကယားပြည်နယ်မှာ ယခင်နှစ်တွေကထက် ကိုဗစ်ကာလဖြစ်တဲ့ ၂၀၂၀ခုနှစ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ပိုများလာတယ်လို့ ကယားပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့ထံမှသိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့မူးယစ်ဆေးဝါးတွေက ပြည်နယ်အတွင်းမှာထုတ်လုပ်ပြီး ဖမ်းမိတာမဟုတ်ပဲနဲ့ ရှမ်းပြည်နယ်ဘက်တွေကနေ ပြည်နယ်ထဲကိုပို့တဲ့ မူးယစ်ဆေးတွေကို ဖမ်းမိတာများတယ်လို့ ကယားပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီး(ပထမတန်း) (ဦး၊ရေး၊ထောက်) ဒုရဲမှူးကြီးဦးအောင်ကျော်မြင့်က ပြောပါတယ်။

“ရှမ်းပြည်ကနေဒီဘက်ကိုရောက်ပြီးဖမ်းဆီးရမိတာများလာတယ်၊ ဒီမှာရောက်လာလို့ဖမ်းမိတာ ဒီဘက်ကထုတ်တာမဟုတ်ဘူး။” လို့ ဒုရဲမှူးကြီး ဦးအောင်ကျော်မြင့်က ပြောပါတယ်။

၂၀၂၀ခုနှစ်အတွင်း ကယားပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၁၃၂မှုအထိရှိပြီး တရားခံ အမျိုးသား ၁၉၇ယောက်၊ အမျိုးသမီး ၁၆ယောက်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်ကနေ ကယားပြည်နယ်၊ ကရင်ပြည်နယ်တွေကို ပို့တဲ့မူးယစ်ဆေးတွေကို ပြည်နယ်တွင်းကို ဖြတ်ပြီးတင်ပို့လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကနေ အဓိက ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့မူးယစ်ဆေးတွေကို အမှတ် ၂၀မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုနဲ့ ပြည်နယ်ရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီးဖမ်းတာဖြစ်ပါတယ်။

ပြည်နယ်တွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေမှာ လွိုင်ကော်မြို့နယ်ထဲမှာ ဖမ်းမိတာတွေများပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ ဖမ်းမိတာနည်းတယ်လို့ ဦးအောင်ကျော်မြင့်က ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေမှာ စိတ်ကြွဆေးပြားအမှု ၁၂၄မှု၊ အလေးချိန်(၁၀၅.၀၉၃)၊ စိတ်ကြွဆေးပြားအမှုန့်ဖမ်းဆီးရမိမှု ၁မှု၊ အလေးချိန်(.၀၀၀၀၃Kg)၊ ဘိန်းစိမ်းနဲ့ ဘိန်းဆီခဲ ၃မှု၊ အလေးချိန်(၂.၃၃Kg)၊ ဘိန်းဖြူ ၂မှု၊ အလေးချိန်(.၀၃၁၅Kg)၊ ဆေးခြောက် ၁မှု၊ အလေးချိန်(၁.၀၁Kg)၊ ခပ်ဖူး ၁မှု၊ အလေးချိန် (ဝ.၀၀၅Kg)တို့ကို ၂၀၂၀အတွင်းဖမ်းမိခဲ့တာဖြစ်ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုး ၂,၃၃၈,၀၀၂,၆၀၀ကျပ် ရှိတယ်လို့သိရပါတယ်။

၂၀၁၉ ခုနှစ်မှာ ပြည်နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းခင်း ၁ဧကကို ဖျက်ဆီးခဲ့ပြီး၂၀၂၀ခုနှစ်မှာ ပြည်နယ်အတွင်းမှာ ဘိန်းစိုက်ပျိုးတာတွေ မတွေ့ရတော့ဘူးလို့ဒုရဲမှူးကြီး ဦးအောင်ကျော်မြင့်က ပြောပါတယ်။

“ ဒီနှစ်ထဲမှာ ဘိန်းစိုက်တာမတွေ့ရဘူး။ ပြီးခဲ့တဲ့နှစ်က ၁ဧကဖျက်တယ်။” လို့ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ ၂၀၁၈ခုနှစ်က မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၉၄မှု တရားခံ ၁၆၁ယောက်၊ ၂၀၁၉မှာ ဖမ်းဆီးရမိမှု ၁၁၅မှု တရားခံ ၁၇၃ယောက်၊ ၂၀၂၀ခုနှစ်မှာ ၁၃၂မှုမှ တရားခံ၂၁၃ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...