ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံကို ရက်အကန့်အသတ်မရှိ ပိတ်

ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံကို ရက်အကန့်အသတ်မရှိ ပိတ်

ဖူးအိအိနွယ် — ရန်ကုန်မြို့လယ်တွင် ပြီးခဲ့သည့်ရက်က လူစည်ကားခဲ့သည့် မဟာဗန္ဓုလပန်းခြံကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်မှစပြီး ရက်အကန့်အသတ်မရှိ ယာယီ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပန်းခြံသို့ လာရောက်လည်ပတ်သူ များပြားပြီး လူစုလူဝေး ဖြစ်ပွားမှုကြောင့် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ၏ ညွှန်ကြားချက်ဖြင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက မဇ္ဈိမကို အတည်ပြုပြောသည်။

“YCDC ကော်မတီက ညွှန်ကြားချက်နဲ့ ပိတ်ထားတာပါ။ လူစုလူဝေး များတာလည်း ပါတယ်။ ကိုဗစ်ထိန်းချုပ်တာလည်း ပါပါတယ်။ ဘယ်အချိန်အထိ ပိတ်မလဲဆိုတာကတော့ ကော်မတီက ထပ်ညွှန်ကြားမယ်ပြောတယ်” ဟု ဌာနမှူး ဦးကိုကိုလင်းက ပြောသည်။

ကျောက်တံတားမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက မဟာဗန္ဓုလပန်းခြံ ပိတ်ထားရန် လွန်ခဲ့သည့် နှစ်လခန့်ကတည်းက အကြံပြုဆွေးနွေးခဲ့သော်လည်း ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လာရောက်ပြုလုပ်လိုသူများ ရှိသည့်အတွက် ပန်းခြံကို မပိတ်ခဲ့ဘဲ ပြီးခဲ့သည့် တန်ဆောင်မုန်း လပြည့်နေ့မှစပြီး လာရောက်လည်ပတ်သူများ၊ ဈေးသည်များဖြင့် လူစုလူဝေး ဖြစ်လာသည့်အတွက် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က ပြောသည်။

“သတိထားမိသလောက် တန်ဆောင်တိုင် လပြည့်နေ့လောက်ကစပြီး တော်တော် ဆိုးလာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ကျောက်တံတားက လူတွေ အဓိက မဟုတ်ဘူးပေါ့နော်။ တစ်ခြားမြို့နယ်က လူတွေ အဓိက လာနေတယ်ပေါ့နော်။ အတွဲလေးတွေရော၊ မျိုးစုံပေါ့နော်။ လူတွေလည်း အရမ်းများတယ်။ Mask တွေလည်း မတပ်ဘူး။ နောက် ဈေးသည်တွေပေါ့နော်။ ပန်းခြံလာကြလို့ ဈေးရောင်းတာပေါ့နော်။ ဈေးသည်ရှိလို့ ပန်းခြံလာတာပေါ့နော်။ အဲဒီနှစ်ခုကလည်း ဆက်စပ်နေတယ်ပေါ့နော်။ အဲ့ဒါကြောင့် ပိတ်လိုက်တဲ့ သဘောပါ” ဟု ဦးနေမျိုးထက်က ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု များပြားနေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်း တစ်မြို့နယ်မှလွဲပြီး ကျန်မြို့နယ်အားလုံးကို မိမိအိမ်တွင်သာ နေထိုင်ရေး ထုတ်ပြန်ထားသည့် Stay at Home အမိန့်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ထပ်တိုးခဲ့ပြီး လူစုလူဝေး ပွဲလမ်းသဘင်များကိုလည်း ပြန်လည် ခွင့်ပြုခြင်းမရှိပေ။  

သို့သော်လည်း ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်နေ့က မဟာဗန္ဓုလပန်းခြံ၊ အင်းယားကန်ဘောင်၊ တက္ကသိုလ်ရာပြည့်ပွဲတို့တွင် လူသွားလူလာ များပြားခဲ့ပြီး လူစုလူဝေး ဖြစ်ပွားခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တက်လာပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူများက ဝေဖန်ရှုတ်ချခဲ့ကြသည်။

မဟာဗန္ဓုလပန်းခြံနည်းတူ လူစည်ကားရာဖြစ်ခဲ့သည့် အင်းယားကန်ဘောင်ကိုလည်း လွန်ခဲ့သည့် သုံးရက်ကတည်းက ယာယီပိတ်ထားလိုက်ပြီဖြစ်ပြီး ကမာရွတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက မဇ္ဈိမကို အတည်ပြုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ရောဂါ ဖြစ်ပွားသူ ၇၀,၈၀၈ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...