ကိုဗစ်နှင့် တိုက်ပွဲများကြောင့် ရွေးကောက်ပွဲအခြေအနေအား ပြန်လည်သုံးသပ်ရန် သမ္မတထံတောင်းဆို

ကိုဗစ်နှင့် တိုက်ပွဲများကြောင့် ရွေးကောက်ပွဲအခြေအနေအား ပြန်လည်သုံးသပ်ရန် သမ္မတထံတောင်းဆို

ခင်သရဖီဦး — ကိုဗစ်ရောဂါပိုးကူးစက်ပြန်ပွားမှုနှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် အခြေအနေတွင် သန့်ရှင်း လွတ်လပ်မျှတသော ရွေးကောက်ပွဲများဖြစ်စေရေးအတွက် အခြေအနေများကို ပြန်လည်သုံးသပ်ပေးရန် မြန်မာနိုင်ငံရှိအနယ်နယ်အရပ်ရပ်မှ အရပ်ဖက်အဖွဲ့အစည်းပေါင်း ငါးရာကျော်က နိုင်ငံတော်သမ္မတထံ တောင်းဆိုလိုက်ကြောင်း သိရသည်။

အရပ်ဖက်အဖွဲ့အစည်း(၅၇၅)ဖွဲ့မှ အောက်တိုဘာ ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသော သမ္မတထံ အိတ်ဖွင့်ပေးစာတွင် ယင်းသို့တောင်းဆိုထားခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ သန်ရှင်း၊ လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရတွင် အဓိကတာဝန်ရှိကြောင်းလည်း ၎င်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ကိုဗစ်အပါအဝင် လက်နက်ကိုင်ပဋိပက္ခများရှိနေသည့်နေရာတွင် ပြည်သူလူထုအနေဖြင့် လွတ်လွတ် လပ်လပ်ဖြင့် ဆန္ဒမဲပေးခွင့်အပေါ် စိုးရိမ်ကြသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း အရပ်ဖက်အဖွဲ့အစည်းများကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်သူဝင်းကပြောသည်။

“ပဋိပက္ခတွေရှိနေတဲ့ တချို့နေရာတွေမှာ လွတ်လွတ်လပ်လပ်နဲ့ တကယ်သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ဖို့အတွက် အကန့်အသတ်တွေများရှိမလားဆိုပြီးတော့ စဉ်းစားကြတယ်လေ၊ တကယ်လို့ သူတို့မှာ နိုင်ငံသားအခွင့် အရေးတွေ ဆုံးရှုံးသွားမှာကိုလည်း ကျနော်တို့စိုးရိမ်တယ်လေ၊ ဒါက ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံသားတိုင်းရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တယ်လေ” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲကျင်းပရန် အချိန်အနည်းငယ်သာလိုတော့သည့်အချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်သည့် ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့်လူမှုစီးပွားစီမံခန့်ခွဲရေးအာမခံချက်မရှိသေးဟု သုံးသပ်ရမည်ဖြစ်ပြီး အခြေခံလူတန်းစားများ၏ အထွေထွေစားဝတ်နေရေး ကျပ်တည်းခက်ခဲမှုသည်နက်ရှိုင်းကျယ်ပြန့်လာပြီး ကုစားရန်ခက်ခဲသည့် စိုးရိမ်ဖွယ်ရာလူမှုပဋိပက္ခပုံစံအခြေအနေအသစ်များသို့ ဦးတည်နေသည်ဟုလည်းရူမြင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုအတူ ရခိုင်နှင့် ချင်းပြည်နယ်ဒေသများတွင် စစ်ရေးအမြင်ကိုဦးစားပေးသည့် အင်တာနက်ဖြတ်တောက်မှုကို ကိုဗစ်ရောဂါကာလအတွင်း သက်တမ်းတိုးပြီး လေကြောင်းစစ်ဆင်ရေးအပါအဝင် အရပ်သားထိခိုက်မှု မြင့်မားသည့် စစ်ဆင်ရေးများ တိုးမြှင့်ဆောင်ရွက်နေသည့်အတွက် ကလေးသူငယ်၊ အမျိုးသမီးသက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများ ရာပေါင်းများစွာ သေကြေဒဏ်ရာရကြပြီး နေရပ်စွန့်ခွာတိမ်းရှောင်ရသူ နှစ်သိန်းငါးထောင်ကျော်ရှိနေသည့် အခြေအနေအတွက် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

ယင့်ကြောင့် နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံရေးပါတီများ အရပ်ဘက်အဖွဲ့အစည်းများနှင့်အရေးပေါ်အစည်း အဝေးတစ်ရပ် အမြန်ဆုံးကျင်းပပြီး ပြန်လည်သုံးသပ်ဆွေးနွေးရန်လည်းထုတ်ပြန်ချက်အတွင်းတိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ပြည်သူများ၏ ရောဂါ ကပ်ဘေး၊စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးသည့် ကမ်ဘေးများနှင့် လပေါင်းများစွာခိုးကိုရားမဲ့ ခေါင်းငုံ့ခံစားနေရသည့်အခြေအနေကို နိုင်ငံတော်အစိုးရက အလေးအနက်အမြန်ဆုံးဖြေရှင်းပေးရန် တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းမှာ သိသာစွာလျော့ကျလာခြင်း မရှိသေးသည့်အပြင် သေဆုံးသူ ဦးရေ တိုးမြင့်လာခြင်းတို့ကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီအချို့က တိုက်တွန်းထားသော်လည်း ရွေးကောက်ပွဲကိုရွှေ့ဆိုင်းရန် အကြောင်းမရှိကြောင်းနှင့် သတ်မှတ်ထားသည့် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...