စောဘဦးကြီးရုပ်ထုကိစ္စ တပ်မတော်အရာရှိကြီးများ လာရောက်လေ့လာ၊ စိတ်ဝမ်းကွဲမှုဖြစ်ပေါ်လာမည်ကို စိုးရိမ်မိဟုပြော

စောဘဦးကြီးရုပ်ထုကိစ္စ တပ်မတော်အရာရှိကြီးများ လာရောက်လေ့လာ၊ စိတ်ဝမ်းကွဲမှုဖြစ်ပေါ်လာမည်ကို စိုးရိမ်မိဟုပြော

ကေအိုင်စီ — ပြီးခဲ့သည့် ရက်ပိုင်းက ဖြုတ်ချထားလိုက်သည့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးရုပ်ထုရှိရာ ကန်ကြီး ထောင့်မြို့နယ် ဘဲဂရက်ကျေးရွာသို့ ဧရာဝတီတိုင်းဒေသကြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော် တာဝန်ရှိသူများက ယနေ့(ဇန်နဝါရီလ ၈ ရက်) နံနက်ပိုင်းတွင် လာရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက်ရာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ အနေဖြင့် ရုပ်ထုကိစ္စနှင့်ပတ်သက်၍ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများအပေါ်သိရှိလိုသည့်အတွက် လာရောက်လေ့လာသည့် သဘောသာဖြစ်ကြောင်း တွေ့ဆုံမှုတွင်ပါဝင်သူများက ပြောသည်။

တွေ့ဆုံမှုတွင်ပါဝင်သည့် ဘဲဂရက်ကျေးရွာအသင်းတော် တာဝန်ရှိသူ ဆရာစောဘရိန်းနယ်က “သူတို့က ဘဲဂရက်ကျေးရွာကိုလာလေ့လာတဲ့သဘောပါပဲ။ အထူးအထွေပြောတာတော့မရှိပါဘူး။ ပြီးတော့ ရုပ်ထု ကိစ္စတွေပြောဖြစ်တယ်။ အသေးစိတ်တော့မပြောဖြစ်ဘူးပေါ့။ အကြမ်းဖျင်းလောက်ပဲ။ ဒီနေ့တွေ့တာလည်း ဖိအားပေးခြိမ်းခြောက်တာမျိုးတော့မရှိပါဘူး။ အကုန်လုံးအေးဆေးပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ကျေးရွာအသင်းတော်မှဘာသာရေးခေါင်းဆောင်များ၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် တစ်နာရီခန့် တွေ့ဆုံစကားပြောဆိုမှုတွင် တပ်မတော်တာဝန်ရှိသူများဘက်မှ ရုပ်ထုကိစ္စသတင်းထွက်ပေါ်နေမှုများအပေါ် အချင်းချင်းစိတ်ဝမ်းကွဲမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်းနှင့် ရုပ်ထုကိစ္စနှင့် ပတ်သက်သည့် မေးမြန်း မှုအပေါ် ဥပဒေအကြောင်းအရာများအပြင် လုပ်ထုံးလုပ်နည်းများကိုပါ အကြံပြုပြောဆိုသွားသည်ဟုလည်း သိရသည်။

ထို့အတူ ဘဲဂရက်ကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြုတ်ချထားလိုက်ရသည့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်ထုအပါအဝင် အထိမ်းအမှတ်ကျောက်တိုင်နှင့် ခန်းမများ စိုက်ထူဆောက်လုပ်ထားသော် လည်း အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာထည့်သွင်းပြောဆိုသွားခြင်းမရှိကြောင်းလည်း ဆရာ စောဘရိန်းနယ်က ပြောသည်။

ဘဲဂရက်ကျေးရွာသို့ရောက်ရှိလာသည့် တပ်မတော်အရာရှိကြီးများအနေဖြင့် စောဘဦးကြီး အထိမ်း အမှတ် ကျောက်တိုင်အား မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းနှင့်ခန်းမအား လှည့်လည်ကြည့်ရှုမှုများပြုလုပ်ပြီးနောက် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး နံနက် ၁၁ နာရီကျော်အချိန်ခန့်တွင် ပြန်လည်ထွက်သွားကြောင်း တွေ့ဆုံမှုတွင် ပါဝင်သူများက ပြောသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...