တပ်မတော်ယာဉ်မိုင်းဆွဲခံရမှုတွင် ကျောက်ဖြူမြို့နယ်မှဒေသခံနှစ်ဦး သံသယဖြင့်ဖမ်းဆီးခံထားရ

တပ်မတော်ယာဉ်မိုင်းဆွဲခံရမှုတွင် ကျောက်ဖြူမြို့နယ်မှဒေသခံနှစ်ဦး သံသယဖြင့်ဖမ်းဆီးခံထားရ

အောင်ကောင်းဇော် — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စနဲမြို့နှင့် အဝတောင်ကျေးရွာအကြားတွင် တပ်မတော်မော်တော်ယာဉ် တစ်စီး မိုင်းဆွဲခံရပြီးနောက် မသင်္ကာသူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် တပ်မတော်မော်တော်ယာဉ်ကို ရေနံသူတံတားအနီးတွင် AA က ရီမုမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့သည်ဟု တပ်မတော်က အောက်တိုဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် တံတားအနီးသို့ရောက်ရှိလာသည့် မသင်္ကာဖွယ်လူနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါမိုင်းပေါက်ကွဲမှုတွင် သံသယဖြင့်ဖမ်းဆီးခံထားရသူနှစ်ဦးမှာ ကျောက်ဖြုမြို့နယ် စံပယ်ချောင်ကျေးရွာမှ ကိုအောင်မျိုးလွင်(ခ)ညီညီ (၂၀)နှစ်နှင့် ဒွေးချေကျေးရွာမှ မောင်မိုးပျံ(ခ)မောင်မောင်ချေ (၃၁)နှစ်တို့ ဖြစ်ကြသည်။

ဖမ်းဆီးခံထားရသူ ကိုအောင်မျိုးလွင်မှာ မိုင်းပေါက်ကွဲမှုနှင့်တစ်စုံတစ်ရာ ပတ်သက်မှုမရှိသဖြင့် ပြန်လွှတ်ပေးရန် မိခင်ဖြစ်သူ ဒေါ်မအောင်မြင့်က တောင်းဆိုသည်။

“ကျမသားက အဲဒီနေ့က သူငယ်ချင်းတွေနဲ့သောက်စားဖို့ ရွာကနေ စနဲကိုအရက်ဝယ်ဖို့သွားတာပါ။ အဲဒီအချိန်မှာ သူ့ကို(တပ်မတော်)က ဖမ်းထားတယ်လို့သိရတယ်။ ဖမ်းဆီးခံရတာက အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီ လောက်မှာလို့သိရတယ်။ သူနဲ့လည်းတွေ့ခွင့်မရဘူး၊ ဘယ်မှာရှိတယ်ဆိုတာကိုလဲမသိဘူး” ဟု ဒေါ်မအောင်မြင့်က ပြောသည်။

တပ်မတော်မော်တော်ယာဉ် မိုင်းဆွဲခံရမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် တပ်မတော်သားနှစ်ဦး သေဆုံးကာ ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ယင်းသို့ တပ်မတော်သားများ ထိခိုက်သေဆုံးမှုအရေအတွက်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ရာတွင် ဖော်ပြထားခြင်းမရှိပေ။

သံသယဖြင့် ဖမ်းဆီးထားသူနှစ်ဦးကို လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ရန်အတွက် ကျောက်ဖြူမြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူနှစ်ဦး ကျောက်ဖြူမြို့မရဲစခန်းသို့ ရောက်ရှိလာခြင်း ရှိ၊ မရှိကိုသိလို၍ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျောက်ဖြူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ဇောကို DMG က ဆက်သွယ်မေးမြန်းခဲ့ရာ ရောက်ရှိလာခြင်းမရှိသေးဟု ပြောဆိုသည်။

မိသားစုဝင်များမှာလည်း ၎င်းတို့နှစ်ဦးကို တပ်မတော်သားများမှဖမ်းဆီးသွားကြောင်းကို ကြားသိရသော်လည်း ယနေ့အထိ တစ်စုံတစ်ရာ သတင်းမကြားသိရသေးကြောင်း ပြောသည်။

AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားသဖြင့် တပ်မတော်မော်တော်ယာဉ်အား AA က ရီမုမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု တပ်မတော်၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AA ကို DMG က ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပေ။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...