ရခိုင်တွင် လူဦးရေ ၁၂ သိန်းကျော် မဲပေးခွင့်ဆုံးရှုံး

ရခိုင်တွင် လူဦးရေ ၁၂ သိန်းကျော် မဲပေးခွင့်ဆုံးရှုံး

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်(၉)မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့်အတွက် ဆန္ဒမဲပေးခွင့်ဆုံးရှုံးသူ ၁၂ သိန်းကျော်အထိရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ရခိုင်ပြည်နယ်မှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့တွင်လည်းကောင်း၊ အခြား မြို့နယ် ၄ ခုရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအချို့တွင်လည်းကောင်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း အောက်တိုဘာ ၁၆ ရက်က ကြေညာထားသည်။

အဆိုပါ မဲဆန္ဒနယ်များတွင်နေထိုင်သည့် မဲဆန္ဒရှင် ၁၂ သိန်းကျော်မှာ မဲပေးခွင့်မရတော့ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က DMG သို့ ပြောသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဆန္ဒမဲပေးခွင့်ရှိသူ ဆယ့်ခြောက်သိန်း လေးသောင်းကျော်ရှိသည့်အနက် ၁၂ သိန်းကျော်မှာ မဲပေးခွင့်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရခိုင်ပြည်နယ်မှ မြို့နယ်အများအပြားတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရှင်းရှင်းလင်းလင်းထုတ်ပြန်သင့်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဆန်းနိုင်က ဆိုသည်။

“ကျွန်တော်တို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကနေပြီးတော့ အဓိက UEC ကိုပြောချင်တာက ဘာကြောင့် ဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲမလုပ်ရဘူးလဲဆိုတဲ့ ရှင်းလင်းချက်ကို သိချင်တယ်။ တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာလည်း ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတာကို UEC အနေနဲ့ ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်စေချင်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ စီမံကိန်းနှင့် ညှိနှိုင်းရေးမှူး ဦးအောင်နိုင်က “ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ အခုလို ရွေးကောက်ပွဲမကျင်းပနိုင်တဲ့အတွက် မြောက်ပိုင်းကမြို့နယ်တွေမှာ လူအခွင့်အရေးချိုးဖောက်မှုတွေ ပိုပြီးတော့များလာမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ယခင်ကတည်းက ပြည်သူလူထုတွေ လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေတယ်၊ ဒီအသံတွေကို လွှတ်တော်ထဲမှာ ကိုယ်စားလှယ်လောင်းတွေက ပြောနိုင်တယ်။ အခုက ရွေးကောက်ပွဲမလုပ်ဘူးဆိုတော့ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွား နိုင်တယ်” ဟု ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် ရွေးကောက်ပွဲမကျင်းပနိုင်သော မြို့နယ်များ စာရင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့နယ်အချို့ပါဝင်နေခြင်းကြောင့် နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ကော်မရှင်၏ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုများရှိနေကြသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...