မြစ်ကြီးနားတွင် အစားထိုးမဲပေးမှုများရှိကြောင်း မဲဆန္ဒရှင်များ စွပ်စွဲ

မြစ်ကြီးနားတွင် အစားထိုးမဲပေးမှုများရှိကြောင်း မဲဆန္ဒရှင်များ စွပ်စွဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ငွေပျော်စံပြကျေးရွာတွင် ကြိုတင်မဲပေးခဲ့ခြင်းမရှိပဲ ကြိုတင်မဲပေးခဲ့ သည်ဟုဆိုကာ ယနေ့တွင် မဲပေးခွင့်ဆုံးရှုံးခဲ့ သူများစွာရှိခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

မဲပေးခွင့် ဆုံးရှုံးခဲ့သည်နှင့် ပတ်သက်၍ ရွာသား ကိုနော်ရိန် က “ကျနော်မဲထည့်ဖို့ ဝင်သွားတော့ ကျနော်အစားတစ်ယောက်တော့ မဲထည့်သွားတယ်၊ အဲ့လိုပြောတယ် သူတို့က ထည့်သွားပြီးပြီဆိုပြီး ပြောတယ်။ တကယ်ဆို ကျနော်က မဲမထည့်ရသေးဘူး။ ကျနော်က မိဘနာမည်နဲ့၊ မှတ်ပုံတင်နဲ့ နာ မည်အပြည့်အစုံနဲ့ ဝင်သွားတော့ လက်မှတ်က ဟိုမှာထိုးထားပြီးပြီ။ ဒါပေမယ့် ကျနော်မထိုးရ သေး ဘူး” ဟု ပြောသည်။

မြစ်ကြီးနားမြို့၊ ငွေပျော်စံပြကျေးရွာမှ မဲဆန္ဒရှင်အချို့သည် ၎င်းတို့၏ မဲများမှာ ကြိုတင်မဲ ထည့်ထား ပြီးသား ဖြစ်နေသည့်အတွက် မဲ မထည့်ခဲ့ရပဲ ပြန်လာခဲ့ရသည်ဟု ရွာသားများက ပြောသည်။

ဒေါ်ရွယ်တောင် “ဒါက မဲလိမ်တာ၊ ကလိမ်ကကျစ်လုပ်တာ။ မသမာမှုလုပ်တာ ဆိုတာကို လုံးဝ မကျေနပ်ဘူး။ ကျမဒီနေ့ မဲထည့်ချင်တယ်။ တစ်နေရာရာမှာ မဲထည့်ခိုင်းပါ၊ အဲ့ဒါဆိုရင် ကျေနပ်တယ်။ ကျမမထည့်သေးဘူး။ ထမင်းချက်နေတာလို့၊ မယုံရင် အားလုံးကို မေးကြည့်ပါလို့။ ဒီရွေးကောက်ပွဲ ဒီပုံစံဆိုရင် ဒါက မသမာမှုအရမ်းများတယ်။ ကျမက မမှားဘူးလို့၊ ခင်ဗျာတို့မှားတာလို့။ အခုက စာ ရွက်ပျောက်နေတာလို့ ခင်ဗျားတို့ကလုပ်စားတာ၊ မတရားတာလုပ်တာလို့၊ ကျမက ဖြစ်နိုင်ရင် မဲပေး ချင်တယ်။ ပေးခွင့်မရဘူးဆိုရင် ပယ်မဲလုပ်ပေးဖို့ ပြောချင်တယ်” ဟု ပြောသည်။

ငွေပျော်စံပြကျေးရွာမှ ရွာသားများ ယခုကဲ့သို့ မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့်အတွက် မကျေနပ်ကြောင်း၊ ဖြစ် နိုင်ပါက မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးစေချင်သည်ဟု မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့် ရွာသားများက ပြောသည်။

ဒေါ်ဝေါ်မီး က “ကျမက ခြေလည်းကောင်းတယ်။ လက်လည်းကောင်းတယ်။ အသက် ၆၀ လည်း မပြည့်သေးဘူး။ ကြိုတင်မဲထည့်ဖို့ အဆင့်လည်း မဟုတ်ဘူး။ သုံးနေရာမှာကတော့ မထည့်ထားဘူး။ တစ်နေရာမှာက ထည့်ထားတယ်လေ။ အဲ့လိုမျိုးလုပ်ထားတယ်။ ကျမက ကြိုတင်မဲလည်း မထည့်ရ သေးဘူး။ တောထဲရောက်နေတယ်။ နှမ်းရိတ်နေတယ်။ ဒီနေ့တောင်မှ ယောက်မဖုန်းအရမ်းဆက်လို့ ပြန်လာတာ။ ကျမက ဘာမှတော့ မပြောတတ်ဘူး။ ကျမ မထည့်ထားတဲ့အတွက် မထည့်ထားဘူးလို့ မထည့်ထားတဲ့အကြောင်း ပြောလိုက်တယ်” ဟု ပြောသည်။

ဒေါ်ဝေါ်မီးသည် မဲရုံတာဝန်ရှိသူများအား သူမ မဲပေးခွင့်မရသည့်ကိစ္စနှင့် ပတ်သက်၍ ထပ်မံတောင်းဆို ခဲ့ရာ မဲပေးခွင့်ပြန်လည်ရရှိခဲ့သော်လည်း သူမ၏ နာမည်နှင့် မဲနှစ်မဲဖြစ်နေကြောင်း၊ သူမ မပေးချင် သည့် ကိုယ်စားလှယ် တစ်ဦးဦးကို မဲပေးခဲ့ခြင်းများဖြစ်နိုင်သည်ဟု ပြောသည်။

“ကျမက အဲ့လိုပြောလိုက်တဲ့အတွက် သူတို့က ပြန်ခေါ်ပြီး မဲပြန်ပေးခိုင်းတယ်။ မဲပေးခွင့်ရတယ်။ ဒါပေ မယ့် ကျမရဲ့ နာမည်နဲ့ မဲက နှစ်မဲဖြစ်သွားမှာလေ။ ညီမနာမည်နဲ့ မဲနှစ်မဲဖြစ်သွားမှာပေါ့နော်။ ကိုယ့် မထည့်ထားပဲနဲ့ ထည့်ထားတယ်ဆိုတဲ့ဟာလေ။ သူတို့ထည့်ထားတာက တစ်ယောက် ကိုယ်ထည့်ချင် တာက တစ်ယောက် ဖြစ်သွားနိုင်တယ်။ ကျမက လီဆူဖြစ်တဲ့အတွက် လီဆူကို ထည့်ချင်တယ်။ သူတို့ က ကြိုတင်မဲထည့်ထားတယ်ဆိုတော့ ဘာကို ထည့်သွားမှန်းမသိဘူးလေ။ သူတို့က လီဆူမို့လို့ မထည့်စေချင်တာလား၊ လီဆူတွေရသွားမှာကို မလိုချင်တာလား အဲ့လိုမျိုးတွေးမိတာပေါ့။”

ထိုကဲ့သို့ အလွှဲအမှားများကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့ရသူများရှိနေသကဲ့သို့ ငွေပျော်စံပြကျေးရွာမှ ရွာသားအချို့မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက်လည်း မဲပေးခွင့်မရသည့်သူများလည်း ရှိနေသည်။

ငွေပျော်စံပြကျေးရွာမှ ရွာသားများသည် စစ်ဘေးရှောင်ပြည်သူများဖြစ်ကြပြီး အစိုးရ၏ ပြန်လည်နေရာ ချထားရေးအစီအစဉ်ဖြင့် ရွာသစ်တည်ထားသည့် ကျေးရွာဖြစ်သည်။

မြစ်ကြီးနားမြို့နယ်အတွင်း မဲရုံပေါင်း ၁၄၀ ရှိပြီး၊ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း ၂၃၈၅၇၆ ဦး ရှိသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...