သက်ငယ်မုဒိန်းမှုများ သိသိသာသာမြင့်တက်လာနေကြောင်း ဥပဒေရေးရာအကူညီပေးနေသောအဖွဲ့က သတိပေး

သက်ငယ်မုဒိန်းမှုများ သိသိသာသာမြင့်တက်လာနေကြောင်း ဥပဒေရေးရာအကူညီပေးနေသောအဖွဲ့က သတိပေး

လာဘ်ရတနာဗိုလ် — မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း သက်ငယ်မုဒိန်းမှုများ သိသိသာသာမြင့်တက်ခဲ့ရာ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့နှင့်အတူ ရခိုင်နှင့်မွန်ပြည်နယ်တို့သည် အများဆုံးဖြစ်ခဲ့ကြောင်း ဥပဒေရေးရာအကူညီပေးနေသော အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ဥပဒေကုစားရေးအဖွဲ့( မြန်မာ) Legal Clinic Myanmar အဖွဲ့၏အချက်အလက်များအရ ၂၀၂၀ခုနှစ်အတွင်း ၎င်းတို့အဖွဲ့သို့ အကူညီတောင်းခံခဲ့သော အမှုများထဲတွင် မုဒိန်းမှုက ၁၂၄မှုရှိခဲ့ရာ ၁၁၅မှုမှာ သက်ငယ်မုဒိန်းမှုဖြစ်နေသည်ဟုဆိုသည်။ ၂၀၁၉ ခုနှစ်က ၎င်းတို့အဖွဲ့သို့အကူညီတောင်းခံခဲ့သောအမှုများထဲတွင် မုဒိန်းမှု ၉၂ မှုရှိခဲ့ရာမှ သက်ငယ်မုဒိန်းမှုမှာ ၅၀ ရှိခဲ့သည်။ ဥပဒေရေးရာကုစားရေးအဖွဲ့ ( မြန်မာ )သို့ အကူညီတောင်းခံခြင်းမပြုသော အမှုများရှိနိုင်သေးသည်။

 

“ဒါဟာ မြန်မာနိုင်ငံမှာ သက်ငယ်မုဒိန်းမှုသည် အင်မတန်မှကို မြင့်တက်နေပြီဆိုတာကို ဖော်ပြနေတာလည်းဖြစ်ပါတယ်” ဟု ဥပဒေကုစားရေးအဖွဲ့( မြန်မာ)၏ ဒါရိုက်တာဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကပြောသည်။

 သက်ငယ်မုဒိန်းမှုနှင့်ပတ်သက်၍ လာရောက်အကူအညီတောင်းခံမှုများတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သည် အများဆုံးဖြစ်ကြောင်း သိရသည်။

ဥပဒေရေးရာကုစားရေးအဖွဲ့ ( မြန်မာ )သို့ လာရောက်တိုင်တန်းမှုများထဲမှ ရန်ကုန်တိုင်းတွင် မုဒိန်းမှု ၂၉မှုရှိသည့်အနက် ၂၇မှုသည် သက်ငယ်မုဒိန်းမှု၊ မန္တလေးတိုင်းတွင်  ၂၁မှု၊ ရခိုင်ပြည်နယ်တွင် မုဒိန်းမှု ၂၂မှုအနက် ၂၀မှုသည် သက်ငယ်မုဒိန်းမှု၊ မွန်ပြည်နယ်တွင် မုဒိန်းမှု ၁၉မှုအနက် သက်ငယ်မုဒိန်းမှုမှာ ၁၈မှုရှိကြောင်းသိရသည်။

သက်ငယ်မုဒိန်းမှုကျူးလွန်သူအများစုသည် မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သူများဖြစ်ပြီး သူစိမ်းမှကျူးလွန်သည့်အမှုမှာ အလွန်ရှားကြောင်းနှင့် သက်ငယ်မုဒိန်းမှုမှာ နှစ်စဉ်မြင့်တက်နေသည်။

“ အဲ့တော့ ကျွန်မခုနကပြောတာက သက်ငယ်မုဒိန်းမှုမှာက အုပ်စုသုံးစုပေါ့ ရင်းနှီးကျွမ်းဝင်သူတွေ၊ ဆွေမျိုးတွေ၊ မိသားစုဝင်တွေပေါ့။ အခုနောက်ပိုင်း ကျွန်မတို့တွေ့ရတဲ့ ဒီသက်ငယ်မုဒိန်း ၁၁၅မှုမှာ ရင်းနှီးကျွမ်းဝင်သူတွေက ပိုများနေတာကိုတွေ့ရတယ်။ ” ဟု ဒေါ်လှလှရီက ပြောသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မုဒိမ်းမှု၊ အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်ကျူးလွန်ခံရသူများအတွက် အခမဲ့ရှေ့နေလိုက်ပေးသော ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)မှ ဥပဒေရေးရာ ကူညီပေးခဲ့သည့် သက်ငယ်မုဒိန်းမှုများအနက် ၉၉ ရာခိုင်နှုန်းသည် ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် ထောင်ဒဏ်ချမှတ်ခံကြရကြောင်း သိရသည်။

 

 သက်ငယ် မုဒိမ်းမှု ကျူးလွန်သူများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည့် ရာဇသတ်ကြီးအား ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ထိုး၍ အတည်ပြု ပြဌာန်းလိုက်သည်။

ယခင်ပြဌာန်းထားသည့် ဥပဒေအရ ရာဇသတ်ကြီးပုဒ်မ ၃၇၆ တွင် မုဒိန်းမှု ကျူးလွန်သူကို အနှစ် ၂၀ ထောင်ဒဏ် ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း၊ မုဒိန်းကျင့်ခံရသော မိန်းမသည် မိမိ မယား ဖြစ်၍ အသက် ၁၂ နှစ်အောက် မဟုတ်လျှင် မုဒိန်းကျင့်သောသူကို ၂ နှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟူ၍ပါဝင်သည်။

သို့သော်  ပြင်ဆင်ပြဌာန်းလိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိန်းမှုကျူးလွန်သူများအား အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်တစ်သက် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မုဒိန်းမှု ဖြစ်ပွားနှုန်း ၂၀၁၃ ခုနှစ်မှာ ၇၃၄ မှု ရှိခဲ့ပြီး ၂၀၁၉ မှာတော့ ဇွန်လအထိ ၄၁၉ မှု ရှိခဲ့ကြောင်းနှင့် ် မုဒိန်းမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းခန့်သည် သက်ငယ်မုဒိန်းမှုဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

Most read this week

December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...