ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲကြောင့် နေအိမ်(၇၀)ကျော်ပျက်စီးသွားခဲ့ကြောင်း ကျေးရွာသားများပြော

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲကြောင့် နေအိမ်(၇၀)ကျော်ပျက်စီးသွားခဲ့ကြောင်း ကျေးရွာသားများပြော

နှင်းနွယ် - တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် အောင်သာစည်ကျေးရွာတွင် နေအိမ်(၇၀)ကျော် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကျေးရွာသားများထံမှသိရသည်။

ယင်းကျေးရွာတွင် အိမ်ခြေ (၉၆)ဆောင်ရှိသည့်အနက် အိမ်ခြေ (၇၀)ကျော်ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာသို့ သွားရောက်ကြည့်ရှုခဲ့သူက ပြောသည်။

မီးလောင်သွားသည့်နေအိမ်များထဲတွင် ကာလတန်ဖိုးကျပ်သိန်း(၁၁၀)ကျော်တန်ဖိုးရှိသည့် ပျဉ်ထောင်အိမ် (၅၀)လုံးနှင့် သိန်း(၂၀)နီးပါးတန်ဖိုးရှိသည့် ဝါးအိမ်(၂၀)လုံးပျက်စီးသွားကြောင်း အောင်သာစည်ကျေးရွာမှ ဦးမောင်သာထွန်းက DMG သို့ ပြောသည်။

“ကျနော်တို့သွားကြည့်တဲ့အခါ တရွာလုံးနီးပါး ပျက်စီးကုန်ပြီ။ ရွာထဲမှာအပင်တောင်တပင်မှ မရှိတော့ဘူး။ အကုန်လုံး လက်နက်ကြီးတွေကျပြီးပျက်စီးကုန်ပြီ။ ကျနော့်မှာဆိုရင် အိမ်နဲ့အတွင်းပစ္စည်း အကုန်လုံးပေါင်းမယ် ဆိုရင် သိန်း ၁၃၀ ကျော်ဖိုးလောက်ပါသွားတာ။ ဘာဆိုဘာမှမရလိုက်ဘူး။ တစ်ခြားသူတွေမှာလည်းအဲဒီလိုပဲ” ဟု ၎င်းကပြောသည်။

ထို့အတူ နေအိမ်ပျက်စီးသွားသည့် ဦးကျော်သာစိန်ကလည်း ၎င်းတွင်နေအိမ်ပျက်စီးသွားရုံသာမက မိသားစု စားသုံးရန်အတွက်ထားရှိသည့် စပါးများလည်း မီးထဲပါသွားကြောင်းပြောဆိုသည်။

“ဒေသမတည်ငြိမ်လို့ စပါးမစိုက်လိုက်ရတဲ့ကြားထဲ ရှိတဲ့စပါးတွေကိုပါမယူလိုက်ရဘဲ မီးထဲပါသွားတော့ ကျနော်တို့အတွက် အရမ်းအခက်အခဲဖြစ်နေပြီ။ ပျက်စီးသွားတဲ့အိုးအိမ်တွေ ပြန်လည်ထူထောင်ဖို့ ထောက်ပံ့ ပေးမယ်ဆိုရင်တော့ ကျနော်တို့အတွက်ဝမ်းသာစရာပေါ့။ တကယ်လို့မပေးဘူးဆိုရင်လည်း ကျနော်တို့ဘာမှ မတတ်နိုင်တော့ဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ကျေးရွာ၌အသစ်ဆောက်လုပ်ထားဆဲဖြစ်သော သိန်သုံးထောင်ကျော်တန်ဖိုးရှိသည့် ဘုန်းကြီးကျောင်းအပြင် သိန်းနှစ်ရာကျော်တန်ဖိုးရှိသည့် စာသင်ကျောင်းတစ်ကျောင်းပါ မီးလောင်ပျက်စီး သွားကြောင်းလည်း သူကဆက်ပြောသည်။

အဆိုပါကျေးရွာမှ ဒေသခံများမှာ ကျေးရွာအနီး စစ်ရေးလှုပ်ရှားမှုများကြောင့် ပြီးခဲ့သည့် မေလအတွင်းကပင် နီးစပ်ရာကျေးရွာများသို့တိမ်းရှောင်နေရပြီး ယခုကဲ့သို့ နေအိမ်များပျက်စီးသွားသည့်အတွက် မိမိရပ်ရွာသို့ ပြန်နိုင်မည့်အခြေအနေမရှိတော့ကြောင်းလည်း ရွာသားများကပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ်ပြန်ချက်တွင် အောင်သာစည် ကျေးရွာအနီး တပ်မတော်နှင့်အေအေတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အေအေတပ်ဖွဲ့များဝင်များက ၎င်းတို့ ဆုတ်ခွာရာလမ်းတစ်လျှောက်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း စွပ်စွဲထားသည်။

ရက္ခိုင့်တပ်တော်(AA)ကလည်း အောင်သာစည်ကျေးရွာအနီးရှိ မိမိတို့စခန်းငယ်အား မြန်မာ့တပ်မတော်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လေးကြိမ်တိုင်ပစ်ခတ်ခဲ့ပြီး ရေတပ်စစ်သင်္ဘောများ၊ ဘူးသီးတောင်ဗျူဟာမှ (MLRS)အတွဲလိုက်ဒုံးကျည်များ၊ ရေဇိုးချောင်းဗျူဟာမှ လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ၎င်းကျေးရွာမှနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တိုက်ပွဲနှင့်ပတ်သက်သည့် ဆုံးရှုံးနစ်နာမှုများကို ရခိုင်အမျိုးသားပါတီအနေဖြင့် အစီရင်ခံစာများဖြင့် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လူအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံသို့ တင်ပြထားသော်လည်း တစ်စုံတရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိဟုဆိုသည်။

“ကျောက်တော်ဖက်မှာ ရွာတွေမီးလောင်တုန်းကလည်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြ ထားတာရှိတယ်။ ကျမတို့ဖက်ကလည်းတင်ပြထားတာရှိတယ်။ ဒါတွေကို ကျမတို့ဘက်က အဖွဲ့အစည်းတခုခု ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့လို့တယ်။ ကျမတို့ဘက်ကလည်း ဒါတွေအတွက်တောင်းဆိုထားတယ်။ ဒါပေမယ့် အကောင်အထည်ဖော်ပေးမယ့်သူက မဖော်ပေးဘူး” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဒေသမတည်ငြိမ်မှုများကြောင့် အောင်သာစည်ကျေးရွာသို့ သွားရောက်ရန်အဆင်မပြေသော်လည်း ၎င်းဒေသခံများဘက်က တင်ပြလာပါက အတတ်နိုင်ဆုံးလိုအပ်ချက်များကို ဖြည့်ဆည်းလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ယခုနှစ် မေလ ၄ ရက်နေ့ကလည်း မီးရှို့ခံရမှုကြောင့် င/တောက်တူချေကျေးရွာမှ နေအိမ်(၆)လုံးနှင့် င/တောက်တူ(ရွာသစ်)မှ နေအိမ်(၂)လုံးမီးလောင်ပျက်စီးသွားခဲ့သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...