ရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်များမွှေနှောက်ခံရ

ရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်များမွှေနှောက်ခံရ

Hom Hurng — သျှမ်းပြည်မြောက်ပိုင်းတွင် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့သော ကျောက်မဲမြို့နယ်အတွင်းရှိ နမ့်မဟင်ရွာတွင် ရွာသားများဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေစဉ်  နေအိမ်များ မွှေနှောက် ခံရကြောင်းစုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၁၄ ရက်က စစ်ရှောင်ရွာသားများ နေအိမ်ခဏတဖြုတ်ပြန်သွားကြည့်ရာ  ရွာလုံးကျွတ်နေအိမ်များ ထိုသို့ မွှေနှောက်ခံထားရသည်ကိုတွေ့ရကြောင်း စစ်ရှောင်ရွာသူတဉီးကပြန်လည်ပြောပြသည်။

“တိုက်ပွဲငြိမ်နေလို့ကျမတို့ တအိမ်တယောက် ၂ ယောက် လူစုပြီး အိမ်ပြန်သွားကြည့်တယ်။ ဗမာစစ်သားတွေရွာထဲမှာရှိနေတုန်းဘဲ။ ကျမတို့ကျွဲနွား၀က်တွေကိုသူတို့သတ်စားကြတာ ရွာအ၀င်ကတည်းက အရိုးတွေ အသေတွေအကြွင်းအကျန်တွေ တွေ့ရတယ်။ အိမ်ရောက်တော့ မွှေနှောက်ခံထားရတယ်ကျမတို့အိမ်တွေ။ အိမ်တိုင်းနီးပါးဘဲ။ ကျမတို့အကြာကြီးမနေရဲကြဘူး ဘုန်းကြီးကျောင်းကိုအမြန်ပြန်လာကြတယ်”– ဟု စစ်ရှောင်ရွာသူက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အစိုးရတပ်မတော်နှင့် RCSS/SSA တို့အကြားတိုက်ပွဲမှာ လက်ရှိငြိမ်နေသော်လည်း ကျေးရွာအတွင်း အစိုးရစစ်ကြောင်းက လှုပ်ရှားစခန်းချနေထိုင်နေဆဲဖြစ်သဖြင့် တောင်ထိပ်ရွာဘုန်းကြီးကျောင်းနှင့် နမ့်မဟင်ရွာဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်ရွာသားများက နေရပ်မပြန်ရဲကြသေးကြောင်း ရွာသားများကဆိုသည်။

တာလုံရေကာတာတည်ဆောက်ရေးစီမံကိန်းရှိရာ တာလုံရွာအသွားလမ်းတွင်ရှိ စစ်ဒဏ်သင့် နမ့်မဟင်ရွာသည်  အိမ်ထောင်စု ၃၅ စု ၊ လူဉီးရေ ၁၅၀ ကျော်ရှိပါသည်။လက်ရှိတွင် ရွာလုံးကျွတ် ဘုန်းကြီးကျောင်းတွင်စစ်ရှောင်ခိုလှုံနေကြရကြောင်း စစ်ဘေးရှောင်များအား အစားအသောက်အသုံးအဆောင်သွားရောက် ကူညီထောက်ပံ့သော ကျောက်မဲမြို့ခံ အလှူရှင်လူငယ်အဖွဲ့က သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုလူငယ်အဖွဲ့မှ အဖွဲ့၀င်လူငယ် တဉီးက-  “တိုက်ပွဲမရှိတော့လို့ရွာပြန်နေကြဖို့ စစ်တပ်က ရွာသား တွေကို ခေါ်တာ။ အဲတာရွာသားတွေက ရွာပြန်အခြေအနေကြည့်တော့ ကျနော်တို့ပါလိုက်သွား တယ်။ အိမ်တိုင်းလိုလို ပစ္စည်းတွေ အစားအသောက်တွေကိုမွှေနှောက်ထားတာ  ။   ရွာထဲမှာ အရပ်၀တ်တွေနဲ့ ရော ယူနီဖောင်း၀တ်တွေနဲ့ရော ဗမာစစ်သားတွေရှိနေတယ်။ ရွာလမ်းတချို့ထဲဆို သူတို့ပေးမ၀င်ဘူး ရွာသားတွေကို။ မိုင်းဗုံးတွေ ထောင်ထားတယ်။ အဲ့ကြောင့်ရွာသားတွေရော ကျနော်တို့ပါအမြန်ပြန်ထွက် လာတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တိုက်ပွဲများဖြစ်ပွါးသည့်အဆိုပါ နမ့်မဟင်ရွာ၊ ခန်ခိုင်းရွာ၊ လုံဝိုင်၊ နားဖင့်၊ နားအော်၊ နားချမ် ရွာများအတွင်း အစိုးရတပ်မတော် တပ်မ ၂၂၊ ၇၇၊ ၈၈ လက်အောက်ခံတပ်များအပြင် ခမရ ၅၀၁ တပ် စုစုပေါင်း ၁၀ တပ်ရင်းထက်မနည်း လှုပ်ရှားနေကြောင်း စစ်ရှောင်ရွာသား ပြောပြချက်အရသိရသည်။

အစိုးရတပ်မတော်သည် အောက်တိုဘာလကုန်အထိ အပစ်ရပ်ကြောင်းကြေညာပြီးနောက်တရက် အဆိုပါဒေသတွင်လှုပ်ရှားနေသော RCSS/SSA တပ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်မှုများကြောင့် ကိုဗစ်ကူးစက်မှုမြင့်မားနေချိန် စစ်ဘေးရှောင်ရွာသား ၃၅၀၀ ကျော်အထိရှိလာပြီး ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်း ၇ ကျောင်းတွင် စစ်ရှောင်ခိုလှုံနေခဲ့ရသည်။

၀ါကျွတ်ချိန် ရိုးရာအရ လှူချိန်ဒါန်းချိန်ဖြစ်နေသော်လည်း ရွာသားများမှာ သီးနှံမဆွတ်ရသေးဘဲ စစ်ဘေးတိမ်းရှောင်နေရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...