ကြာအင်းဆိပ်ကြီးမြို့နယ်မှ လုံးပတ် ၁၁၄ ပေရှိ သစ်ပင် သက်တမ်းရင့်စာရင်းဝင်ရန် တိုင်းထွာမှုပြုလုပ်

ကြာအင်းဆိပ်ကြီးမြို့နယ်မှ လုံးပတ် ၁၁၄ ပေရှိ သစ်ပင် သက်တမ်းရင့်စာရင်းဝင်ရန် တိုင်းထွာမှုပြုလုပ်

စောမြတ်ဦးသာ — ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာတွင် အပင်အမျိုးအစား မသိရသေးသည့် ဌာနေ ကရင်တိုင်းရင်းသား အခေါ်(ဖယ်ထိုက်) အပင်အား လတ်တလောတိုင်းတာမှုအရ လုံးပတ် ၁၁၄ ပေရှိသည့်အတွက် သက်တမ်းရင့် စာရင်းဝင်ရန် ဒေသခံများနှင့် တာဝန်ရှိသူများက တိုင်းထွာမှုများ ပြုလုပ်နေပြီးဟု သိရသည်။

မြို့နယ်သစ်တောဦးစီးဌာန၊ KNU -ကရင်အမျိုးသားအစည်းအရုံး ဝင်းရေးမြို့နယ် သစ်တောဌာန တာဝန်ရှိသူများနှင့် ဒေသခံ များက ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထိုရွာအတွင်း အစဉ်အဆက်ထိန်းသိမ်းထားသည့် သက်တမ်းရင့်အပင် ၆ ပင်ကို လုံးပတ်၊ အမြင့်ပေတွေ တိုင်းထွာသွားပြီး အပင်သက်တမ်း သိရှိနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်မည်ဟု ကျေးရွာတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ခလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းဆန်းညွန့်မောင်က “ ဒီလိုအပင်မျိုးက ရွာထဲမှာ ၃ ပင်ရှိတယ်။ တစ်ရွာလုံး ထိန်းသိမ်း လာတာပေါ့နော်။ သစ်ပင်သက်တမ်းရယ်၊ လုံးပတ်ပေ၊ အမြင့်ပေတွေ တိုင်တားမှုအရ  အကြီးဆုံးအပင်က လုံးပတ် ၁၁၄ ပေအထိ ရှိတယ်။ ခန့်မှန်း နှစ်ရာကျော်မယ် ထင်တယ်။ ဆက်လက်ထိန်းသိမ်းနိုင်အောင် ရည်ရွယ်ဆောင်ရွက်တာပါ” ဟု ဒီဇင်ဘာ ၁၃ ရက်နေ့ ကေအိုင်စီသို့ ပြောသည်။

၎င်းအပင်များကို မြေပြင်မှ အမြင့် ၄ ပေ ၆ လက်မမှ စတိုင်းတာပြီး အကြီးဆုံးအပင်မှာ အမြင့် ၁၇ဝ ပေ၊ လုံးပတ် ၁၁၄ ပေ၊ အမြင့် ၂ဝ ပေမှ တိုင်းတာရာ လုံးပတ် ၄၇ ပေရှိသည်။ ကျန်  ၂ ပင်မှာလည်း လုံးပတ် ၇၁ ပေ၊ ၇၃ ပေ အထိရှိသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် သက်တမ်းရင့်အပင် စာရင်းဝင်ဖြစ်လာနိုင်သည်ဟု ကျေးရွာတာဝန်ရှိသူများက ပြောသည်။

“ ခြံမှာ ရှိလာခဲ့တာ ကြာလှပြီး၊ အမေပြောပြတာက သူတို့ငယ်ရွယ်တုန်းကလည်း အပင်က ဒီလောက်အရွယ်ပါပဲ။ ဓားပြခေတ်၊ ပေါ်တာဖမ်းတဲ့ခေတ်၊ စစ်ပွဲကာလတောက်လျှောက်မှာ ပင်စည်နားမှာ ရွာသားတွေ လာပြီးပုန်းအောင်းကြတယ်။ မိုးတွင်း ကာလဆိုရင် ပျားအုံအကြီး ၂ဝ ကျော်လောက် နှစ်တိုင်း လာပြန်ခိုနားကြတယ်။ အပင်ကြီးရေရှည်ထိန်းသိမ်းနိုင်အောင် ခုလိုတိုင်း တာမှုတွေ လာလုပ်တော့ ဝမ်းသာပါတယ်”ဟု ခလယ်ရွာမှ အသက် ၆၅ နှစ်အရွယ် နောင်ပစ်ပစ်က ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် လူသိများသည့် ရန်ကုန်တက္ကသိုလ်ကျောင်းဝင်း သစ်ပုပ်ပင်၏ လုံးပတ်မှာ ၅၆ ပေရှိပြီး လတ်တလော လူသိများ နေသည့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သံရွာရှိ လက်ပံပင်ကြီးမှာ လုံးပတ် ၇၉ ပေ ၁ဝ လက်မသာ ရှိသည့်အတွက်  ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာရှိ သစ်ပင်ကြီးအနေဖြင့် သက်တမ်းရင့် လုံးပတ်ပေကြီးသည့် စာရင်းတွင် ပါဝင်လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောဆိုကြသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...