ယဉ်ကျေးမှုဓလေ့နှင့် နေ့ထူးနေ့မြတ်များ မမေ့ကြရန် ကရင်ပြည်နယ်ရှိ ပအိုဝ်းများအား စာယဉ်ဥက္ကဌ တိုက်တွန်း

ယဉ်ကျေးမှုဓလေ့နှင့် နေ့ထူးနေ့မြတ်များ မမေ့ကြရန် ကရင်ပြည်နယ်ရှိ ပအိုဝ်းများအား စာယဉ်ဥက္ကဌ တိုက်တွန်း

စောရှား — မိမိတို့၏ ယဉ်ကျေးမှု ထုံးတမ်းဓလေ့၊ နေထူးနေ့မြတ်များကို မေ့မေ့လျော့လျော့မနေကြဘဲ အစဉ်တစိုက် ထိန်းသိမ်း မြှင့်တင်သွားကြရန် ကရင်ပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများအား ပြည်နယ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌက ယနေ့ တိုက်တွန်းပြောကြားလိုက်သည်။

ယနေ့(ဒီဇင်ဘာ ၁၅ရက်)၊ နတ်တော်လဆန်း ၁ရက်နေ့တွင် ကျရောက်သော (၂၇၁၂)နှစ်ပြည့် ပအိုဝ်းအမျိုးသား နှစ်သစ် ကူးနေ့ အခမ်းအနားကို ဖားအံမြို့၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံး၌ ပြုလုပ်အပြီး မီဒီယာများမှတဆင့် ပြောကြား လိုက်ခြင်းလည်းဖြစ်သည်။

ကရင်ပြည်နယ်၊ ပအိုဝ်းစာယဉ်ဥက္ကဌ ခွန်သိန်းတင်က “ကျနော်တို့တွေရဲ့ ထုံးဓလေ့၊ ယဉ်ကျေးမှုကို မေ့မေ့လျော့လျော့ မနေကြဘဲနဲ့ သက်ဆိုင်ရာ နေ့ထူးနေ့မြတ်တွေသော်လည်းကောင်း၊ ယဉ်ကျေးမှု အတိုင်းအတာနဲ့သော်လည်းကောင်း အစဉ်တစိုက် ထိန်းထိန်းသိမ်းသိမ်းနဲ့ မြှင့်တင်သွားကြဖို့ မှာကြားချင်ပါတယ်။”ဟု ပြောသည်။

ထို့အပြင် တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေသည့် အကြောင်းအရာများတွင် ပညာတတ်နည်းပါးမှုလည်း တစ်ချက် အပါအဝင်ဖြစ်ပြီး ပအိုဝ်းပညာတတ် များများပေါ်ထွန်းလာရန် လိုအပ်နေသလို ရှိနှင့်ပြီးသား ပအိုဝ်းလူမျိုး ပညာတတ်များအနေဖြင့်လည်း မိမိတို့၏ အတတ်ပညာများကို အသုံးချကာ အမျိုးသားရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်လာကြရန် ခွန်သိန်းတင်က ဆက်လက် ပြောဆိုသည်။

ဖားအံမြို့နယ်၊ သံလွင်အနောက်ဖက်ကမ်းရှိ မြိုင်ကလေးရွာကြီးတွင် နေထိုင်သူ ခွန်ရေလှိုင်းက “ထိန်းသိမ်းမှု အားနည်း တာနဲ့ သိတဲ့သူ နည်းနေတယ်ဗျ။ ဒါ အမှန်အတိုင်း ဝန်ခံတာပါ။ ဒီထက်ပိုပြီး ဆက်လက် လုပ်ဆောင်နိုင်ဖို့က ယဉ်ကျေး မှုထုံးတမ်း သိနားလည်သူတွေက လူငယ်မျိုးဆက်သစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ဆင့်ကမ်းပေးနိုင်မှသာ ကျနော်တို့လူငယ်တွေလည်း ကိုယ့်ယဉ်ကျေးမှု၊ နေ့ထူးနေ့မြတ်တွေကို ဝိုင်းဝန်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပအိုဝ်းလူမျိုးတို့သည် မိမိတို့၏ ရိုးရာဓလေ့ စာပေယဉ်ကျေးမှု အမွေအနှစ်များအား သိရှိလေ့လာခြင်း အားနည်းသဖြင့် ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့ရခြင်းကြောင့် ရိုးရာယဉ်ကျေးမှုများ မမေ့ပျောက်ဘဲ မျိုးဆက်သစ်များအား လက်ဆင့် ကမ်း အမွေပေးနိုင်ရန် ရည်ရွယ်ကာ ပအိုဝ်းနှစ်သစ်ကူးနေ့ ကျင်းပပေးရခြင်းဖြစ်ကြောင်းလည်း နှစ်သစ်ကူးဖြစ်မြောက် ရေး တာဝန်ရှိသူများကလည်း ပြောဆိုသည်။

ကိုဗစ်ကာလဖြစ်၍ ကရင်ပြည်နယ်၊ ပအိုဝ်းစာယဉ်အသင်းအနေဖြင့် ပြည်နယ်အတွင်း၌ ၅ကြိမ်မြောက် ပအိုဝ်းနှစ်သစ် ကူးနေ့ အခမ်းအနားကို အကျဉ်းရုံးသာ ဦးဆောင်ကျင်းပနိုင်ခဲ့သော်လည်း အခမ်းအနားတွင် ပအိုဝ်းအမျိုးသား နှစ်သစ် ကူးနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် ကျင်းပရသည့် ရည်ရွယ်ချက်ကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ပြောကြားခြင်း၊ သံဃာ တော်များအား နှစ်သစ်ကူး ဆွမ်းကပ်လှူခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ သံဃာတော်များ၊ ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ကရင်ပြည်နယ်ညွှန်ကြားရေးမှူး စောကျော်မင်းထွဋ်နှင့် အစိုးရတာဝန်ရှိသူများ၊ ပအိုဝ်း စာ/ယဉ်အသင်းဝင် များ၊ ပအိုဝ်းတိုင်းရင်းသား/သူများ အပါအဝင် စုစုပေါင်း ၃၀ကျော် တက်ရောက်ခဲ့ကြသည်။ ယမန်နှစ်က ပအိုဝ်းနှစ်သစ် ကူးနေ့ကို စာယဉ်အသင်းအနေဖြင့် သာမညကျေးရွာတွင် စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

BC ၆၉၀ မှ စတင်ရေတွက်ခဲ့သော ပအိုဝ်းသက္ကရာဇ်သည် ခရစ်နှစ် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၌ ၂၇၁၂ခုနှစ်သို့ ကူး ပြောင်းခဲ့ပြီး သုဝဏ္ဏဘူမိသထုံပြည်သို့ ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင် ကြွရောက်တော်မူသော နတ်တော်လဆန်း (၁) ရက်နေ့ကို ပအိုဝ်းအမျိုးသားနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...