နမ္မတူတွင် ၂ ရက်ဆက်တိုက် လူသေအလောင်းများတွေ့

နမ္မတူတွင် ၂ ရက်ဆက်တိုက် လူသေအလောင်းများတွေ့

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုအတွင်း ၂ ရက်ဆက်တိုက်သေဆုံးသူများ၏အလောင်းများတွေ့ရှိရကြောင်းစုံစမ်းသိရသည်။

အောက်တိုဘာ ၂၁ရက်နေ့လည်ပိုင်းက ကျောက်မဲမြို့နယ် ပန်လုံကျေးရွာရှိနေအိမ်တလုံးတွင် ပုပ်ပွနေသည့် အလောင်း (၂)လောင်းတွေ့ရပြီး၊ အောက်တိုဘာ ၂၀ ရက်တွင်လည်း ပန်လုံကျေးရွာအနီး ပြောင်းဖူးခင်းထဲတွင် ပုပ်ပွနေသည့် အလောင်းတလောင်းတွေ့ရှိခဲ့ရကြောင်း နမ္မတူမြို့ မေတ္တာရှင်လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးချစ်မွှေး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ပြောင်းခင်းမှာတွေ့တဲ့အလောင်းကိုတော့ လားရှိုးပြည်သူ့ဆေးရုံကို ကျနော်တို့လွှဲပေးလိုက်တယ်။ မနေ့ကတွေ့တဲ့ အလောင်းကိုတော့ နမ္မတူဆေးရုံကိုလွှဲလိုက်ပြီး မနေ့ကပဲ သဂြိုဟ်လိုက်တယ်။ အပြင်ဒဏ်ရာဒဏ်ချက်တော့မတွေ့ရဘူး။ အလောင်းက ပုပ်ပွနေပြီ” ဟု ဦးချစ်မွှေး က ဆိုသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာ အတွင်း ၂ရက်ဆက်တိုက် ပုပ်ပွနေသည့် ရုပ်အလောင်းသည် မည်သည့် အဖွဲ့၊ မည်သူလက်ချက် ဆိုသည်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

“ အခုတလော နမ္မတူမြို့မှာ ဒီလိုဖြစ်တော့ စိတ်မကောင်းဘူး။ သိပ်မကြာသေးခင်ကလည်း ဆယ်ကျော်သက် အမျိုးသမီး မီးရှို့ခံရတယ်။ အခုကျနော်ပုပ်ပွနေတဲ့အလောင်းတွေ့တယ်။ ဒါတွေက တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီဆိုတာ ပြတာပဲ” ဟု နမ္မတူမြို့တွင်နေထိုင်သည့် အသက် ၃၅နှစ်အရွယ် အမျိုးသားတဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမတလျှောက်ရှိ မြို့နယ်များတွင် လက်နက်ကိုင်တပ်ဖွဲ့အများအပြားလည်းလှုပ်ရှားနေထိုင်သည့်နေရာဖြစ်ရာ တိုက်ပွဲ မကြာခဏဖြစ်ပွါးသကဲ့သို့ လက်သည်မပေါ်သည့် သတ်ဖြတ်မှုများလည်းမကြာခဏဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်ရပ်များသည် တရားဥပဒေစိုးမိုးမှုမရှိသဖြင့်ထိုသို့ဖြစ်ပွါးရခြင်းဖြစ်ကြောင်း ထို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုကြပါသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...