အစိုးရသစ်နှင့် တန်းတူညှိုနှိုင်းကာ လူမှုဘဝ မြှင့်တင်ရေး လုပ်ဆောင်မည်ဟု FPNCC ထုတ်ပြန်

အစိုးရသစ်နှင့် တန်းတူညှိုနှိုင်းကာ လူမှုဘဝ မြှင့်တင်ရေး လုပ်ဆောင်မည်ဟု FPNCC ထုတ်ပြန်

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ နှင့် တန်းတူညီမျှစွာ ညှိနှိုင်းမှုမှတစ်ဆင့် အမျိုးသားရင်ကြား စေ့ရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်း လုပ်ဆောင်သွားမည်ဟု FPNCC က ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများဖြင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အမြဲတမ်း ဗဟိုကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီဝင် FPNCC ၏ ထုတ်ပြန်ချက်ထဲတွင် “ကျွန်ုပ်တို့ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့နှင့် တန်းတူညီမျှညှိနှိုင်း ဆွေးနွေးမှုအပေါ် အခြေပြု၍ ဆက်လက် လက်တွဲကာ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တိုးတက်ဖော် ဆောင်ရေး၊ အစိုးရမှ ကတိပြုထားသော တိုင်ရင်းသား လူမျိုးစုဒေသများ၏ စီးပွားရေး၊ ပညာရေး၊ ဆေးကုသရေးနှင့် ကျန်းမာရေး လုပ်ငန်းစဉ်များ တိုးတက်ဖော်ဆောင်ရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုပါသည်” ဟု ထည့်သွင်းထားသည်။

ထို့အပြင် နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည် သာမက ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ၏ တရား ဝင် ထုတ်ပြန်ချက်အရ NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်သည့် အခွင့်အရေး ရရှိခဲ့သည့်အပေါ် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း FPNCC က ဆိုသည်။

FPNCC ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “ပုံမှန်အရ ပေါ့ဗျာ NLD နဲ့ အနိုင်ရတဲ့အပေါ်မှာ မြောက်ပိုင်းအဖွဲ့တွေ မဟာမိတ် အဖွဲ့အစည်းတွေ အနေနဲ့ ချီးကျူးဂုဏ်ပြုပြီးတော့ သူတို့ရဲ့ မျှော်လင့်ချက်ကို ပြောပြတာပေါ့နော်။ ဒါပေမယ့် တကယ်လုပ်ဆောင်ဖို့ ကတော့ FPNCC အနေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ဆိုရင်တော့ Bilateral ထိုးဖို့လိုတာပေါ့။ KIA၊ TNLA၊ ကိုး ကန့်၊ AA တို့နဲ့ Bilateral ထိုးဖို့လိုတယ်။ အဲဒီ ၄ ဖွဲ့ Bilateral ထိုးပြီးရင် ကျန်တဲ့ ၃ ဖွဲ့နဲ့ ပေါင်းပြီး ၇ ဖွဲ့က နိုင် ငံရေး ဆွေးနွေး ဖို့ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ချက်တွေ ပြလိုက်တာပေါ့။ လောလောဆယ် ဖြစ်နိုင်ခြေ တွေ များနေတာက တော့ ဒီ ၄ ဖွဲ့ Bilateral ထိုးရေးမှာ ပထမတစ်နေတာက AA နဲ့တစ်နေတာ AA တည်ရှိ မှုနဲ့ တစ်နေတာ ဒါပေမယ့် ဒီ ၁၂ ရက်နေ့က AA နဲ့ တပ်မတော်ကြား အပြန်အလှန်ကြေညာချက် ထုတ်ပြီး တော့ ဒီနေ့ဆို ၈ ရက်ရှိသွားပြီပေါ့နော ရှစ်ရက် အတွင်းမှာ ရခိုင်မှာ တိုက်ပွဲ မရှိတော့ဘူး နှစ်ဖက်စလုံးက ရပ်ထားတယ် တိုက်ပွဲ လုံးဝမရှိတော့ဘူး အခြေအနေဖြစ်တယ်” ဟု သုံးသပ်ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဒုတိယ နိုင်ငံရေးမှူး ဦးညီကပ် ဦးဆောင်သည့် အဖွဲ့များနှင့် ရှမ်းပြည်နယ် မိုင်းဆတ်မြို့ကို ရောက်ရှိနေစဉ် တွေ့ဆုံခဲ့ကြပြီး NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့ က ထုတ်ပြန်ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက် အောင် တပ်မတော်မှ တတ်စွမ်း သရွေ့ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှု အပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိသဖြင့် လူမှုစီးပွားရေးဖော်ဆောင်မှု များတွင် ကန့်သတ်ချက်များ ရှိနေနိုင်ကြောင်း၊ NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ မျိုးဆက်သစ် အနာဂတ်ကလေးငယ်များ၏ လူမှုဘဝဖွံ့ဖြိုးရေး၊ ထာဝရငြိမ်းချမ်းရေးရရှိပြီး တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် ရေရှည်ကို ကြည့်ပြီး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်” ဟု ပြောဆိုထားကြောင်း  တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသား ထုတ်ပြန်ထားသည်။

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေးကော်မတီ FPNCC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNDAA၊ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ULA၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား) NDAA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP တို့ပါဝင်သည်။

အဆိုပါ အဖွဲ့များမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ပြီး အစိုးရ၊ တပ်မတော်တို့မှ ၎င်းတို့အား NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည့် အဖွဲ့များဖြစ် သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...