စအိုင်ဆူး — လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသော ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ဒေသရှိ အစိုးရ တပ်စခန်းတစ်ခုကို KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)မှ သိမ်းယူလိုက်ကြောင်း သတင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း KNU ဘက်က အတည်ပြုပြောသည်။
“မဲဝိုင် စခန်းကို အထိအနာမရှိဘဲ ကော်သူးလေတပ်မတော်(တပ်မဟာ-၅)မှ တိုက်သိမ်းလိုက်ပြီး”ဟုဆိုကာ (Facebook) လူမှုကွန်ယက်ပေါ်တွင် သတင်းများကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခြင်းမှာ မဟုတ်မ မှန်ကြောင်း KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့က ယခုလိုပြောသည်။
၎င်းက “ အဲ့ဒါတွေက သတင်းအမှားတွေပဲ။ သူများတွေ အဲ့လို လိုက်ပြီး ကစားတဲ့ပုံစံတွေ အများကြီး တွေ့ရ တယ်။ ဒါပေမဲ့ အရင်တုန်းကတော့ KNLA တပ်ရင်း ၁၀၂ တပ်ရင်းမှူးကတော့ (၁၀၄)(KNLA) တပ်ရင်းကို စာပို့ခိုင်းထားတာတော့ ရှိတယ်။ အဲ့မှာ ရှိတဲ့ စစ်တပ်စခန်းက သူတို့စခန်းနဲ့ နီးတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပွတ် တိုက်မှုတွေများတဲ့အတွက် ပြန်ဆုတ်ပေးဖု့ိ စာပို့ထားတာတော့ရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အဆိုပါ မဲဝိုင်ဒေသရှိ တပ်မတော်တပ်စခန်းမှ ၎င်းတို့၏ တပ်စခန်းများကို ဒရုန်းယာဉ်ငယ်များဖြင့် လိုက်လံစူးစမ်းထောက်လှမ်းမှုများပြုလုပ်သည့်အပြင် ညဘက် လှုပ်ရှားမှုများရှိခြင်းကြောင့် နှစ်ဖက် အကြား မကြာခဏ အနည်းငယ် ထိတွေ့မှုများရှိ နေကြောင်းလည်း ဗိုလ်မှူး စောကလယ်ဒို့ ကဆက်ပြောသည်။
၎င်းဒေသတွင် အမှတ်(၈) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၃၃၉) မှ အဓိက လှုပ်ရှားတည်ရှိနေပြီး ယခုလ ဒီဇင်ဘာ ၁ရက်နေ့တွင်လည်း ယင်းတပ်ရင်း နှင့် KNLA (၁၀၂) တပ်ရင်းလက် အောက်ခံတပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့သေးသည်။
လက်ရှိ မဲဝိုင်ဒေသ၌ နှစ်ဖက် စစ်ရေးတင်းမာမှုများကြောင့် တိုက်ပွဲကြီး သဏ္ဍာန်ဖြစ်လာမည်ကို စိုးရိမ်သည့် အတွက် ရာနှင့်ချီသည့် ဒေသခံရွာသားများမှာ မွန်ပြည်နယ်၊ ဘီလင်း နှင့် ၎င်းတို့၏ နီးစပ်ရာ ဆွေမျိုး နေအိမ် များတွင် ထွက်ပြေးခိုလှုံနေကြရကြောင်း ဒေသခံရွာသားများနှင့် KNU တာဝန်ရှိသူများက ဆိုသည်။
မဲဝိုင်ရွာသည် အစိုးရသတ်မှတ်ချက်အရ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တည်ရှိပြီး KNU ၏ နယ်မြေသတ်မှတ်မှုများအရ မူတြော်ခရိုင်(ဖာပွန်)၊ ဒွယ်လိုးမြို့နယ်အတွင်းပါဝင်ကာ အိမ်ခြေအားဖြင့် ၁၅၀ ခန့်ရှိပြီး ရှမ်းလူမျိုးအများစုနေထိုင်သည့် ကျေးရွာတစ်ရွာလည်းဖြစ်သည်။
အစိုးရတပ်မတော်မှ စခန်းချထားသည့်တပ်စခန်းမှာ မဲဝိုင်ရွာလယ် ဘုန်းကြီးကျောင်း အနီးတွင် ဖြစ်သည်ဟု သိရပြီး ၎င်းစခန်းအပါအဝင် KNU သတ်မှတ်နယ်မြေများအတွင်းရှိ ဒေသခံလူထုနှင့်နီးကပ်သည့် တပ်စခန်းများ အား ယခုနှစ်ကုန်တွင် အပြီးရုပ်သိမ်းပေးရေးအတွက် KNLA -ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်က ဒီဇင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သေးသည်။







