နိုင်ငံသားအခွင့်အရေးအတွက် ကာကွယ်လှုပ်ရှားသူဆု နော်အုန်းလှရရှိ

နိုင်ငံသားအခွင့်အရေးအတွက် ကာကွယ်လှုပ်ရှားသူဆု နော်အုန်းလှရရှိ

စဖန်းရှောင်း - ဆွီဒင်နိုင်ငံအခြေစိုက် နိုင်ငံသားအခွင့်အရေးများကာကွယ်ရေးလှုပ်ရှားသူများအဖွဲ့ (Civil Right Defender) မှ ၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားအခွင့်အရေးအတွက် ကာကွယ်လှုပ်ရှားသူဆု Civil Right Defender of the year 2020 ဆုကို မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် နော်အုန်းလှအား ယနေ့ ရွေးချယ်ချီးမြှင့်လိုက်သည်ဟုသိရသည်။

ကရင်အမျိုးသမီးတစ်ဦးဖြစ်သူ နော်အုန်းလှမှာ တိုင်းရင်းသားများ၏ အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုး သမီးများအရေး၊ အလုပ်သမားအရေး၊ လယ်ယာမြေအရေးကိစ္စများတွင် တက်ကြွစွာဦးဆောင်ခဲ့လှုပ်ရှား ခဲ့သူတစ်ဦးဖြစ်သည့်အပြင် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ကရင်အဖွဲ့အစည်းများမှ ပေးအပ်သည့်ဆုများကို ရရှိခဲ့ဖူးသူလည်းဖြစ်သည်။

“အခုဆုအတွက် ချီးမြှင့်တဲ့ ဆွီဒင်ကအဖွဲ့ကိုရော အန်တီနဲ့အတူဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာ အခုအချိန်အထိလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတဲ့အတွက် နိုင်ငံ တကာ တရားရုံးအထိတရားစွဲခံနေ ရတာတွေရှိတယ်။ အန်တီတို့ကိုယ်တိုင်ချီးမြှင့်ခံရတဲ့အတွက် ဒီနိုင်ငံက လူအခွင့်အရေးတွေကို ဒီထက်ပိုပြီး တာဝန်ယူပေးရမယ်ဆိုတာခံစားရတယ်။ အခွင့်အရေးချိုးဖောက်ခံရမှုတွေ လည်း ရှိနေတုန်းဆိုတော့ အစိုးရအနေနဲ့လူ့အခွင့်အရေးကိုလေးစားလိုက်နာစေချင်ပါတယ်” နော်အုန်းလှက ပြောသည်။

ဆွီဒင်နိုင်ငံ ၊ စတော့ခ်ဟုမ်းတွင် အခြေစိုက်သည့် Civil Right Defender မှ အဆိုပါဆုကို နော်အုန်းလှအား ရွေးချယ်ချီးမြှင့်ကြောင်း ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ (ဒီဇင်ဘာလ ၁၀)တွင် ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။

ထိုသို့ထုတ်ပြန်ရာတွင် နော်အုန်းလှအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အဓိကရုဏ်းများ ၊ တိုင်းရင်းသားများနှင့် လူမျိုးရေးခွဲခြားမှုများ၊ ဖိနှိပ်မှုများရှိနေသည့်အပေါ် တရားမျှတမှုပေါ်ပေါက်လာစေရေးနှင့်တာဝန်ယူမှု၊ တာဝန်ခံ မှုများရှိလာစေရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့် အသိအမှတ်ပြုသည့်အနေဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှသတင်း ထုတ်ပြန်ထားသည်။

“ပြောရမယ်ဆိုရင် land right (မြေယာအခွင့်အရေး) အပေါ်မှာ တစ်စိုက်မတ်မတ်လုပ်ဆောင်လာခဲ့တဲ့ သူ့ရဲ့ သဘောထားခံယူချက်ကို လူအခွင့်အရေး အဖွဲ့အစည်းကြီးတွေတောင်မှ သူကိုမမီဘူး။ အစိုးရရဲ့ တရားစွဲဆိုမှု နဲ့ တရားရေးအမြဲရင်ဆိုင်နေရပေမယ့်လည်း တခါမှအရှုံးမပေးခဲ့ဘူး။ အမြဲတမ်းပေးဆပ် လုပ်ဆောင်နေခဲ့တယ်။ ဒီ မြေယာအခွင့်အရေးအတွက်တစ်ခုထဲ မကဘဲ လူမျိုးစုတန်းတူအခွင့်အရေးအတွက်ပါ ကြိုးပမ်းလုပ်ဆောင်တဲ့ အတွက် ဒီလိုဆုရရှိတဲ့အပေါ်မှာ ကျနော်တို့အတွက် ဂုဏ်ယူစရာတစ်ခုကြီးဖြစ်စေပါတယ်။”ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ပြောသည်။

နော်အုန်းလှယခုရွေးချယ်ချီးမြှင့်ခံလိုက်ရသည့်ဆုမှာ နိုင်ငံတကာမှပေးအပ်သည့်ဆုတစ်ခုကို သူမအနေဖြင့် ပထမဆုံး အကြိမ်ရရှိခဲ့ခြင်းပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP) အာရှပစိဖိတ်ရေး ရာဌာနမှ ချီးမြင့်သည့် Thinking Outside the Box ( ဒီမိုကရေအရေးတီထွင်ကြံဆမှုဆု) ကို သူမအပါအဝင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးများ ကွန်ယက်အဖွဲ့အနေဖြင့် ဆုရရှိခဲ့ဖူးသည်။

ထို့အပြင်  နိုင်ငံတကာကရင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် International Karen Organization IKO၊  ထိုင်း နိုင်ငံရှိ Karen Thai Group -KTG ၊ ကရင်အမျိုးသမီးအစည်းအရုံး -KWO ၊ ကရင်အမျိုးသားအစည်းအရုံး -KNU စသည့်ကရင်အဖွဲ့အစည်းများမှ ပေးအပ်သည့် ဆုများ၊ ဂုဏ်ပြုဆုများကို ရရှိခဲ့ဖူးသည်ဟုလည်း သိရ သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...