မွန်ပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၈ ထောင်ကျော် မဲပေးရန် လျောက်ထား

မွန်ပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၈ ထောင်ကျော် မဲပေးရန် လျောက်ထား

မွန်ပြည်နယ်တွင် ရောက်ရှိနေသည့် ရွှေ့ပြောင်းနေထိုင်သူ ၈၃၀၀ ကျော် မဲပေးရန် လျောက်ထားခဲ့သည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ တာဝန်ရှိသူ က ပြောသည်။

အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူများသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေသည့် မဲဆန္ဒနယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို မဲပေးရန် လျှောက်ထားနိုင်သည်။

“သထုံခရိုင် ၄ မြို့နယ်ပေါ့၊ ဒီ သထုံ ကျိုက်ထို ဘီးလင်း ပေါင် ၄ မြို့နယ်မှာ အနည်းဆုံး ရက်ပေါင်း ၉၀ ထက် မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေ ပုံစံ (၃-က) နဲ့ လျှောက်ထားတာ ၄ မြို့နယ်ပေါင်းချုပ်က ၁၅၀၀ ကျော်ရှိတယ်” ဟု သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။

ထို့အပြင် မော်လမြိုင်ခရိုင်အတွင်းရှိ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး ၆ မြို့နယ်တို့တွင် လျှောက်ထားသူ စုစုပေါင်း ၆၈၀၀ ကျော်ရှိသည်ဟု မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးထင်ကျော် က ပြောသည်။

ရွှေ့ပြောင်းရောက်ရှိနေသူများ မဲပေးနိုင်ရန် စက်တင်ဘာ ၁၇ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်အဖွဲ့ ခွဲရုံးများ တွင် လျှောက်ထားနိုင်သည်။

ရပ်ကျေး ကော်မရှင်အဖွဲ့ ဝင် တစ်ဦးဖြစ်သည့် ဦးမြင့်ဆွေ က “တခြားဒေသ အစုံကနေပြီးတော့မှ ဒီမှာ အလုပ် လာလုပ်ကြတဲ့ ရွှေ့ ပြောင်းလုပ်သားတွေပေါ့။ COVID ကြောင့် သူတို့နေရပ်ပြီးတော့ မဲပေးဖို့ မဖြစ်နိုင်ကြလို့ ဒီမှာပဲ မဲပေးဖို့ လျှောက်ကြတယ်” ဟု ပြောသည်။

ပုံစံ (၃-က) ဖြင့် လျှောက်ထားသူတို့၏ မဲစာရင်းကို ရွေးကောက်ပွဲ မကျင်းပမှီ တစ်ပတ်အလိုတွင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ရုံး တို့တွင် ကပ်ထား ကြေညာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်သက်သေခံ လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ၏ နောက်ဆုံးပြုစုထားသည့်စာရင်းများအရ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူ ၁၈ သိန်း ၄ သောင်း ကျော် ရှိသည်။

Most read this week

August 19, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်၊ NUG အမှတ် (၁) စစ်ဒေသ ထိန်းချုပ်ထားသည့်...
August 19, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) ထံ စစ်မှုထမ်းရန် လာရောက်...
August 19, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့သည်မှာ ၃ ပတ်နီးပါး...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 18, 2026
မကွေးတိုင်းအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်နေသည့်အပြင်...