ရခိုင်ပြည်နယ်အတွင်းရှိ NLD ပါတီ ကိုယ်စားလှယ်လောင်းအချို့ လုံခြုံရေးစိုးရိမ်နေ

ရခိုင်ပြည်နယ်အတွင်းရှိ NLD ပါတီ ကိုယ်စားလှယ်လောင်းအချို့ လုံခြုံရေးစိုးရိမ်နေ

အောင်ကောင်းဇော် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးအား လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရခိုင်ပြည်နယ်အတွင်းမှ NLD ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့၏ မဲဆွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးကို စိုးရိမ်နေရကြောင်း ယင်းပါတီမှ ကိုယ်စားလှယ်လောင်းများက ပြောဆိုသည်။

ကိုယ်စားလှယ်လောင်းများမှာ ကျေးရွာများသို့ သွားရောက်ကာ မဲဆွယ်စည်းရုံးရေး လုပ်ကိုင်လိုသော်လည်း လုံခြုံရေးပိုင်းဆိုင်ရာကို စိုးရိမ်နေရကြောင်း NLD ပါတီ၏ ကျောက်ဖြုမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျက ပြောသည်။

“ကျနော်တို့ ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ အခု လုံခြုံရေးပိုင်းစိုးရိမ်မှုမှာ ထိပ်ဆုံးကိုရောက်နေတာပေါ့။ သွားရင်တောင် နယ်တွေကိုမသွားရဲဘူး။ အခြေအနေကိုကြည့်ပြီး သွားနေရတယ်။ အခုလို COVID-19 ကာလမှာ လူထုဟောပြောခြင်း မလုပ်ရတဲ့အပြင် ဗီနိုင်းကပ်တာ၊ လက်ကမ်းစာစောင်မျှဝေတာ မလုပ်ရဘူးဆိုတော့ ကျနော်တို့ မဲဆန္ဒပြည်သူတွေဆုံးရှုံးတယ်” ဟု သူကပြောဆိုသည်။

ရမ်းဗြဲမြို့နယ် NLD ပါတီ ကိုယ်စားလှယ်လောင်းများအနေဖြင့် မြို့ပေါ်အတွင်းသာ ဗီနိုင်းထောင်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများသာ လုပ်ဆောင်နေရပြီး ကျေးရွာများဘက်သို့ မသွားနိုင်ကြောင်း ရမ်းဗြဲမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီကပြောသည်။

“ကျနော်တို့မြို့နယ်မှာ NLD ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ နယ်တွေကို မဲဆွယ်စည်းရုံးရေး မဆင်းရဲဘူး။ မြို့ပေါ်မှာပဲ လက်ကမ်းစာစောင်ဖြန့်ဝေတာပဲ လုပ်နေရတယ်။ ဒီမှာ ခြိမ်းခြောက်မှုမရှိဘူးဆိုပေမဲ့ လုံခြုံရေးကိုလည်း စိုးရိမ်လို့ မဆင်းတာဖြစ်တယ်” ဟု ၎င်းကပြောဆိုသည်။

ဖမ်းဆီးခံထားရသော တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့မှ စစ်ဆေးမေးမြန်းမှုပြီးစီးလျှင် အမြန်ပြန်လွှတ်ပေးစေလိုကြောင်း သံတွဲမြို့နယ် NLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က DMG သို့ ပြောသည်။

“သူတို့သိချင်တာကို မြန်မြန်စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးစေချင်တယ်၊ ဒီဘက်မှာကတော့ ပြဿနာမရှိပါဘူး၊ အေးဆဲပဲဖြစ်တယ်။ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရတာတွေလည်း မရှိဘူး” ဟု သူကပြောသည်။

အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၁ဝ နာရီခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမင်းအောင် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ဒေါ်နီနီမေမြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)နှင့် ဒေါ်ချစ်ချစ်ချော (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း)တို့ကို မြို့နယ်အတွင်းရှိ ဖောင်းခါးကျေးရွာတွင် မဲဆွယ်စည်းရေး ပြုလုပ်နေစဉ် လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

သို့သော် ယနေ့အထိ မည်သည့်အဖွဲ့က ဖမ်းခေါ်သွားသည်ကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်သုံးဦးဖမ်းဆီးခေါ်ဆောင်ခံရမှှုနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် အမှုဖွင့်ထားကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...