ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်၍ ဝေဖန်ထောက်ပြနေခြင်းဖြစ်ဟု တပ်ချုပ် ပြော

ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်၍ ဝေဖန်ထောက်ပြနေခြင်းဖြစ်ဟု တပ်ချုပ် ပြော
ဓာတ်ပုံ Credit - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
ဓာတ်ပုံ Credit - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ဖြစ်ပျက်ခဲ့သည့် အမှားအယွင်းများကို ထောက်ပြရခြင်းမှာ မိမိတို့နိုင်ငံရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေနိုင်မည်ဖြစ်သည့်အတွက် ဝေဖန်ထောက်ပြနေခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၈ တွင် ပြောခဲ့သည်။

ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် ယင်းသို့ ဆိုခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲမကျင်းပမီကပင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု အကြိမ်ကြိမ် ပြောခဲ့ကြောင်း၊ ရွေးကောက်ပွဲပြီးနောက် ပြန်လည်ဆန်းစစ်ရာ တရားမျှတမှု မရှိသည့် အခြေအနေများ၊ မရိုးသားမှုများ တွေ့ရသဖြင့် ဝေဖန်ထောက်ပြနေရခြင်းဖြစ်ကြောင်း၊ ဥပဒေကို မိမိလိုရာဆွဲ၍ လုပ်ဆောင်ခြင်းများမှာ မသင့်တော်ကြောင်းလည်း တပ်ချုပ်က ထပ်လောင်းပြောသည်။

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရဖြစ်ပြီး မိမိတို့နိုင်ငံ၌ မကြာမီက အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများအနေဖြင့်လည်း လွတ်လွတ်လပ်လပ် ဆန္ဒမဲ ပေးနိုင်ခဲ့ကြောင်းလည်း ပြောသည်။

လွှတ်တော်အစည်းအဝေး မကြာမီ ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပနိုင်သေးသည့် ရခိုင်နှင့် ရှမ်း ပြည်နယ်များရှိ မြို့နယ်များတွင် ကျင်းပနိုင်ရေး ဇန်နဝါရီ ၇ တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားကြောင်း တပ်ချုပ်က ဆက်လက်ပြောသည်။

တပ်ချုပ်အနေဖြင့် အရာရှိများကို ယင်းနေ့က မိန့်ခွန်းပြောကြားစဉ် အရည်အချင်းတိုးတက်ရေးဆိုင်ရာများ လမ်းညွှန်ချက္များကိုလည်း အထူးတလည် ထည့်သွင်း မှာကြားခဲ့ကြောင်း တွေ့ရသည်။

သို့ရာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

အဆိုပါအွန်လိုင်းအစည်းအ‌ေဝးသို့ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်သားများ မဲပေးခဲ့သည့် နယ်မြေများတွင် မဲမသမာမှု ပြုနိုင် ဖြစ်နိုင်သော မဲစာရင်း ဆန်းစစ်ချက္များနှင့် မြို့နယ်အလိုက် တွေ့ရှိချက္များကို တပ်က မကြာခဏ ထုတ်ပြန်လျက်ရှိရာ ယခု ဇန်နဝါရီ ၉ ထိ မြို့နယ်ပေါင်း ၁၈၀ ခန့်အတွက် ကြေညာချက် ၁၃ စောင် ရှိခဲ့ပြီဖြစ်သည်။