သျှမ်းပြည်အစိုးရ ကျောက်မဲ စစ်ရှောင် ၁၇၀၀ ကျော်ထောက်ပံ့ဟုဆို

သျှမ်းပြည်အစိုးရ ကျောက်မဲ စစ်ရှောင် ၁၇၀၀ ကျော်ထောက်ပံ့ဟုဆို

Hseng Leng — သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ၁၇၀၀ ကျော်ကို သျှမ်းပြည်အစိုးရမှ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းစာရှင်းလင်းမှုတရပ်ပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်နေ့ကစပြီး အစိုးရတပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားဖြစ်ပွါးသော တိုက်ပွဲကြောင့် နေရပ်မှစွန့်ခွါထွက်ပြေးရသည့်ကျောက်မဲဒေသခံလူထု ၄၀၀၀ ကျော်ရှိကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ကွင်းဆင်းကောက်ယူသည့်စာရင်းများအရသိရသည်။

“ကျနော်တို့ သျှမ်းပြည်အစိုးရအနေနဲ့ တိုက်ပွဲရှောင်ပြည်သူတွေ အိမ်ထောင်စု (၅၀၀) လူဦးရေ (၁၇၀၀) ကျော်ကို ထောက်ပံ့ပေးခဲ့တယ်” ဟု သျှမ်းပြည် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်က ပြောသည်။

စစ်ဘေးရှောင်ပြည်သူများကို ၇ ရက်တစ်ကြိမ်ထောက်ပံ့မှု ပေးခဲ့ကြောင်း၊ စုစုပေါင်းကျပ်ငွေ ၅၇ သိန်းကျော် တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ၊ ငါးသေတ္တာ စသည့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း ဦးစိုးညွန့်လွင်က ပြောသည်။

“ကျနော်တို့က ၁ လစာဆိုပြီး ထောက်ပံ့ကူညီပေးလို့မရဘူး။ ဘာလို့လဲဆိုတော့ စစ်ရှောင်တစ်ချို့တွေက အိမ်ပြန် သွားတာတွေရှိတယ်။ ကျနော်တို့လည်း စာရင်းကောက်ရတာ ခက်တယ်” ဟု ဦးစိုးညွန့်လွင် ကပြောသည်။

လက်ရှိမှာ တိုက်ပွဲများ ငြိမ်နေသဖြင့် ကျောက်မဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များမိမိနေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် ပုံဝိုးအုပ်စု ဘုန်းကြီးကျောင်းမှ စစ်ရှောင်ကူညီရေးအဖွဲ့မှ နန်းစမ်လျန်းက- “အစိုးရကူညီလာတာက ၁၈ ရက်နေ့။ ဒါပေမယ့် ပုံဝိုးဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ရှောင် ၇၀၀ ကျော်က ၁၆-၁၇ ရက်နေ့ကတည်းက ရွာကို အသီးသီး ပြန်သွားကြပြီ။ နောက်ပြီး ပစ္စည်းတွေက ကျမတို့ နောင်ပိန်ကို သွားယူရတယ်။ စစ်ရှောင်တွေကများတော့ လာပြီးဝေငှရင်တယောက်နဲနဲစီ ရကြတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တဖက်တွင်လည်း တိုက်ပွဲကြောင့် စစ်ဘေးရှောင် နေအိမ်များလက်နက်ကြီးထိမှန်ထားခြင်း၊ အစိုးရတပ်မတော်မှ တပ်သားများ နေအိမ်အတွင်းသို့ ဝင်ရောက်မွှေနှောက်ထားခြင်း နှင့် အရပ်သားနေအိမ်ခြံဝင်းထဲတွင် လက်နက်ကြီးများ၊ ကျည်ဆံခွံများစွာ ရှိနေကြောင်းလည်း နမ့်မဟင်ကျေးရွာ မှ ဒေသခံများ ပြောပြချက် အရသိရသည်။

ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အိုးအိမ်များ၊ လက်နက်ထိမှန်ခဲ့သည့် အရပ်သားများ နှင့် ပတ်သက်ပြီး (အောက်တိုဘာ ၁၉ ) ရက်တွင် ပြုလုပ်သည့် သျှမ်းပြည် အစိုးရ အဖွဲ့ ၄ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် သျှမ်းပြည်နယ်အစိုးရ အဖွဲ့မှ တစုံတရာ ထည့်သွင်းပြောဆိုသွားခြင်းမရှိခဲ့ပေ။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...