ကော့သောင်းခရိုင်အနီး ပင်လယ်ပြင်တွင် ငါးဖမ်းလှေ ၁ စီး နစ်မြုပ်ပြီး ရေလုပ်သား ၂ ဦး ပျောက်ဆုံးနေ

ကော့သောင်းခရိုင်အနီး ပင်လယ်ပြင်တွင် ငါးဖမ်းလှေ ၁ စီး နစ်မြုပ်ပြီး ရေလုပ်သား ၂ ဦး ပျောက်ဆုံးနေ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ လငန်းကျွန်းနှင့် ပုလဲကျွန်းအကြား ပင်လယ်ပြင်တွင် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းက ကမ်းဝေး ဝါတန်း ငါးဖမ်းလှေ တစ်စီး နစ်မြုပ်ရာ ရေလုပ်သား နှစ်ဦး ပျောက်ဆုံးနေကြောင်း ကော့သောင်း ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ နစ်မြုပ်ခဲ့သည့် ကမ်းဝေး ဝါတန်း ငါးဖမ်းလှေပေါ်တွင် ပဲ့နင်းနှင့် ရေလုပ်သား  စုစုပေါင်း ၄၀ ဦး ပါရှိခြင်း ဖြစ်သည်။

“ငါးဖမ်းလှေ နစ်မြုပ်တာက လှိုင်းလေ ကြီးလို့ ဖြစ်တာပါ၊ ရေလုပ်သား ၄၀ ဦး အနက်  နှစ်ဦးက အခင်းဖြစ်တဲ့ အချိန်မှာ ပျောက်ဆုံး သွားတယ်”ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးသန့်ဇင်က ပြော သည်။

အဆိုပါ ငါးဖမ်းလှေမှာ အောင်မင်္ဂလာ -၅ အမည်ရှိ ငါးဖမ်းလှေ ဖြစ်ပြီး ၎င်းလှေ နစ်မြုပ်ချိန်တွင် စစ်ရေယာဉ်- 566 နှင့် နီးစပ်ရာ ငါးဖမ်းလှေများမှ ကူညီ ကယ်ဆယ် ပေးခဲ့ခြင်း ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးသန့်ဇင်က ဆို သည်။

လက်ရှိ ငါးဖမ်းလှေ နစ်မြုပ်မှု ဖြစ်စဉ်တွင် ပျောက်ဆုံးနေသူ ရေလုပ်သား နှစ်ဦးမှာ ဦးမောင်သန်း ကမ်းအရှေ့ရွာ သရက်ချောင်းမြို့နယ်နှင့် ဦးအောင်လွင်ငြိမ်း ပိန်းတောရွာ သရက်ချောင်းမြို့နယ် ထားဝယ် ခရိုင်တို့တွင် နေထိုင်သူများ ဖြစ်သည်။

အဆိုပါ ကမ်းဝေး ဝါတန်း ငါးဖမ်းလှေ နစ်မြုပ်မှု ဖြစ်စဉ်၌ ပါဝင်ခဲ့သည့် ရေလုပ်သား ၃၈ ဦးမှာ အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် ကော့သောင်းမြို့သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကာ   နှစ်ဦးမှာ ထိခိုက် ဒဏ်ရာ အနည်းငယ် ရရှိထားပြီး၊ ကျန်သူများ အားလုံး ကျန်းမာရေး ကောင်းမွန် နေကြောင်း ဦးသန့်ဇင်က ပြောသည်။

မြန်မာ့ ပင်လယ်ပြင်သို့ ထွက်ရှိနေသည့် ကမ်းဝေး ငါးဖမ်းလှေများမှာ ဝါလပ်နှင့် ဝါတန်း ဟူ၍ နှစ်မျိုး သတ်မှတ်ထားပြီး ယခင်က ဝါလပ်လှေများကို ပင်လယ်ပြင်တွင် လုပ်ကိုင်ခွင့် ရက်၉၀ နှင့် ဝါတန်းလှေများအား လုပ်ကိုင် ခွင့် ရက် ၁၈၀ သတ်မှတ်ပေးခဲ့သော်လည်း လက်ရှိတွင် ၎င်းလှေအမျိုးအစားများကို ပင်လယ်ပြင် လုပ်ကိုင်ခွင့် ရက် ၆၀ သာ လုပ်ကိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ပေးထားသည်။

ဖော်ပြပါ ငါးဖမ်းလှေအမျိုးအစားတွင် ကမ်းဝေး ဝါလပ် ငါးဖမ်းလှေများ၌ ရေလုပ်သား ၁၈ ဦး ၊ ကမ်းဝေး ဝါတန်း ငါးဖမ်းလှေများ၌ ရေလုပ်သား ၄၀ ဦး ပါဝင်လုပ်ကိုင်ခွင့်ပြုထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...