ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၅၀၀၀ ဝန်းကျင် ကိုတရုတ်က ပြန်လွှဲပေး

ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၅၀၀၀ ဝန်းကျင် ကိုတရုတ်က ပြန်လွှဲပေး

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ ဝန်းကျင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပြန်လွှဲပေးခဲ့ကြောင်း မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရသိရသည်။  

ကိုဗစ်ကာလဖြစ်သည့် ဧပြီလဆန်းပိုင်းမှစတင်ကာ ဒီဇင်ဘာလအတွင်းလွှဲပြောင်းပေးခဲ့သည့် အရေအတွက်ဖြစ်ပြီး အဆိုပါ ပြန်လည်လွှဲပြောင်းပေးခဲ့သူများအနက် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်မှုကြောင့် လ.ဝ.က မှုဖြင့် အဖမ်းခံရသူ ၉၀ ရာခိုင်နှုန်းခန့်ပါဝင်ကာ လူကုန်ကူးခံရမှု၊ မူးယစ်မှုနှင့် အခြားအမှုများဖြင့် ဖမ်းဆီးခံနေရသူများ လည်း ပါဝင်ကြောင်း သိရသည်။

“၂၀၂၀ ဧပြီလဆန်းပိုင်းကနေပြီး တဖြည်းဖြည်းနဲ့သူတို့ ပြန်လွှဲပေးတာလေ။  ၄၀၀၀ / ၅၀၀၀ ဝန်းကျင်တော့ ရှိမယ်ထင်တယ်။ တချို့ကျတော့လည်း ပြစ်မှုကြီးတဲ့သူတွေကြတော့ သတ်မှတ်ပြစ်ဒဏ်စေ့မှပဲလွှဲပေးတာပေါ့။ ပြစ်မှုမကြီးတဲ့သူတွေဆိုရင်တော့ သူတို့က အခုလိုမျိုး ပြန်ပြန်လွှဲပေးတာပေါ့နော်” ဟု မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က ရှင်းပြသည်။  

အကြောင်းအမျိုးမျိုးကြောင့်အဖမ်းခံရသည့် မြန်မာနိုင်ငံသားများကို ပုံမှန်အားဖြင့် တစ်ပတ်၊ တစ်ကြိမ်လွဲပေးလေ့ရှိပြီး တစ်ကြိမ်လျှင် လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိသည်။  

မြန်မာဘက်မှလည်းတရားမဝင်နေထိုင်သူ၊ ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားများကိုပြန်လည်လွှဲပေးလေ့ရှိပြီး ထိုသို့လွှဲပြောင်းမှုများ ပြုလုပ်မည်ဆိုပါက တစ်ဖက်နှင့် တစ်ဖက်ကြိုတင်အကြောင်းကြားရကြောင်းလည်း ဦးသူရိန်ကပြောသည်။  

သို့သော်လည်း တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံသားမည်မျှ ဖမ်းဆီး အကျဉ်းကျခံနေရသည်ကိုမူ သိရှိနိုင်ရန်ခက်ခဲကြောင်းလည်း ၎င်းကဆိုသည်။  

အဆိုပါကိစ္စနှင့်ပက်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ မဇ္ဈိမကမေးမြန်းရန်ဆက်သွယ်သော်လည်း ဖုန်းဖြေဆိုခြင်းမရှိခဲ့ပေ။  

“မြန်မာပြည်ပြန်ရောက်လာရင် ကျွန်တော်တို့က အသွားအလာကန့်သတ်ထားတယ်။ ကန့်သတ်ပြီးတော့မှ ကိုဗစ် စစ်တယ်။ စစ်ပြီးအဖြေထွက်မှပြန်လွှတ်တာ။ ထောင်တော့မချတော့ဘူးလေ။ သူတို့က သူတို့နိုင်ငံရဲ့ ဥပဒေကိုချိုးဖောက်လို့ သူတို့နိုင်ငံမှာချတာ။ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေကိုမှချိုးဖောက်တာမဟုတ်တာ” ဟု မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးသူရိန်ကပြောသည်။  

တရုတ်နိုင်ငံရှိစက်ရုံ၊ အလုပ်ရုံများအနေဖြင့် မြန်မာနိုင်ငံမှလုပ်သားအင်အားများကိုလိုအပ်သော်လည်း နှစ်နိုင်ငံ MOU ထိုးထားခြင်း မဟုတ်၍ မလိုသည့်အချိန်တွင် ဖမ်းဆီးမှုများပြုလုပ်လေ့ရှိသည့်ပုံစံဖြစ်နေကြောင်းလည်း ၎င်းကဝေဖန်သည်။  

သိန်းနှင့်ချီ၍ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာလုပ်သားများသည် ကိုဗစ်ပထမလှိုင်းကာလတွင် မြန်မာပြည်သို့ပြန်လာခဲ့ကြသော်လည်း ပထမလှိုင်းနောက်ပိုင်း တရုတ်နိုင်ငံသို့ နည်းလမ်းပေါင်းစုံဖြင့်  ပြန်လည် သွားရောက်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများကရေးသားထားကြသည်။

 အများစုမှာ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးအပါအဝင် အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင်အလုပ်လုပ်ကိုင်နေကြသူ အများအပြားရှိနေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း ILO ၏အချက်အလက်များတွင်ဖော်ပြထားသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...