“သာမန်လူပြိန်းအမြင်ကတော့ တိုက်ပွဲဖြစ်တယ်၊ မဖြစ်ဘူးပဲ သိတာပါ”

“သာမန်လူပြိန်းအမြင်ကတော့ တိုက်ပွဲဖြစ်တယ်၊ မဖြစ်ဘူးပဲ သိတာပါ”

ရခိုင်ပြည်နယ်အတွင်းတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၉ ခုရှိပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်(၉)ခုမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ ဖြစ်သည်။ ထို့အပြင် ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တို့မှာလည်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များပါဝင်သည်ဟု UEC က ထုတ်ပြန်ထားသည်။

ယခုလို ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များ ရခိုင်ပြည်နယ်အတွင်း အများအပြားပါဝင်နေတာကို ဝေဖန်မှုများရှိနေသည့်အပေါ် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို DMG က ဆက်သွယ်မေးမြန်းထားပါသည်။

DMG – ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများအပြားမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ UEC က ထုတ်ပြန်ခဲ့တဲ့အပေါ် အခုလိုချန်လှပ်ခဲ့တဲ့နေရာတွေဟာ NLD အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခြေမရှိတာကြောင့်လို့ ဝေဖန်မှုတွေရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုတုန့်ပြန်ပြောကြားလိုပါသလဲ။

Dr.MN - ကျနော်တို့ပါတီက ရွေးကောက်ပွဲကော်မရှင်ရဲ့ လုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိတဲ့ မြို့နယ်တွေကို သတ်မှတ်တာမှာ တစ်စုံတစ်ရာပါဝင်ခြင်း မရှိပါဘူး။ ဒီနေရာမှာ သတိထားရမှာက လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာဟာ ဘာသာရေးကိုအစွဲပြုပြီးတော့ လက်နက်ကိုင်နေတဲ့အုပ်စုတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ လုံခြုံရေးအရ စိတ်မချရဘူးဖြစ်ရတာ။

အဲဒီနယ်မြေတွေမှာ လူမျိုးရေးကိုအခြေခံပြီးတော့ လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီတွေဟာ ပိုပြီးတော့ အားသာတယ်ဆိုတာလည်း မှန်ပါတယ်။ အဲဒီတော့ လူမျိုးရေးကိုအခြေခံတဲ့ လက်နက်ကိုင်လှုပ်ရှားမှုကြောင့် အခုလို လုံခြုံရေးစိတ်မချရလို့ မကျင်းပခြင်းသာဖြစ်ပါတယ်။ ဒီနိုင်ငံရေးပါတီတွေ အဲဒီနေရာတွေမှာ အခြေအနေကောင်းတယ်ဆိုတာလည်း လူမျိုးရေးကိုအခြေခံပြီး လှုပ်ရှားတာကြောင့် သူတို့ အဲဒီမှာ အားကောင်းတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒါဟာ အခြေခံအကြောင်းတရားချင်း တူညီနေလို့ပဲဖြစ်ပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကျနော်တို့အနိုင်ရရှိရေးအတွက် ရွေးကောက်ပွဲမဲဆန္ဒနယ် သတ်မှတ်မှုမှာ တစ်စုံတရာဝင်ရောက်ပါဝင်ခြင်း မရှိပါဘူးလို ဖြေရှင်းချင်တာရှိတယ်။

DMG - တိုက်ပွဲတွေရှိတဲ့ ပလက်ဝလိုနေရာမျိုးမှာ ရွေးကောက်ပွဲချပြီးတော့ ရခိုင်က ပေါက်တောမြို့နယ်လို တိုက်ပွဲလုံးဝမရှိတဲ့နေရာမှာ ရွေးကောက်ပွဲမပြုလုပ်တဲ့အပေါ်မှာလည်း မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။ ဒီအပေါ်မှာရော ဘာများပြောလိုပါသလဲ။

Dr.MN - ဒါကတော့ လုံခြုံရေးအစီရင်ခံစာတွေမှာ ဘယ်လိုရေးထားလဲဆိုတာကို ကျနော်တို့ကြည့်ရမယ်။ ဒါတွေက အုပ်ချုပ်ရေးပိုင်းက စဉ်းစားရတယ်ခင်ဗျ။ ကျေးရွာအုပ်စုဘယ်နှစ်ခုမှာ လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်ဘူး၊ ဘယ်နှစ်ခုမှာတော့ကျင်းပနိုင်တယ်။ မဲဆန္ဒရှင်ဘယ်နှစ်ဦးတော့ မဲပေးနိုင်တယ်။ ဘယ်နှစ်ဦးတော့ မဲမပေးနိုင်ဘူး။ ဒီအချက်တွေပေါ်မှာမူတည်ပြီးတော့ စဉ်းစားရတာဖြစ်ပါတယ်ခင်ဗျာ။ ဆိုတော့ သာမန်လူပြိန်းအမြင်ကတော့ တိုက်ပွဲ ဖြစ်တယ်၊ မဖြစ်ဘူးပဲ သိတာပါ။ အခုနားကလို အခြေခံအချက်တွေပေါ်မှာ မူတည်ပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက စဉ်းစားဆုံးဖြတ်ခဲ့တယ်လို့ပဲ ကျနော်တို့ကတော့ သိပါတယ်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...